KNLA ပူးပေါင်းတပ်ကို KTLA က ကြားဖြတ်တိုက်ခိုက်သဖြင့် ဗထူးတပ်ဖွဲ့ ရဲဘော် ၆ ဦးကျဆုံးကာ ၃ ဦးဒဏ်ရာရ

ဓာတ်ပုံ - KNU/ လူမှုကွန်ရက်
သတ်ဖြတ်ခံထားရသည့် ဗထူးတပ်ဖွဲ့ဝင်များနှင့် သတ်ဖြတ်မှုကျူးလွန်သည့် ဗိုလ်စောအယ်ခွီးအဖွဲ့

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်တွင် နောက်တန်းစခန်းသို့ ပြန်လာသည့် KNLA ပူးပေါင်းတပ်ကို KTLA တပ်ဖွဲ့ဝင်များက ခြုံခိုတိုက်ခိုက်ခဲ့သဖြင့် ဗထူးတပ်ဖွဲ့ဝင် ၆ ဦး သေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း KNU မြိတ်-ထားဝယ်ခရိုင်က ထုတ်ပြန်သည်။

ထိုင်း-မြန်မာနယ်စပ် မောင်တောင်မြို့ ရှေ့တန်းစခန်းမှ ပြန်လာသည့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) မဟာမိတ်ပူးပေါင်းတပ်တို့ စီးနင်းလာသည့် ကားကို မနေ့က မတ်လ ၁၄ ရက်၊ ညနေ ၃ နာရီခန့်တွင် သရက်ချောင်းမြို့နယ်၊ သမီးပေါ်သော (ဟင်းကပိ) ကျေးရွာနှင့် ကနဲဃော (ပျားသားချောင်း) ကျေးရွာအကြား၌ KTLA တပ်ဖွဲ့က ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

“ရဲဘော်အဖွဲ့တွေ ကားနဲ့အပြန် ကောလားဖိုးအဖွဲ့တွေက စောင့်ပစ်တာ။ အပြန်အလှန်ပစ်ခတ်မှု ဘယ်လိုလုပ်နိုင်မလဲ၊ သတိမထားမိဘူး။ တောထဲကနေ စောင့်ပစ်တာ ပြန်ပစ်ဖို့ အချိန်မရလိုက်ဘူး။ ၁၅ မိနစ်လောက် ပစ်ခံရတာ” ဟု KNU တပ်မဟာ (၄)၊ မြိတ်-ထားဝယ်ခရိုင် အတွင်းရေးမှူး ပဒိုစောအယ်နားက MPA ကို ပြောသည်။

ခြုံခိုတိုက်ခိုက်ခံရမှုအတွင်း ဗထူးတပ်ဖွဲ့ဝင် ၄ ဦး သေဆုံးခဲ့ကာ ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နှစ်ဦး ပျောက်ဆုံးသွားခဲ့သည်။

ထို့နောက် KNLA ပူးပေါင်းတပ်ဘက်က ပစ်ခတ်ခံရသည့် နေရာအနီးတစ်ဝိုက်ကို နယ်မြေရှင်းလင်းရေး ပြန်လည်လုပ်ဆောင်ချိန်တွင် သတ်ဖြတ်ခံထားရသော ဒဏ်ရာများဖြင့် ပျောက်ဆုံးနေသော ရဲဘော်နှစ်ဦး၏ ရုပ်အလောင်းကို ပြန်လည်တွေ့ရှိခဲ့သည်ဟု ပဒိုစောအယ်နားက ဆိုသည်။

ထိခိုက်သေဆုံးမှုနှင့် ပတ်သက်ပြီး တုံ့ပြန်ချက်တစ်စုံတစ်ရာ ရရှိရန် ဗထူးတပ်မတော် (Ba Htoo Army – BHA) ကို ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဖြေကြားပေးခြင်း မရှိသေးပေ။

“ကျသွားတာက ကျွန်တော်တို့ မိတ်ဖက်အဖွဲ့အစည်းဖြစ်တဲ့ ဗထူးရဲ့ ရဲဘော်တွေ ဖြစ်တယ်။ KNLA ရဲဘော်တွေ မပါဘူး။ ပြန်တွေ့တဲ့ ရဲဘော်နှစ်ဦးကလည်း အရှင်ဖမ်းပြီး ပစ်သတ်ခံလိုက်ရတာ” ဟု ပဒိုစောအယ်နားက ပြောသည်။

ထို့အပြင် KNLA ပူးပေါင်းတပ်၏ လက်နက် ၉ လက်ကို KTLA က သိမ်းဆည်းသွားသည့်အပြင် ကားတစ်စီးလည်း ပျက်စီးခဲ့သည်။

အဆိုပါတိုက်ခိုက်မှုကို ဗိုလ်စောအယ်ခွီး (ခေါ်) ကောလားဖိုး ဦးဆောင်သည့် ကော်သူးလေအာမီ (KTLA) က ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်ဟု KNU က ထုတ်ပြန်ထားပြီး KTLA ကို မေးမြန်းခဲ့သော်လည်း ဖြေကြားပေးခြင်း မရှိသေးပေ။

ဗိုလ်စောအယ်ခွီး (ခေါ်) ကောလားဖိုးသည် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တွင် ဗိုလ်လေးအဆင့်အထိ တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၀၅ ခုနှစ်တွင် စစ်အစိုးရထံ လက်နက်ချအလင်းဝင်ခဲ့ပြီးနောက် ထိုင်းနိုင်ငံတွင် အခြေချနေထိုင်ခဲ့သည်။

၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက် စစ်အာဏာရှင်ကို တိုက်ခိုက်ရန်ဟုဆိုကာ မြန်မာနိုင်ငံသို့ ပြန်လာပြီး လက်နက်ကိုင်ခဲ့ခြင်း ဖြစ်သည်။

ယင်းနောက် ကော်သူးလေအာမီ (KTLA) နှင့် ပူးပေါင်းပြီး KNU တပ်မဟာ (၄) နယ်မြေတွင် အခြေချလှုပ်ရှားခဲ့သည်။

“ဒီပြဿနာ မဖြေရှင်းသရွှေ့ ကြီးထွားလာဦးမှာပဲ။ နှောင့်ယှက်နေဦးမှာပဲ။ အခု KNU တစ်ခုတည်း မဟုတ်တော့ဘူး။ တခြားတော်လှန်ရေးအဖွဲ့တွေကို တိုက်ခိုက်နေပြီး မိုက်ရိုင်းတဲ့ လုပ်ရပ်ဖြစ်နေပြီ။ ကောင်းကောင်းမွန်မွန် ဖြေရှင်းလို့မရရင် လက်နက်နဲ့ ဖြေရှင်းရမှာပဲ” ဟု ထားဝယ်ခရိုင်အခြေစိုက် တော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။

ပြီးခဲ့သည့် မတ်လ ၁၃ ရက်နေ့တွင် ထိုင်း-မြန်မာနယ်စပ်ရှိ KNLA ၏ ဘောဓိနယ်စပ်ဂိတ်ကို KTLA တပ်က ဝင်ရောက်တိုက်ခိုက်ပြီး စခန်းကို မီးရှို့ဖျက်ဆီးခဲ့သည်။

ထို့အပြင် မတ်လ ၃ ရက်နှင့် ၇ ရက်တို့တွင်လည်း တပ်မဟာ (၄) နယ်မြေအတွင်း KTLA ၏ ခြုံခိုတိုက်ခိုက်မှုကြောင့် KNLA ရဲဘော် ၅ ဦး ဒဏ်ရာရရှိခဲ့ပြီး KNU အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးနှင့် KNLA ရဲဘော်တစ်ဦးတို့ကို ဖမ်းဆီးသတ်ဖြတ်ခဲ့သည်ဟု KNU က ထုတ်ပြန်ထားသည်။

KNU တပ်မဟာ (၄) နှင့် (၆) နယ်မြေတွင် လှုပ်ရှားနေသည့် ကော်သူးလေအာမီ (KTLA) ကို KNDO ၏ စစ်ဦးစီးချုပ်ရာထူးမှ ထုတ်ပယ်ခံထားရသည့် ဗိုလ်မှူးချုပ် စောနယ်ဒါးဘိုမြက ၂၀၂၂ ခုနှစ်၊ ဇွန်လတွင် ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။

စာတည်း-ကိုဆန်း