နို့ဖိုးဒုက္ခသည်စခန်း အရိပ်အောက်က အဖွားအိုအို

By Chun Nrein /MPA [Photo Story]

ဟောင်းနွမ်းညစ်ထေးနေသည့် အိုးဟောင်းလေးထဲတွင် ဆန်ကွဲကို ရေခပ်များများဖြင့် ချက်ထားသော ထမင်းပျော့ပျော့တို့က လုံးထွေးစေးကပ်နေသည်။ သက်တမ်းရင့်လွန်း၍ ကြွေလွှာများ အကွက်လိုက်ကွာကျနေသည့် ပန်းကန်ဟောင်းလေးထဲမှ ထိုထမင်းလုံးများကို ခက်ခဲစွာ စားသုံးနေသူမှာ အသက် (၈၀) ကျော်အရွယ် ကရင်အဖွားအို “ဖွားနော်ဖောန” ပင် ဖြစ်သည်။

အရောင်အဆင်းကင်းမဲ့သည့် ကရင်ရိုးရာ တာလပေါဟင်းရည်ကျဲကျဲနှင့် ဒညင်းသီးပြုတ် တစ်လုံးကသာ အဖွား၏ တစ်နေ့တာ အာဟာရ။ မြန်မာနိုင်ငံ၏ ပြည်တွင်းစစ်မီးကြောင့် ၁၉၉၇ ခုနှစ်ကတည်းက ထိုင်း-မြန်မာနယ်စပ်သို့ စစ်ဘေးရှောင်လာခဲ့ရာ ယခုဆိုလျှင် နို့ဖိုးဒုက္ခသည်စခန်းတွင် ခိုလှုံခဲ့သည်မှာ နှစ်ပေါင်း (၃၀) နီးပါး ရှိခဲ့ပြီဖြစ်သည်။

နေဝင်ချိန် သန်းခေါင်ယံ

အိုမင်းခြင်းနှင့် အာဟာရချို့တဲ့မှုဒဏ်ကြောင့် အဖွားသည် ရှိရင်းစွဲအသက်ထက် ပိုမိုအိုစာနေသည်။ ညိုမဲကာ တွဲရွဲကျနေသော မျက်ခွံများ၊ သွားမရှိတော့ဘဲ ပြောင်ချောနေသည့် သွားဖုံးများ၊ လျော့တွဲနေသည့် လည်ပင်းအရေပြားနှင့် ဖွာလန်ကျဲနေသော ဆံပင်ဖြူဖွေးဖွေးတို့က အဖွား၏ ဘဝနေဝင်ချိန်သည် သန်းခေါင်ယံသို့ စောစီးစွာ ရောက်ရှိနေပြီဖြစ်ကြောင်း သက်သေပြနေသည်။

“အလှူရှင်တွေ မရှိတော့ရင်လည်း အလုပ်ထွက်လုပ်ရမှာပေါ့”လို့ အဖွားအိုက ဆိုလေသည်။

သွားမရှိသည့် ပါးစောင်များ ချိုင့်ဝင်နေသော နှုတ်ခမ်းဖြင့် ရယ်ကျဲကျဲပြောလိုက်သော်လည်း အဖွား၏ အသံမှာ မာကျောနေပြီး မျက်လုံးများက အရောင်တောက်နေဆဲ။ နေဝင်ချိန်မလှသည့် ဇရာကို အားတင်းကာ ဆက်လက်ရှင်သန်နေရခြင်းမှာ အသက် (၆၅) နှစ်အရွယ် ညီမဖြစ်သူနှင့် အိမ်မဲ့ယာမဲ့ ကြောင်ထီးလေးတစ်ကောင်ကို စောင့်ရှောက်ရန်ဟူသော အကြောင်းပြချက်ကြောင့် ဖြစ်သည်။

မီးလောင်ကျွမ်းခဲ့သော အတိတ်နှင့် ပြတ်တောက်နေသော မျှော်လင့်ချက်

အဖွားတို့ ညီအစ်မ နှစ်ဦးလုံးမှာ အပျိုကြီးများ ဖြစ်ကြပြီး ပြုစုစောင့်ရှောက်မည့် သားသမီးလည်း မရှိကြပေ။ ဝတ်ဆင်ထားသည့် ကရင်ရိုးရာထဘီများမှာ အဆင်ပင်မဖော်နိုင်လောက်အောင် နွမ်းရိနေသကဲ့သို့ သူတို့ခိုလှုံရာ တဲအိုလေးမှာလည်း ယိုင်နဲ့လျက်ရှိသည်။ အင်ဖက်မိုး၊ ဝါးခြမ်းကာ တဲအိုလေး၏ လှေကားမှာ ခြေနင်းတိုင်များ မရှိတော့သဖြင့် အိမ်နောက်ဖေးမှသာ ပတ်ဝင်နေရသည်။ အမိုးအင်ဖက်များ စုတ်ပြဲနေသဖြင့် မိုးရွာလျှင် မိုးလုံသည့် နေရာလေးသို့ တိုးကပ်ရင်း ဘဝကို ဖြတ်သန်းနေရသည်။

“မပြန်ချင်တော့ဘူး၊ ဘယ်မှာနေခဲ့လဲဆိုတာတောင် မမှတ်မိတော့ဘူး။ ထွက်လာတုန်းကတော့ စစ်ဖြစ်နေတာ… လှည့်ကြည့်လိုက်တော့ အိမ်က မီးလောင်နေပြီ” ဟု အဖွားက ဝေဝေဝါးဝါး ပြောပြသည်။ နေရပ်မှ စွန့်ခွာစဉ်က ပါလာသည့် တစ်ခုတည်းသော အမှတ်တရ ‘ကရင်ရိုးရာ လွယ်အိတ်နီလေး’ မှာလည်း ယခုအခါ ကြိုးမျှင်လေးများ တစ်မျှင်ချင်း ပြတ်တောက်နေပြီဖြစ်သည်။ ထိုလွယ်အိတ်ကလေးကဲ့သို့ပင် အဖွားတို့၏ ဘဝမျှော်လင့်ချက်သည်လည်း တဖြည်းဖြည်း ပြတ်တောက်နေရသည်။

ရိက္ခာပြတ်တောက်မည့် အနာဂတ်

နို့ဖိုးစခန်းရှိ ဒုက္ခသည်များသည် တစ်ဦးနှင့်တစ်ဦး စာနာစိတ်ဖြင့် ကူညီကြသော်လည်း ယခုအခါ အားလုံးမှာ “အငတ်ဘေး” နှင့် “မျှော်လင့်ချက်မဲ့ခြင်း” ဆိုသည့် ဘုံကံကြမ္မာကို ရင်ဆိုင်နေရသည်။ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလကုန်သည်နှင့် နိုင်ငံတကာရိက္ခာထောက်ပံ့မှုများ လုံးဝရပ်တန့်တော့မည်ဖြစ်ရာ “၂၀၂၆ မှာ ရိက္ခာရဖို့ မသေချာတော့ဘူး” ဟု စခန်းနေသူများက ရင်လေးစွာ ဆိုကြသည်။

ရိက္ခာသာမက ကျန်းမာရေးစောင့်ရှောက်မှုများပါ လျော့ပါးလာခြင်းက သက်ကြီးရွယ်အိုများအတွက် အသက်အန္တရာယ် ခြိမ်းခြောက်မှုတစ်ခု ဖြစ်လာသည်။ မဲဆောက်ဆေးရုံသို့ ၆ နာရီကျော် သွားရသည့်လမ်းခရီးသည် အဖွားတို့လို ကျန်းမာရေးချို့တဲ့သူများအတွက် အလွန်ပင်ပန်းလှသည့် ခရီးတစ်ခုပင်။

လှောင်အိမ်ထဲက ကြက်ကလေးများ

သက်ကြီးရွယ်အိုများတင်မကဘဲ စခန်းအတွင်းရှိ လူငယ်များ၏ အနာဂတ်မှာလည်း မှောင်အတိကျနေသည်။ စခန်းပြင်ပတွင် အလုပ်လုပ်ကိုင်ခွင့်ပြုသည်ဆိုသော်လည်း လက်တွေ့တွင် အလုပ်ခန့်မည့်သူမရှိခြင်း၊ မိသားစုနှင့် ခွဲခွာရမည်ဖြစ်ခြင်းတို့ကြောင့် လူငယ်များမှာ လမ်းစပျောက်နေကြရသည်။

ယခုအခါ နို့ဖိုးစခန်းရှိ ဒုက္ခသည်တို့၏ ဘဝသည် “လှောင်အိမ်ထဲတွင် အစာလာကျွေးမည့်သူကို မျှော်နေရသည့် ကြက်ကလေးများ” နှင့် တူနေပါသည်။ အိမ်ပြန်လမ်းသည် မြေပုံပေါ်တွင် နာရီဝက်ခရီးသာ ရှိသော်လည်း စစ်မြေပြင်များ၊ နိုင်ငံရေး အခင်းအကျင်းများနှင့် ပိတ်ဆို့နေသော အကူအညီများကြားတွင် ထိုလမ်းမှာ အလှမ်းဝေးနေဆဲဖြစ်သည်။

မျှော်လင့်ချက်မဲ့သည့် ညနေခင်းများ

နေဝင်ရီတရောအချိန်များတွင် အဖွားသည် ယိုင်နဲ့နေသည့် တဲအိုလေး၏ အပေါက်အပြဲများကြားမှ တောင်တန်းကြီးများကို ငေးမောကြည့်တတ်သည်။ ထိုတောင်တန်းကြီးများ၏ တစ်ဖက်ခြမ်းတွင် သူစွန့်ခွာခဲ့ရသည့် နေရပ်ရှိသော်လည်း ယခုအခါ ထိုနေရာသည် အမှတ်တရဟောင်းများ ပြာကျခဲ့သည့် မြေရိုင်းတစ်ခုသာ ဖြစ်တော့သည်။ အဖွား၏ မှုန်ဝါးနေသော မျက်ဝန်းအစုံတွင် အိမ်ပြန်ချင်သည့် ဆန္ဒထက် နောက်တစ်နေ့အတွက် ရိက္ခာမည်သို့ ရှာဖွေရမည်နည်းဟူသော စိုးရိမ်စိတ်များကသာ ကြီးစိုးနေပါသည်။

လူမေ့ခံ ဘဝများ

ကမ္ဘာကြီးက ခေတ်မီတိုးတက်မှုများအကြောင်း ပြောဆိုနေကြသော်လည်း နို့ဖိုးတောင်တန်းထက်က ဤတဲအိုလေးထဲတွင်မူ အချိန်နာရီတို့သည် လွန်ခဲ့သည့် နှစ်ပေါင်း ၃၀ ကဲ့သို့ပင် ရပ်တန့်နေဆဲဖြစ်သည်။ နိုင်ငံတကာ၏ အာရုံစိုက်မှုများ လျော့ပါးလာသည်နှင့်အမျှ အဖွားတို့ကဲ့သို့သော ဒုက္ခသည်များသည် သမိုင်းစာမျက်နှာများအောက်တွင် တဖြည်းဖြည်း မှေးမှိန်ပျောက်ကွယ်သွားရသည့် “လူမေ့ခံ” ဘဝများ ဖြစ်လာကြရသည်။ ရှင်သန်ခြင်းဆိုသည်မှာ အဖွားအတွက် ဂုဏ်သိက္ခာရှိရှိ နေထိုင်ခြင်းမဟုတ်ဘဲ အသက်မပြတ်ရုံတမယ် ရုန်းကန်နေရသည့် ဝေဒနာတစ်ခုသာ ဖြစ်နေတော့သည်။

၂၀၂၆ ခုနှစ်၏ မရေရာသော အနာဂတ်သည် အဖွား၏ အိုမင်းရင့်ရော်နေသည့် ပုခုံးနှစ်ဖက်ပေါ်သို့ လေးလံသော ဝန်ထုပ်ဝန်ပိုးတစ်ခုကဲ့သို့ ဖိစီးနေသည်။ အလှူရှင်များ၏ လက်ကမ်းကူညီမှုသည် အဖွားအတွက် တစ်ခုတည်းသော အသက်ဆက်ကြိုးဖြစ်သော်လည်း ထိုကြိုးမှာလည်း တစ်မျှင်ချင်း ပြတ်တောက်လုနီးပါး ဖြစ်နေပြီဖြစ်သည်။ အသက် (၈၀) ကျော်အရွယ်တွင် အလုပ်ထွက်လုပ်ရမည်ဟူသော စကားကို ရယ်မောကာ ပြောနေသော်လည်း ထိုရယ်သံများနောက်ကွယ်တွင် ကြေကွဲစရာကောင်းလှသည့် ဘဝအမှန်တရားနှင့် အားကိုးရာမဲ့မှုတို့က အထင်းသား ပေါ်လွင်နေပေသည်။

နိဂုံးမလှသည့် တိုက်ပွဲ

အဖွားနော်ဖောန၏ ဘဝသည် ပြည်တွင်းစစ်၏ အနိဋ္ဌာရုံများကို ကိုယ်စားပြုနေသည့် သက်ရှိရာဇဝင်တစ်ခုပင် ဖြစ်သည်။ စစ်မီးကြောင့် ဘဝတစ်ခုလုံး ဆုံးရှုံးခဲ့ရပြီးနောက် ယခုအခါတွင်လည်း အထောက်အပံ့မဲ့မှုနှင့် အငတ်ဘေးဆိုသည့် ရန်သူအသစ်ကို အားအင်ကုန်ခမ်းစွာဖြင့် ရင်ဆိုင်နေရသည်။ ဤဇာတ်လမ်း၏ နိဂုံးသည် မည်သည့်အချိန်တွင် အဆုံးသတ်မည်ကို မည်သူမျှ မသိနိုင်သော်လည်း နို့ဖိုးစခန်း၏ အေးစက်သော ညများထဲတွင် အဖွားသည် နောက်ဆုံးထွက်သက်အထိ ရှင်သန်မှုတိုက်ပွဲကို ဆက်လက်ဆင်နွှဲနေဦးပေမည်။

နို့ဖိုးတောင်တန်းထက်က အဖွားတို့ ညီအစ်မအပါအဝင် လူသားတစ်သောင်းကျော်သည် အိမ်ပြန်ခရီးကို တမ်းတရင်း၊ လှောင်အိမ်ထဲက ရှင်သန်မှုတိုက်ပွဲကို အားအင်ကုန်ခမ်းစွာဖြင့် ဆင်နွှဲနေကြရဆဲ ဖြစ်တော့သည်။