ရန်ကုန်တွင် အိမ်ပြောင်းရွှေ့ရန် ဌားရမ်းခံရသည့် အမျိုးသားများ ပျောက်ဆုံးနေ၊ စစ်မှုထမ်း လူဖမ်း ဂိုဏ်းထဲ အမျိုးသမီးများပါ လှုပ်ရှားလာဟုဆို

ဓာတ်ပုံ - MPA

ရန်ကုန်မြို့တွင် အိမ်ပြောင်းရွှေ့ရန်အတွက် ဌားရမ်းခေါ်ဆောင်ခြင်းခံရသည့် အမျိုးသားများ ပျောက်ဆုံးမှု တစ်ကျော့ပြန် ဖြစ်ပွားလာကြောင်း Rangoon Scout Network- RSN က သတင်းထုတ်ပြန် သည်။

မတ်လ ၁၆ ရက်၊ နံနက် ၉ နာရီခန့်တွင် ရန်ကုန်မြို့၊ တာမွေမြို့နယ်၊ တာမွေဈေးရှေ့ ဆိုက်ကားဂိတ် သို့ အမျိုးသမီး ၂ ဦး ရောက်လာပြီး အိမ်အပြောင်းအရွှေ့အတွက် ငှားရမ်းလိုသည်ဟုဆိုကာ ဆိုက် ကား နင်းသူ ၂ ဦးအား ငှားခေါ်သွားပြီးနောက် သတင်းမကြားရတော့ဘဲ အဆက်အသွယ်ပြတ်သွား ကြောင်း ပျောက်သွားသူ တစ်ဦးမှာ အသက် ၄၂ နှစ်အရွယ် ဦးဝင်းထိုက်ဆိုသူဖြစ်ကြောင်း Scout Yangon ထံက သိရသည်ဟု RSN က ထုတ်ပြန်သည်။

မတ်လ၁၆ရက်၊နံနက်၈နာရီကလည်း တောင်ဒဂုံမြို့နယ်တွင် အသက်၃၈နှစ်အရွယ် အမျိုးသားတစ်ဦး ကို အမျိုးသမီးများက အိမ်ပြောင်းရွှေ့ရန် ဌားခေါ်သွားပြီးနောက် အဆက်အသွယ်ပြတ်တောက်နေ ကြောင်းလည်း RSN က ထုတ်ပြန်ထားသည်။

“ကျနော်သိသလောက်ပြောရရင် အဲဒါတွေအားလုံးက စစ်မှုထမ်းအတွက် အလုပ်နဲ့မျှားပြီး ဖမ်းတာပဲ။ စစ်မှုထမ်းလူဖမ်းတဲ့ဈေးကွက်ထဲကို အမျိုးသမီးတွေပါ ဝင်လာတာ။အမျိုးသမီးတွေဆိုတော့ လူပိုယုံ ကြတာကိုး။တောင်ဥက္ကလာ၊နန္ဒဝန်ဈေးနားမှာ ကောင်မလေးတစ်ယောက်က အထာပေးလို့ဆိုပြီး ပါ သွားတဲ့ လူငယ်(ကျား)တစ်ယောက် စစ်မှုထမ်းထဲ ပါသွားပြီး ငွေနဲ့ပြန်ရွေးမှ ပြန်လွတ်လာတာ ဒီရက် ပိုင်းထဲပဲ ဖြစ်ခဲ့သေးတယ်”ဟု ရန်ကုန်မြို့ရဲသတင်းရင်းမြစ်က MPA သို့ ပြောသည်။

ဖေဖော်ဝါရီ၁၀ ရက်ကလည်း သင်္ဃန်းကျွန်းမြို့နယ်၊ ကြီးပွားရေးရပ်ကွက် မြောက်ပိုင်းထဲရှိ အမျိုးသား ၃ ဦးကို လူတစ်စုက ပစ္စည်းအရွှေ့အပြောင်းအတွက် ငှားရမ်းလိုသည်ဟုဆိုကာ ခေါ်သွားပြီး စစ်တပ်ထံ ရောင်းစားသည့်ဖြစ်စဉ်ရှိခဲ့ကြောင်းနှင့် ၂၀၂၅ ခုနှစ်တွင်း အလုပ်ဖြင့်မျှားခေါ်ပြီး စစ်တပ်ထံ ရောင်းစားခံရသူ ၁၆ ဦးရှိခဲ့ကြောင်း RSN က ဆိုသည်။