The Assam Tribune
အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်မှ မြန်မာနယ်စပ်ကို ခိုင်လုံသော ခရီးသွားလာခွင့် အထောက်အထားများမပါဘဲ ဖြတ်ကျော်ရန် ကြံစည်မှုဖြင့် အသက် ၅၈ နှစ်အရွယ် စလိုဗက်ကီးယားနိုင်ငံသားတစ်ဦးကို မီဇိုရမ်ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ကြောင်း နယ်စပ် Siaha ရဲစခန်းမှ တာဝန်ရှိသူများက ယနေ့ မတ်လ ၂၆ ရက်တွင် ပြောကြား သည်။
အဆိုပါနိုင်ငံခြားသားကို လက်ရှိတွင် ထိန်းသိမ်းထားပြီး ပြည်နယ်ရဲတပ်ဖွဲ့ဝင်များအပြင် ဗဟိုနှင့် ပြည်နယ်ထောက်လှမ်းရေးအေဂျင်စီများက စစ်ဆေးမေးမြန်းလျက်ရှိသည်။
ယင်းစလိုဗက်ကီးယားနိုင်ငံသားကို စိုင်ဟားမြို့မှ ၆၀-၇၅ ကီလိုမီတာခန့်အကွာရှိ လာကီ (Laki) ကျေးရွာရှိ လုံခြုံရေးအားနည်းသော နယ်စပ်တစ်လျှောက် တာဝန်ကျနေသည့် အာသံရိုင်ဖယ် (Assam Rifles) တပ်ဖွဲ့ဝင်များက မတ်လ ၂၄ ရက်တွင် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
ကနဦးရရှိထားသော အချက်အလက်များအရ အဆိုပါအမျိုးသားသည် မြန်မာနိုင်ငံရှိ သင်္ကြန်ပွဲတော်တွင် ပါဝင်ဆင်နွှဲရန် သွားရောက်လိုခြင်းဖြစ်သည်ဟု ထွက်ဆိုထားပြီဲး ၎င်း၏ထွက်ဆိုချက် မှန်ကန်ခြင်း ရှိ၊ မရှိကို တာဝန်ရှိသူများက စစ်ဆေးနေကြသည်။
မတ်လ ၁၃ ရက်နေ့ကလည်း အမျိုးသားစုံစမ်းစစ်ဆေးရေးအေဂျင်စီ (NIA) သည် ယူကရိန်းနိုင်ငံသား ၆ ဦးနှင့် အမေရိကန်နိုင်ငံသား ၁ ဦးတို့ကို နိုင်ငံတစ်ဝန်းရှိ လေဆိပ် ၃ ခုတွင် ဖမ်းဆီးခဲ့ဖူးသည်။
အဆိုပါအဖွဲ့သည် ကန့်သတ်နယ်မြေဝင်ရောက်ခွင့်ပါမစ် (PAP) မပါဘဲ မီဇိုရမ်သို့ ဝင်ရောက်ခဲ့ပြီး၊ မြန်မာနိုင်ငံဘက်သို့ ကူးကာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို ဒရုန်းစစ်ဆင်ရေးအတတ်ပညာ သင်ကြားပေးခြင်းအပြင် ဥရောပထုတ်ဒရုန်းများကို ပဋိပက္ခဖြစ်ပွားရာဒေသများသို့ မှောင်ခိုတင်သွင်းရာတွင် ကူညီပေးခဲ့သည်ဟု NIA က စွပ်စွဲထားသည်။
သို့သော် မီဇိုရမ်ရဲတပ်ဖွဲ့က NIA ၏ စွပ်စွဲချက်များကို ယနေ့အထိ သီးခြားအတည်ပြုခြင်း မရှိသေးပေ။ စုံစမ်းစစ်ဆေးသူများကမူ အဆိုပါနိုင်ငံခြားသား ၇ ဦးသည် အိုက်ဇောမြို့အနီးရှိ လန်းပူအီ (Lengpui) လေဆိပ်ကဲ့သို့သော တရားဝင်ဝင်ပေါက်များကို ရှောင်ကွင်းပြီး၊ အိမ်နီးချင်းအာသံပြည်နယ်မှတစ်ဆင့် ဗိုင်ရင်းတေး (Vairengte) နယ်စပ်လမ်းကြောင်းမှတစ်ဆင့် မီဇိုရမ်သို့ ဝင်ရောက်ခဲ့ခြင်းဖြစ်နိုင်သည်ဟု သံသယရှိနေကြသည်။
နိုင်ငံတကာနယ်စပ်တစ်လျှောက်တွင် လုံခြုံရေးဆိုင်ရာ စိုးရိမ်ပူပန်မှုများ ရှိနေခြင်းနှင့် ဒေသတွင်း၌ နိုင်ငံခြားသားများနှင့်ပတ်သက်သော နောက်ဆုံးဖြစ်ရပ်များကြောင့် လက်ရှိအမှုကို အထူးသတိထားကိုင်တွယ်နေကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။
