စစ်တပ်က သဲကြီးမဲကြီး ဗုံးကြဲတိုက်ခိုက်ခဲ့သည့် ကနီမြို့နယ်၊ဆူးလေကုန်းရွာ ဘုန်းကြီးကျောင်း ဝန်း ကျင်တွင် PDFစခန်းနှင့် NUGမြေအောက်ဆေးရုံ မရှိကြောင်း သိရသည်။
မတ်လ၂၁ရက်၊မွန်းလွဲ၁၂နာရီကျော်တွင် စစ်ကိုင်းတိုင်း၊ကနီမြို့နယ်၊ဆူးလေကုန်းကျေးရွာ ဘုန်းကြီးကျောင်းနှင့် စာသင်ကျောင်းကို စစ်တပ်က ဂျက်ဖိုက်တာ၈စင်းဖြင့် ၁၃ကြိမ် ဗုံးကြဲ တိုက်ခိုက် ခဲ့ခြင်းဖြစ်ပြီး ကပ္ပိယအဘိုးတစ်ဦး သေဆုံးခဲ့ကာ မြို့နယ်သံဃာ့နာယကအဖွဲ့အတွင်း ရေးမှူး ဆရာတော်အပါအဝင် ဦးဇင်း၃ပါးနှင့်ကပ္ပိယတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသတွင်း နိုင်ငံ ရေးတက်ကြွလှုပ်ရှားသူ ကိုပြည့်အောင်နိုင်ထံက သိရသည်။
နာရီဝက်ကျော်ကြာ သဲကြီးမဲကြီးဗုံကြဲတိုက်ခိုက်မှုအပေါ် ကိုပြည့်အောင်နိုင်က “သတင်းမှားကြောင့် လို့ပဲထင်ပါတယ်။မြေပြင်မှာ အခုပစ်ခံရတဲ့နေရာတွေက ဘာသာရေး နဲ့ ပညာရေးကို ယခင်က လည်းက တစိုက်မတ်မတ် လုပ်ခဲ့တဲ့နေရာတွေပါ။ PDF စခန်းချတဲ့နေရာဆိုတာ လုံးဝ မဟုတ်ပါဘူး” ဟု MPAသို့ပြောသည်။
ထို့အပြင် စာသင်ကျောင်းအနောက်ဘက်တွင် ယခင်ကတည်းက ကျန်းမာရေးဆေးပေးခန်းသာရှိပြီး NUGမြေအောက်ဆေးရုံ လုံးဝမရှိကြောင်းလည်း ဆိုသည်။
“ ဒါကိုအထင်မှားကြပုံရတယ်”ဟု ၎င်းက ဆက်လက်ပြောသည်။
ယင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် သာသနိကအဆောက်အအုံ ၁၀လုံး၊ စာသင်ကျောင်းအဆောင်၄ခု၊ လူနေအိမ် ၃လုံးနှင့် နွားတဲတစ်လုံး ပျက်စီးခဲ့ကြောင်း ကိုပြည့်အောင်နိုင်က ပြောသည်။
“ပက်ပက်စက်စက် ဗုံးကြဲသွားတာ စာသင်ကျောင်းက ပိတ်ထားလို့ သေဆုံးတာ ဒီလောက်ပဲ ရှိတာ တော်သေးတာပေါ့။ဘုန်းကြီးကျောင်းကတော့ အကုန်ရစရာမရှိတော့ဘူး”ဟု ဆူးလေကုန်းရွာနှင့် နီးစပ်သူတစ်ဦးက MPAသို့ပြောသည်။
ဆူးလေကုန်းရွာသည် အိမ်ခြေ၇၀၀ကျော်ရှိသည့် ရွာကြီးတစ်ရွာဖြစ်ကြောင်း သိရသည်။
ဒဏ်ရာရ ဘုန်းကြီး၃ပါးနှင့် ကပ္ပိယတစ်ဦး၏ အခြေအနေကိုမူ မသိရသေးပေ။
မတ်လ၇ရက်ကလည်း ကနီမြို့နယ်၊နတ်လာပို့တောင်ရွာ ရှင်ပြုနားသပွဲကို စစ်တပ်က ဒရုန်းနှင့် လက်နက်ကြီးတို့ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၈ဦးသေဆုံးပြီး ၁၈ဦး ဒဏ်ရာရခဲ့သေးသည်။
စာတည်း-ML
