တီးတိန်တွင် စစ်မှုထမ်းရန် PDF Zoland ဖမ်းဆီးသွားသော လူငယ်များကို ပြန်လွှတ်ပေးရေး ဒေသခံ များ ဆန္ဒပြ

ဓာတ်ပုံ - ပေးပို့
ဖမ်းဆီးခံလူငယ်များကို ပြန်လွှတ်ပေးရန် လိုင်တွီးရွာသားများ ဆန္ဒဖော်ထုတ်နေစဉ်။

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်တွင် စစ်မှုထမ်းရန် PDF Zoland တပ်ဖွဲ့ ဖမ်းဆီးသွားသည့် လူငယ်များကို ပြန်လွှတ်ပေးရေးအတွက် ဒေသခံများက ဆန္ဒပြတောင်းဆိုခဲ့ကြောင်း သိရသည်။

တီးတိန်မြို့နယ်၊ လိုင်တွီးရွာရှိ ‌လူငယ် ၁၂ ဦးကို စစ်မှုထမ်းရန်ဟုဆိုကာ PDF Zoland က ဖမ်းဆီး သွားပြီးနောက် ပြန်လွှတ်ပေးရန် ယင်ရွာသား ဒေသခံပြည်သူ ၆၀၀ ခန့်က မတ်လ ၂၅ရက်၊ မွန်းလွဲ ၂ နာရီခန့်တွင် ဆန္ဒပြတောင်းဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

” ၂၄ ရက်နေ့ မနက်ပိုင်းက ဖမ်းသွားတာ။ ဖမ်းသွား‌ပြီးနောက်ပိုင်း ရွာမှာ အစည်းအဝေးလုပ်ကြတယ်။ အစည်းအဝေးမှာ အဖမ်းခံရတဲ့ လူငယ်တွေရဲ့ မိဘတွေက သူတို့ရဲ့ သားတွေ အိမ်ပြန်လာနိုင်အောင် ငိုယိုပြီး အကူအညီတောင်းကြတယ်။ ဒါကြောင့် အစည်းအဝေး လုပ်အပြီးမှာ ဆန္ဒဖော်ထုတ် ခဲ့ရ တာပါ ” ဟု လိုင်တွီးရွာသားတစ်ဦးက MPA ကို ပြောသည်။

တော်လှန်ရေး ၅ နှစ်ပြည့်ချိန်တွင် တီးတိန်နှင့် တွန်းဇံမြို့နယ်တို့က ပြည်သူများအနေဖြင့် အမျိုးသား၊ အမျိုးသမီး မခွဲခြားဘဲ အရွယ်ရောက်ပြီးသူတိုင်း အနည်းဆုံး ၃ နှစ် တော်လှန်ရေး တာဝန်ထမ်း ဆောင်ကြရန် တိုက်တွန်းနှိုးဆော်ကြောင်း PDF-Zoland က မတ်လ ၂၄ ရက်၌ ထုတ်ပြန်ခဲ့ပြီး နောက် ယခုကဲ့သို့ စစ်မှုထမ်းရန် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

” ၂၃ရက်နေ့က တစ်ခါရောက်လာကြသေးတယ်။ ဘာမှတော့ ပြောမသွားဘူး။ ၂၄ ရက်နေ့ကျ နောက်တခေါက် ဖောကားနဲ့ ရောက်လာပြီး ရွာက တာဝန်ရှိသူတွေကို တပ်အတွက် အင်အားလိုလို့ လူငယ်တွေ‌ ရွေးပေးခိုင်းတယ်။ ရွာလူကြီးက ကိုယ့်ဆန္ဒနဲ့ကိုယ်ဝင်လိုသူတွေရှိရင် ‌လာရောက်ပူးပေါင်း ပါလိမ့်မယ်ဆိုပြီး လူရွေးမပေးလိုက်ဘူး။ အဲဒါကို ရွာထဲ လိုက်ဝင်ဖမ်းသွားတာ ” ဟု ၎င်းက ဆက် လက်ပြောသည်။

ယင်းနေ့က လိုင်တွီးကျေးရွာသား ၁၂ဦးအပြင် မွီဇောလ်ရွာသား ၃ ဦးကိုပါ ဖမ်းဆီးခဲ့ကြောင်း သိရ သည်။
ယင်းနှင့် ပတ်သက်၍ PDF Zoland တာဝန်ရှိသူတစ်ဦးထံ MPA က ဆက်သွယ်မေးမြန်းထားသော် လည်း အကြောင်းပြန်ကြားခြင်း မရှိသေးပေ။

တီးတိန်မြို့နယ်ရှိ ဘိန်းခင်းများမှ ဖမ်းဆီးရမိသည့် အလုပ်သမား ၂၀၀ ကျော်ကို ပြည်သူ့စစ်မှုထမ်းကောင်းအဖြစ် ပျိုးထောင်သွားမည်ဖြစ်ကြောင်း ဖေဖော်ဝါရီ ၈ရက်တွင် PDF Zoland က ထုတ်ပြန်ခဲ့သေးသည်။

PDF Zoland သည် အခြေခံစစ်ပညာသင်တန်း အပတ်စဉ် ၁၉ အတွက် သင်တန်းသူ၊ သင်တန်းသားများ လက်ခံနေပြီဖြစ်ကြောင်း ၎င်းတို့၏ လူမှုကွန်ရက်စာမျက်နှာ၌ ဖော်ပြထားသည်။
စာတည်း-ML