ယူကရိန်းစစ်ပွဲအတွင်း မြောက်ကိုရီးယားစစ်သားများ ဖမ်းဆီးခံရသည့် ကောလာဟလများကြောင့် စစ်မှုထမ်းရန် နီးကပ်နေသည့် လူငယ်များ စိုးရိမ်နေ‌

ဓာတ်ပုံ - Daily NK
ပုံစာ - မြောက်ကိုရီးယား စစ်သားများကို မြောက်ဖြုန်းဂန်ပြည်နယ်၊ ဆင်နူအီဂျူးမြို့တွင် တွေ့ရစဉ်။

ယူကရိန်းစစ်မြေပြင်တွင် မြောက်ကိုရီးယားစစ်သားအချို့ ဖမ်းဆီးခံရသည့် သတင်းများ တရုတ်နယ်စပ်တစ်လျှောက် ပျံ့နှံ့လျက်ရှိရာ အဆိုပါကောလာဟလများကို စုံစမ်းဖော်ထုတ်၍ နှိမ်နင်းရန် မြောက်ကိုရီးယားအာဏာပိုင်များက နိုင်ငံတော်လုံခြုံရေးအေးဂျင့်များကို အမိန့်ပေးထားကြောင်း Daily NK သတင်းဌာနက မတ်လ ၁၆ ရက်တွင် ဖော်ပြခဲ့သည်။

အဆိုပါ ကောလာဟလများကြောင့် စစ်မှုထမ်းရန် နီးကပ်နေသည့် လူငယ်များနှင့် ၎င်းတို့၏ မိသားစုများမှာ အထူးစိုးရိမ်မကင်း ဖြစ်နေကြသည်။

“ရုရှားမှာ သွားရောက်တာဝန်ထမ်းဆောင်ရင်း သေဆုံးခဲ့တဲ့ စစ်သားတွေလည်း ရှိနေတာကြောင့် စစ်ထဲဝင်ရတော့မယ့် လူငယ်တွေနဲ့ မိဘတွေဟာ အရမ်းကို စိုးရိမ်ပူပန်နေကြတယ်” ဟု သတင်းရင်းမြစ်က ဆိုသည်။

ရုရှားနိုင်ငံသို့ စစ်ကူစေလွှတ်သည့်ကိစ္စနှင့် ပတ်သက်၍ ပြည်သူများအကြား စိုးရိမ်မှုများ မြင့်တက်နေချိန်တွင် ယခုကဲ့သို့ သတင်းများ ထွက်ပေါ်လာခြင်းဖြစ်သည်။

နယ်စပ်ဒေသများတွင် မြောက်ကိုရီးယား စစ်သုံ့ပန်းများအကြောင်း သတင်းများ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေသော်လည်း မြောက်ကိုရီးယားအစိုးရဘက်ကမူ စစ်သားများ ဖမ်းဆီးခံရခြင်းနှင့် ပတ်သက်၍ တစ်စုံတစ်ရာ တရားဝင် ထုတ်ဖော်ပြောကြားခြင်း မရှိသေးပေ။
ယူကရိန်းတွင် ဖမ်းဆီးခံထားရသည့် မြောက်ကိုရီးယားစစ်သားများနှင့် YouTube အင်တာဗျူး ဗီဒီယိုတစ်ခု အွန်လိုင်းတွင် ပျံ့နှံ့ခဲ့သည်။

မြောက်ကိုရီးယားပြည်တွင်းရှိ လူအများစုမှာ အဆိုပါအင်တာဗျူး၏ အသေးစိတ်အချက်အလက်များကို မသိရှိကြသော်လည်း စစ်သုံ့ပန်းများ ရှိနေပြီဖြစ်ကြောင်း သတင်းမှာမူ ပထမဆုံးအကြိမ်အဖြစ် လူအများအပြားထံသို့ ရောက်ရှိသွားခဲ့သည်။

“စစ်သုံ့ပန်းတွေရှိနေပြီဆိုတဲ့ သတင်းကြောင့် လူတွေဟာ တုန်လှုပ်ခြောက်ခြားနေကြပြီး အဖမ်းခံထားရတဲ့ စစ်သားတွေရဲ့ အခြေအနေအတွက် စိုးရိမ်နေကြတယ်” ဟု သတင်းရင်းမြစ်က ဆိုသည်။ ထို့ပြင် အဆိုပါစစ်သားများ၏ မိသားစုများ စိတ်ဆင်းရဲ နေ‌ကြမည်ဟုလည်း ပြောဆိုနေကြ သည်။

မြောက်ကိုရီးယားတွင် စစ်သုံ့ပန်းအဖြစ်မှ နေရပ်ပြန်လာသူများသည် ပြင်းထန်သော အပြစ်ပေးမှုများနှင့် ရင်ဆိုင်ရလေ့ရှိသောကြောင့် အဖမ်းခံရသူများ၏ အနာဂတ်အပေါ် ပြည်သူများက စိတ်ပျက်အားလျော့နေကြသည်။

“သူတို့အတွက် မိခင်နိုင်ငံကို ပြန်လာတာက အဆိုးဆုံးရလဒ် ဖြစ်သွားနိုင်တယ်၊ ယူကရိန်းမှာပဲ တစ်သက်လုံး နေထိုင်သွားတာကမှ ပိုကောင်းဦးမယ်” ဟု ပြည်သူအချို့က မှတ်ချက်ပေးပြောဆိုနေကြသည်။

အချို့သော မိဘများသည် ၎င်းတို့၏ သားသမီးများကို နိုင်ငံခြားသို့ စေလွှတ်ခံရနိုင်ခြေများသည့် အင်ဂျင်နီယာတပ်ရင်းများနှင့် အခြားတပ်ဖွဲ့များသို့ မရောက်ရှိစေရန် ကြိုတင်ကာကွယ်မှုများ ပြုလုပ်နေကြသည်။ နိုင်ငံတော်လုံခြုံရေးဝန်ကြီးဌာနက စစ်သုံ့ပန်းဆိုင်ရာ ကောလာဟလများကို စောင့်ကြည့်ရမည့် အပြုအမူများစာရင်းတွင် ထည့်သွင်းထားပြီး အဆိုပါသတင်းများ မည်သည့်နေရာမှ စတင်ပျံ့နှံ့လာသည်ကို စုံစမ်းဖော်ထုတ်ရန် အေးဂျင့်များကို ညွှန်ကြားထား သော်လည်း အာဏာပိုင်များ၏ တင်းကျပ်သော နှိမ်နင်းမှုများသည် ရလဒ်ကောင်းမထွက်ဘဲ လူအများ၏ စိတ်ဝင်စားမှုကို ပိုမိုမြင့်တက်စေသကဲ့သို့ ဖြစ်နေသည်။

“အခြေအနေကို သိရှိသူတွေကတော့ လူစုလူဝေးတွေမှာ ဒီအကြောင်းကို မပြောဘဲ ရှောင်နေကြပေမဲ့ အစိုးရက လိုက်လံစုံစမ်းနေတာကို မြင်တဲ့အခါ လူတွေက ပိုပြီးတော့ သိချင်လာကြတယ်” ဟု သတင်းရင်းမြစ်က ဆိုသည်။

လက်ရှိတွင် သတင်းအချက်အလက် ရရှိနိုင်သော လူအ များစုမှာ မြောက်ကိုရီးယား စစ်သုံ့ပန်းများရှိနေသည့် သတင်းကို သိရှိသွားကြပြီဖြစ်ကြောင်း သိရသည်။