မော်လမြိုင် မှောင်ခိုဈေးကွက်တွင်ပင် စက်သုံးဆီ ရှားပါးလာ

ဓာတ်ပုံ-ဝရဇိန် သတင်းအေဂျင်စီ
ပုံစာ-မတ်၁၄ရက် နံနက်ပိုင်းတွင် ပေါင်မြို့နယ်၊အုတ္တံတားရွာရှိ ဇွဲမာန်အောင်ဆီဆိုင်ရှေ့တွင် တန်းစီနေကြစဉ်

မွန်ပြည်နယ်၊ မော်လမြိုင်မြို့ မှောင်ခိုဈေးကွက်တွင်ပင် စက်သုံးဆီ ရှားပါးလာကြောင်း သိရသည်။

မော်လမြိုင်မြို့ပေါ်ရှိ စက်သုံးဆီဆိုင်များတွင် စုံ၊မစနစ်ဖြင့် ရောင်းချနေသော်လည်း ပိတ်ချင်သည့်အ ချိန် ပိတ်နေသဖြင့် ဆီတန်းစီသူများ အခက်တွေ့ကြသလို မှောင်ခိုဈေးကွက်တွင်လည်း ဖောက် သည်အရင်းများကိုသာ လက်တို့ရောင်းသည့်အခြေအနေသို့ ရောက်ရှိနေကြောင်း မော်လမြိုင်မြို့ခံ အချို့ထံက သိရသည်။

“အရင်က တန်းစီရင် နာရီဝက်၊၄၅မိနစ်လောက်ကြာတယ်။ အခုတစ်နာရီလောက်ကြာမှ ကိုယ့်အ လှည့်ရောက်တော့တယ်။ကိုယ့်အလှည့်ရောက်ခါနီးကျမှ ဆိုင်ပိတ်တာမျိုးလည်းရှိနေတော့ ပြည်သူ တွေက ဘုရားတပြီး တန်းစီနေရတယ်။အပြင်ဈေးကွက်မှာလည်း ဝယ်ရတာ ခက်နေပြီ။ပိုက်ဆံတတ် နိုင်လည်း လိုသလောက်မရတော့ဘူး။မျက်နှာနာတဲ့သူတွေလောက်ပဲ နည်းနည်းရောင်းပေး တော့တာ”ဟု မော်လမြိုင်မြို့ခံ လူမှုကူညီရေးသမားတစ်ဦးက MPAသို့ပြောသည်။

ယနေ့(မတ်၁၇ရက်) မော်လမြိုင်မြို့၏ ဓာတ်ဆီ(92)တစ်လီတာ ရည်ညွှန်းဈေးမှာ ၃၃၃၀ကျပ် ဖြစ်ပြီး ပြင်ပမှောင်ခိုဈေးမှာ ကျပ်၈၀၀၀ ကျော်ရှိကြောင်း သိရသည်။

“ပြောရရင် ဆီဈေးက ဆက်တက်မယ်ဆိုတာ သိနေတော့ ဆီဆိုင်တွေကလည်း မှောင်ခိုဈေးကွက်ထဲ သိပ်မသွင်းကြတာလည်းပါတယ်။ သွင်းစရာ ဆီသိပ်မရှိတော့တာလည်း ပါတယ်။အဲဒါကြောင့် မှောင် ခိုတောင် ပြာနေကြတာ”ဟု မော်လမြိုင်မြို့၊မုပွန်ရပ်နေ အမျိုးသားတစ်ဦးက ပြောသည်။

မော်လမြိုင်မြို့တင်မက ချောင်းဆုံ၊ပေါင်၊သထုံ၊ကျိုက်မရောနှင့်မုဒုံတို့တွင်လည်း စက်သုံးဆီ ရှားပါးမှု ပြဿနာနှင့် ရင်ဆိုင်နေကြရပြီး တရားမဝင် မွန်ပြည်နယ်အစိုးရမှာ မည်သို့မျှ စီမံခန့်ခွဲပေးမှုမရှိ ကြောင်း မော်လမြိုင်မြို့ခံ လူမှုကူညီရေးသမားက ဆိုသည်။

“တကယ်ဆို ဆီဆိုင်တွေ ဆီပေးမယ့်အချိန် အတိအကျကြေညာသင့်တယ်။ဒါမှမဟုတ်ရင်လည်း ဒီနေ့ ဆိုင်ကယ်ဘယ်နှစ်စီး၊ကားဘယ်နှစ်စီးပေးမယ်ပေါ့။အဲဒီအရေအတွက်ထက်ကျော်ပြီး တန်းစီရင် တစ် ခါတည်းမရတော့ဘူးလို့ ပြောလိုက်ရင် ပြည်သူတွေ အလကား မပင်ပန်းတော့ဘူး။ပြဿနာက အောင်ကြည်သိန်း(မွန်ပြည်နယ်ဝန်ကြီးချုပ်)က ကျနော်အခုပြောသလောက်ကို ဉာဏ်ရည်မရှိတာ။သူ သိတာက လောင်းကစားဝိုင်းဖွင့်ပြီး လိုင်းကြေးယူဖို့ပဲ”ဟု ၎င်းက ဆက်လက်ပြောသည်။

မွန်ပြည်နယ်အတွင်း လိုင်စင်မဲ့ဆိုင်ကယ်လည်း များပြီး လိုင်စင်မဲ့များကို ဆီမပေးသလို မှောင်ခိုဈေး ကွက်၌လည်း ဝယ်ရခက်သဖြင့် ဒုက္ခရောက်ကြရကြောင်း သိရသည်။

မြန်မာနိုင်ငံတစ်ဝန်း စစ်ကော်မရှင် သတ်မှတ်သော စက်သုံးဆီ ရည်ညွှန်းဈေးမှာ မြစ်ကြီးနားသည် အများဆုံးဖြစ်ပြီး ဒုတိယအများဆုံးမှာ မော်လမြိုင်ဖြစ်သည်။