စစ်ကော်မရှင်က ရုရှားထုတ် ဒရုန်းများနှင့် စစ်လက်နက်ပစ္စည်းများကို အများအပြားဝယ်ယူထားပြီး ၎င်းတို့ လက်လွှတ်ခဲ့ရသည့် နယ်မြေများ ပြန်လည်ရယူရန်အတွက် ထိုးစစ်ဆင်အရှိန်မြှင့်ရန် ပြင်ဆင်နေကြောင်း နေပြည်တော် တပ်တွင်းသတင်းရင်းမြစ်ထံမှ စုံစမ်းသိရှိရသည်။
“အခုနောက်ပိုင်း စစ်ရုံးချုပ်မှာကတော့ လက်လွှတ်ခဲ့ရတဲ့ နယ်မြေတွေကို ပြန်သိမ်းဖို့အတွက် ထိုးစစ်ဆင်မယ့်အစီအစဉ်တွေကို နေ့တိုင်းလိုလို အစည်းအဝေးလုပ်ပြီး အသည်းအသန် ပြင်ဆင်နေကြတယ်။ အဓိကကတော့ ရုရှားဆီကနေ အသစ်ဝယ်ထားတဲ့ တိုက်ခိုက်ရေးဒရုန်းတွေ၊ အသေခံဒရုန်း (Kamikaze) တွေနဲ့ ထောက်လှမ်းရေးဒရုန်း (UAV) တွေကို အများကြီး အင်အားဖြည့်တင်းထားပြီး အဲဒီနည်းပညာတွေကို အားကိုးပြီး ထိုးစစ်အရှိန်မြှင့်ဖို့ လုပ်နေတာပါ” ဟု နေပြည်တော် တပ်တွင်းသတင်းရင်းမြစ်က ပြောသည်။
အဆိုပါ စစ်လက်နက်ပစ္စည်းများတွင် အဝေးထိန်းစနစ်ဖြင့် တိုက်ခိုက်နိုင်သည့် ဒရုန်းနည်းပညာများ ပါဝင်နေခြင်းက စစ်ကော်မရှင်အနေဖြင့် မြေပြင်တပ်ဖွဲ့ဝင်များ အကျအဆုံးသက်သာစေရန်နှင့် ဝေးလံသောဒေသရှိ တော်လှန်ရေးစခန်းများကို လေကြောင်းမှတစ်ဆင့် ပိုမိုထိရောက်စွာ ထိုးစစ်ဆင်နိုင်ရန် ရည်ရွယ်နေခြင်းဖြစ်သည်။
အထူးသဖြင့် ရုရှားနိုင်ငံနှင့် စစ်ရေးပူးပေါင်းဆောင်ရွက်မှု ပိုမိုခိုင်မာလာခြင်းသည် နိုင်ငံတကာပိတ်ဆို့မှုများကြားမှ ခေတ်မီလက်နက်များ ရရှိနေဆဲဖြစ်ကြောင်း ပြသနေခြင်းဖြစ်ကြောင်း စစ်ရေးလေ့လာသူများက ထောက်ပြသည်။
တစ်ဖက်တွင်လည်း ပြည်သူ့စစ်မှုထမ်းဥပဒေအရ စုဆောင်းထားသည့် တပ်သားသစ်အရေအတွက်သည် ယခုအခါ တစ်သိန်းခွဲခန့်အထိ ရှိနေပြီဖြစ်ကြောင်း နေပြည်တော်သတင်းရင်းမြစ်က အတည်ပြုသည်။
၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလတွင် စတင်ခဲ့သည့် အဆိုပါဥပဒေအရ တစ်လလျှင် တပ်သားသစ် ၅,၀၀၀ ဦးခန့် စုဆောင်းရန် မူလက သတ်မှတ်ထားသော်လည်း လက်ရှိတွင် သတ်မှတ်ချက်ထက် များစွာကျော်လွန်ကာ စုဆောင်းထားခြင်းဖြစ်သည်။
“အခုလို စစ်ကော်မရှင်က လူအင်အားရော လက်နက်အင်အားကိုပါ တစ်ပြိုင်နက်တည်း အတင်းအဓမ္မ ဖြည့်တင်းနေတာဟာ ၂၀၂၆ ခုနှစ်အတွင်းမှာ အကြီးစားထိုးစစ်တွေ ပြန်ဆင်နွှဲဖို့ ပြင်ဆင်နေတာပဲလို့ မြင်ရပါတယ်။ အထူးသဖြင့် ရုရှားဆီကရတဲ့ အဆင့်မြင့်ဒရုန်းနည်းပညာသစ်တွေနဲ့ အခုစုဆောင်းထားတဲ့ တပ်သားသစ်အင်အားကို ပေါင်းစပ်ပြီးတော့ သူတို့လက်လွှတ်ခဲ့ရတဲ့ နယ်မြေတွေကို ပြန်သိမ်းဖို့၊ နယ်မြေစိုးမိုးရေး ပြန်ရအောင်လုပ်ဖို့ အသည်းအသန် ကြိုးပမ်းလာနိုင်ခြေ ရှိပါတယ်” ဟု စစ်ရေးလေ့လာသူ တစ်ဦးက သုံးသပ်သည်။
စစ်မှုထမ်းဥပဒေ စတင်ပြီး နှစ်နှစ်ခန့်အကြာတွင် တပ်သားသစ်အရေအတွက် တစ်သိန်းခွဲအထိ ရောက်ရှိလာခြင်းသည် စစ်ကော်မရှင်အနေဖြင့် လူအင်အားပြုန်းတီးမှုကို အစားထိုးနိုင်ရန် အရှိန်အဟုန်မြှင့် ဆောင်ရွက်ခဲ့ခြင်းကြောင့် ဖြစ်ကာ မြေပြင်တွင် အတင်းအဓမ္မ ဖမ်းဆီးစုဆောင်းမှုများနှင့် ပေါ်တာဆွဲမှုများ ပိုမိုလုပ်ဆောင်ခဲ့သည့် သက်သေများပင်ဖြစ်ကြောင်း နိုင်ငံရေးလေ့လာသူများကဆိုသည်။
သို့သော်လည်း စစ်ရေးကျွမ်းကျင်သူအချို့က တပ်သားသစ် တစ်သိန်းခွဲဆိုသည့် အရေအတွက်သည် အတင်းအဓမ္မ စုဆောင်းခံရသူများဖြစ်ခြင်းကြောင့် တိုက်ပွဲဝင်လိုစိတ်နိမ့်ပါးနိုင်ပြီး နည်းပညာမြင့် လက်နက်များကို ကျွမ်းကျင်စွာ ကိုင်တွယ်နိုင်ရန် သင်တန်းပေးမှု အပိုင်းတွင်လည်း အခက်အခဲများ ရှိနိုင်ကြောင်း ထောက်ပြသည်။
“အခုလို တပ်သားသစ်တွေကို အလုံးအရင်းနဲ့ အတင်းအဓမ္မ စုဆောင်းနေတာဟာ တိုင်းပြည်ရဲ့ ကုန်ထုတ်လုပ်မှု ယန္တရားတစ်ခုလုံးကို ရိုက်ခတ်စေသလို လူငယ်တွေရဲ့ အနာဂတ်ကိုလည်း ဖျက်ဆီးပစ်လိုက်တာပါပဲ။ အားကိုးရမယ့် လူငယ်အင်အားစုတွေဟာ စစ်မြေပြင်ကို အတင်းတွန်းပို့ခံနေရတော့ လူမှုစီးပွားဘဝတွေက ပိုပြီး ပျက်စီးသွားဖို့ပဲ ရှိပါတယ်။ ဒါဟာ ပြည်သူလူထုကြားမှာ မကျေနပ်မှုတွေကို ပိုပြီး ပေါက်ကွဲလာစေနိုင်တဲ့ အချက်ပဲ”ဟု နိုင်ငံရေးလေ့လာသူ တစ်ဦးက သုံးသပ်သည်။
ရုရှားနိုင်ငံမှ အဆင့်မြင့် ဂျက်တိုက်လေယာဉ်များနှင့် ဒရုန်းများ ဝယ်ယူခြင်းသည် စစ်ကော်မရှင်၏ ဘဏ္ဍာရေးအခြေအနေအပေါ် ဝန်ထုပ်ဝန်ပိုးဖြစ်စေနိုင်သော်လည်း ၎င်းတို့အနေဖြင့် အာဏာတည်မြဲရေးအတွက် စစ်ရေးအသုံးစရိတ်ကို ဦးစားပေးနေခြင်းဖြစ်သည်ဟု ၎င်းက ဆက်လက်ပြောသည်။
“NUG နဲ့ တော်လှန်ရေးအင်အားစုတွေဘက်ကလည်း စစ်ကော်မရှင်ရဲ့ လူအင်အား၊ နည်းပညာအသာစီးရယူမှုကို တန်ပြန်နိုင်ဖို့အတွက် သူတို့ရဲ့ ဒရုန်းတပ်ဖွဲ့တွေကို အရင်ကထက် ပိုပြီး အားကောင်းအောင် အရှိန်အဟုန်နဲ့ တည်ဆောက်ဖို့လိုပါတယ်။ ဒါကြောင့် ရှေ့လာမယ့် တိုက်ပွဲတွေဟာ နည်းပညာမြင့်လက်နက်တွေကို အပြိုင်အဆိုင် အသုံးပြုလာကြမယ့် ဒရုန်းစစ်ပွဲတွေ ပိုပြီး ဖြစ်လာနိုင်ခြေရှိတယ်လို့ ခန့်မှန်းရပါတယ်” ဟု စစ်ရေးလေ့လာသူတစ်ဦးက ပြောသည်။
နေပြည်တော်မှ ထွက်ပေါ်လာသည့် ဤသတင်းအချက်အလက်များသည် စစ်ကော်မရှင်၏ စစ်ရေးပြင်ဆင်မှု အခြေအနေကို မီးမောင်းထိုးပြနေသော်လည်း မြေပြင်ရှိ တော်လှန်ရေးအင်အားစုများ၏ ခုခံနိုင်စွမ်းနှင့် နယ်မြေစိုးမိုးမှုများအပေါ် မည်သို့သက်ရောက်မည်ကိုမူ ဆက်လက်စောင့်ကြည့်ရမည်ဖြစ်ကြောင်း သုံးသပ်မှုများလည်းရှိသည်။
