အီရန်နိုင်ငံအတွင်း ဆန္ဒပြပြည်သူများကို အကြမ်းဖက်ဖိနှိပ်ရာတွင် အဓိကဦးဆောင်ခဲ့သည့် Basij လက်နက်ကိုင်တပ်ဖွဲ့၏ တပ်မှူး Gholamreza Soleimani ကို အစ္စရေးစစ်တပ် (IDF) က ပစ်မှတ်ထားတိုက်ခိုက်ကာ ရှင်းလင်းသုတ်သင်နိုင်ခဲ့ကြောင်း သိရသည်။
၎င်းသည် လွန်ခဲ့သည့် ၆ နှစ်တာကာလပတ်လုံး အဆိုပါတပ်ဖွဲ့ကို ဦးဆောင်ကွပ်ကဲခဲ့သူဖြစ်ပြီး မနေ့ကပြုလုပ်ခဲ့သော အစ္စရေး၏ စစ်ဆင်ရေးအတွင်း သေဆုံးသွားခဲ့ခြင်းဖြစ်သည်။
သုတ်သင်ခံလိုက်ရသူ Soleimani သည် အစ္စရေးစစ်ဘက်အဆင့် ဗိုလ်မှူးချုပ် (Brigadier General) နှင့် ညီမျှသည့် အဆင့်ရှိသူဖြစ်ပြီး ၎င်းဦးဆောင်သော Basij တပ်ဖွဲ့သည် အီရန်အစိုးရ၏ ပြည်သူလူထုအပေါ် ဖိနှိပ်ချုပ်ချယ်သည့် အဓိကယန္တရားအဖြစ် လုပ်ဆောင်ခဲ့သည်။
အထူးသဖြင့် အီရန်နိုင်ငံအတွင်း ဖြစ်ပွားခဲ့သော ဆန္ဒပြပွဲများကို နှိမ်နင်းရာတွင် အလွန်အမင်း အကြမ်းဖက်ခြင်း၊ အစုလိုက် အပြုံလိုက် ဖမ်းဆီးခြင်းနှင့် အရပ်သားများအပေါ် လက်နက်အားကိုး၍ အင်အားသုံးနှိမ်နင်းခြင်း စသည့် လူ့အခွင့်အရေးချိုးဖောက်မှုများတွင် ၎င်း၌ တိုက်ရိုက်တာဝန်ရှိကြောင်း အစ္စရေးစစ်ဘက်က ထုတ်ပြန်ထားသည်။
ယခုဖြစ်ရပ်သည် အစ္စရေးနှင့် အီရန်တို့အကြား တင်းမာမှုများ အထွတ်အထိပ်သို့ ရောက်ရှိနေချိန်တွင် ထွက်ပေါ်လာခြင်းဖြစ်ပြီး အီရန်စစ်ဘက်၏ ထိပ်ပိုင်းခေါင်းဆောင်တစ်ဦးကို ရှင်းလင်းလိုက်နိုင်ခြင်းကြောင့် ဒေသတွင်းစစ်ရေးအခြေအနေမှာ ပိုမိုပြင်းထန်လာဖွယ်ရှိနေသည်။
အစ္စရေးစစ်တပ်အနေဖြင့် ၎င်းတို့၏ လုံခြုံရေးကို ခြိမ်းခြောက်နေသည့် အီရန်အစိုးရ၏ စစ်ဘက်ဆိုင်ရာ ပစ်မှတ်များကို ဆက်လက်ခြေမှုန်းသွားမည့် အသွင်ရှိနေကြောင်းလည်း နိုင်ငံတကာသတင်းများက သုံးသပ်ဖော်ပြနေကြသည်။
