အာမခံကြေးကြောင့် မွန်က လူမှုကူညီရေးအသင်းအချို့ ထပ်မံရပ်နားရဖွယ် ရှိလာ

ဓာတ်ပုံ - လမိုင်းပရဟိတလူငယ်များအဖွဲ့၊ ရွှေဟင်္သာလူမှုကူညီရေးအသင်း

လူမှုကူညီရေးအသင်းများ အသင်းလိုင်စင်သက်တမ်းတိုးရန် အာမခံငွေကြောင့် မွန်ပြည်နယ်အတွင်း အသင်းအဖွဲ့အချို့ ရပ်နားရမည့်အခြေအနေ ကြုံတွေ့နေရကြောင်း ဒေသတွင်း လူမှုကူညီရေးအသင်း တာဝန်ရှိသူအချို့က ပြောသည်။

ဥပဒေအရ လူမှုကူညီရေးအသင်းများ လိုင်စင်သက်တမ်းတိုးပါက မြို့နယ်အဆင့် ကျပ်သိန်း ၅၀၊ ခရိုင်အဆင့် ကျပ်သိန်း ၁၀၀၊ တိုင်းနှင့်ပြည်နယ်အဆင့် ကျပ်သိန်း ၅၀၀၊ ပြည်ထောင်စုအဆင့် ကျပ်သိန်း ၁,၀၀၀၊ နိုင်ငံတကာအဆင့် INGO ဖြစ်ပါက ကျပ်သိန်း ၃,၀၀၀ ဘဏ်တွင် ထည့်သွင်းထားရမည်ဖြစ်သည်။

ယခုကဲ့သို့ လုပ်ဆောင်ချက်သည် အကျပ်အတည်းမျိုးစုံကြားမှ ရှင်သန်ရပ်တည်နေရသည့် လူမှုကူညီရေးအသင်းများအတွက် ထိုးနှက်ချက်တစ်ခု ဖြစ်လာကြောင်း မော်လမြိုင်မြို့မှ ပြည်နယ်အဆင့် လူမှုကူညီရေးအသင်းဝင်တစ်ဦးက MPA ကို ပြောသည်။

“သူတို့ ဖေဖော်ဝါရီလကုန်ပိုင်းမှာ စာပို့လာတာ၊ ဒီလောက်များတဲ့ ပမာဏက မလွယ်ဘူးလေ၊ အခုချိန်ထိ သက်တမ်းတိုးဖို့ အစီအစဉ်က မရှိတော့ဘူးလို့ပဲ ပြောရမယ်၊ ရပ်နားရမယ့်သဘောပေါ့၊ ဒီငွေတွေက ဘဏ်ထဲမှာ ထည့်ထားရမှာလေ၊ ထုတ်လို့လည်း မရဘူး၊ အဲဒီလောက်များတဲ့ ငွေက ဘယ်ကနေ ရှာမလဲ၊ အများစုက အခကြေးငွေနဲ့ ရပ်တည်နေတာမဟုတ်ဘူး” ဟု ၎င်းက ပြောသည်။

လက်ရှိ မွန်ပြည်နယ်တွင် မှတ်ပုံတင်သက်တမ်းကုန်ဆုံးနေသည့် ပြည်နယ်အဆင့် လူမှုကူညီရေးအသင်း ၁၃ သင်းကို ဘဏ်စာရင်း မတည်ငွေ သိန်း ၅၀၀ ထားရှိပြီးမှ သက်တမ်းတိုးပေးမည်ဟု စစ်ကော်မရှင်က ခြိမ်းခြောက်ထားသည်။

အလားတူ မှတ်ပုံတင်ထားခြင်းမရှိသည့် ရပ်ကွက်/ကျေးရွာကိုယ်စားပြုနှင့် ဘာသာရေးဆိုင်ရာ လူမှုကူညီရေး အသင်းအဖွဲ့အများအပြား ရှိနေသည်။

စစ်ကော်မရှင်၏ ဥပဒေသစ်တွင်မူ မှတ်ပုံတင်သက်တမ်းတိုးခြင်းမရှိဘဲ လုပ်ငန်းဆက်လက်လည်ပတ်နေပါက အမြင့်ဆုံးထောင်ဒဏ် သုံးနှစ်အထိ အရေးယူခံရနိုင်ကြောင်း ဖော်ပြထားသည်။

ထို့အပြင် အသင်း၏လှုပ်ရှားမှုများကို အာဏာပိုင်များထံ သုံးလတစ်ကြိမ် အစီရင်ခံတင်ရမည်ဖြစ်သည်။

လူမှုကူညီရေးအသင်းများသည် ကျန်းမာရေးကဲ့သို့သော လူနာ/နာရေးပို့ဆောင်ခြင်း၊ သဘာဝဘေးအန္တရာယ်နှင့် ကယ်ဆယ်ရေးလုပ်ငန်းများတွင် ပါဝင်ကူညီပေးခြင်း၊ ရပ်ရွာဒေသအကျိုးပြုလုပ်ငန်းများ ထဲထဲဝင်ဝင် ပူးပေါင်းပါဝင်ဆောင်ရွက်နေကြသည့် အခကြေးငွေ ရယူခြင်းမရှိသော အဖွဲ့အစည်းများ ဖြစ်ကြသည်။

“အခု ကိုယ့်ရပ်ရွာအတွင်းမှာ ကူညီလို့ရသလောက် ကူညီပေးတယ်၊ လူနာပို့ပေးတာ၊ အခုထိတော့ မြို့ပေါ်အထိ သွားလာလို့ရနေသေးတယ်။ တခြားနယ်ဘက်ကို မထွက်တော့ဘူး၊ ဘယ်လိုမှန်းလည်း သေချာမသိသေးဘူး။ စေတနာနဲ့ လုပ်နေတာ စီးပွားရေးလုပ်နေတာမှ မဟုတ်တာ ဘယ်ကနေ ပိုက်ဆံရမှာလဲ၊ နားရရင် နားပေါ့၊ ဘာလုပ်နိုင်မလဲ” ဟု သထုံခရိုင်မှ လူမှုကူညီရေးအသင်း တာဝန်ရှိသူတစ်ဦးက ပြောသည်။

တစ်ဖက်တွင်မူ အသင်းပုံမှန်လည်ပတ်နိုင်ရေး စီးပွားရေးလုပ်ငန်းရှင်များ ထောက်ပံ့ပေးသော အသင်းအာမခံငွေကြေး ရယူမည့် အသင်းအချို့ရှိနေကြောင်း ပြောဆိုမှုများ ရှိနေသည်။

လူမှုကူညီရေးအသင်းကားအကူအညီဖြင့် တစ်ပတ်လျှင် တစ်ကြိမ် မော်လမြိုင်မြို့မှာ ဆေးကုသမှု ခံယူနေရသည့် အသက် ၅၀ နှစ်အရွယ် ပေါင်မြို့နယ် ဒေသခံအမျိုးသမီးတစ်ဦးက “တစ်ခုခုဖြစ်ရင် သွားဟေ့ လာဟေ့ဆိုရင် အားကိုးစရာဆိုလို့ သူတို့အသင်းပဲ ရှိတယ်။ လူကြီးတွေ(အစိုးရ)က ဘာအကူအညီမှ မပေးနိုင်တာလေ၊ ရွာမှာ တစ်ခုခုဖြစ်ရင် သူတို့တွေပဲ ထိပ်ဆုံးက၊ ပိုက်ဆံမရှိတဲ့သူတွေ သွားလာရေးခက်ခဲရင်လည်း သူတို့ပဲ ပို့ပေးနေတာ၊ အားကိုးစရာမရှိတော့ဘူးလေ” ဟု ၎င်းက ပြောသည်။

ယခု စစ်ကော်မရှင် ပြဋ္ဌာန်းခဲ့သည့် ဥပဒေသည် ၂၀၁၄ ခုနှစ် အသင်းအဖွဲ့မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေကို ဖျက်သိမ်းပြီး ဥပဒေအသစ် အစားထိုးလိုက်ခြင်းဖြစ်သည်။

၂၀၁၄ ခုနှစ် အသင်းအဖွဲ့မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေတွင် အသင်းအဖွဲ့အနေဖြင့် မိမိတို့ သဘောဆန္ဒအလျောက် မှတ်ပုံတင်လိုပါက တင်နိုင်ပြီး မှတ်ပုံတင်ထားခြင်း မရှိသော်လည်း နိုင်ငံရေး၊ လူမှုရေးလှုပ်ရှားမှုကို လုပ်ဆောင်နိုင်ကြောင်း ဖော်ပြထားသည်။

ယခု ဥပဒေသစ်တွင် နိုင်ငံရေးဆိုင်ရာ လှုပ်ရှားမှုများအတွက် သီးခြားတည်ဆဲဥပဒေဖြင့် လိုက်နာရမည်ဖြစ်ပြီး လူမှုကူညီရေးအသင်းအဖွဲ့ဖြစ်ပါက နိုင်ငံရေး၊ ဘာသာရေးနှင့် ဆက်စပ်ပတ်သက်မှု မရှိစေရကြောင်း ဆိုထားသည်။

လူ (၅) ဦး (သို့မဟုတ်) (၅) ဦးထက်ကျော်လွန်ပြီး လူမှုရေးအဖွဲ့အစည်း၊ အရပ်ဘက်အဖွဲ့အစည်းတစ်ခုခု ဖွဲ့စည်းပါက မှတ်ပုံတင်ရမည်ဖြစ်ပြီး မှတ်ပုံတင်ထားခြင်း မရှိပါက အရေးယူခံရမည်ဖြစ်သည်။

ထို့အပြင် အကြမ်းဖက်အဖွဲ့အစည်း၊ မတရားအသင်းနှင့် လက်နက်ကိုင်ဆန့်ကျင်နေသော အသင်းများ၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး၊ တရားဥပဒေစိုးမိုးရေး၊ လုံခြုံရေးနှင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို ထိခိုက်စေသော လှုပ်ရှားမှုများကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ပတ်သက်ပါက ငွေဒဏ် ကျပ်သိန်း (၅၀) (သို့မဟုတ်) ထောင်ဒဏ် (၅) နှစ်ဖြစ်စေ ဒဏ်နှစ်ရပ်လုံးအပြင် ပိုင်ဆိုင်မှုကို သိမ်းဆည်းအရေးယူမည်ဟု ဖော်ပြထားသည်။

“တော်လှန်ရေးအစုအဖွဲ့တွေနဲ့ လုံးဝပတ်သက်လို့ မရအောင် လုပ်တာပဲ၊ နိုင်ငံတကာ ထောက်ပံ့ကူညီမှု ကန့်သတ်ချင်တာ စောင့်ကြည့်ချင်တာ၊ အားလုံးက သူတို့လက်ထဲ သူတို့ထိန်းချုပ်ထားချင်နေတာ၊ ဘယ်သွားဘယ်လာလဲ တင်ပြ၊ ငါ့ခွင့်ပြုချက်မရရင် ဘာမှ မလုပ်နဲ့၊ အခြေခံပြည်သူလူထုတွေ ဒုက္ခမရောက်၊ ရောက်အောင် လုပ်နေတာပဲ” ဟု မွန်နိုင်ငံရေးသမားတစ်ဦးက မှတ်ချက်ပြုသည်။

အာဏာမသိမ်းခင်ကာလက မွန်ပြည်နယ်တွင် လူမှုကူညီရေးအသင်းအဖွဲ့ တစ်ရာဝန်းကျင်ရှိခဲ့သည်။

သို့သော် စစ်တပ်က အသင်းအဖွဲ့ဝင်အချို့ကို တော်လှန်ရေးအင်အားစုများနှင့် ပတ်သက်မှု ရှိသည်ဟု စွပ်စွဲကာ ဖမ်းဆီးပြီး အကြမ်းဖက်ဥပဒေများဖြင့် အရေးယူခဲ့သည့် ဖြစ်စဉ်များအပြင် လူနာများ ပို့ဆောင်သည့် လမ်းခရီးတွင် ခြုံခိုတိုက်ခိုက်ခံရဖြစ်စဉ်များနှင့်အတူ ရန်ပုံငွေအဆင်မပြေမှုများကြောင့် အသင်းထက်ဝက်ကျော် ရပ်နားခဲ့သည်။