မကွေးမြို့အခြေစိုက် လေတပ်ထဲသို့ ၁၀၇ မမ ရှော့တိုက်ဒုံး ၁၁လုံး အောင်မြင်စွာ ပစ်သွင်းနိုင်ခဲ့ ကြောင်း သိရသည်။
မတ်လ ၂၅ရက်၊ ည ၁၁ နာရီ မိနစ် ၂၀ ခန့်တွင် မကွေးလေတပ်စခန်းကို ၁၀၇ မမ ရှော့တိုက်ဒုံး ၁၁လုံးဖြင့် ပစ်ခတ်ခဲ့ရာ ၁၁လုံးစလုံး အောင်ခဲ့ကြောင်း Brave Warriors For Myanmar – BWM က သတင်းထုတ်ပြန်သည်။
” ဆီကန်၊ ဗုံးဂိုထောင် ၊ အရာရှိအိမ်ရာတစ်လုံး နဲ့ လေယာဉ်ထားတဲ့ရုံတို့ကို ဦးတည်ပြီးပစ်ခတ်ခဲ့တာ ပါ။ ပစ်ခတ်ပြီးချိန်မှာ လေတပ်ထဲကို ရှော့တိုက်ဒုံးတွေ ကျရောက်ပေါက်ကွဲကြောင်းလည်း ဒေသခံ တွေဆီကနေ သိရပါတယ်။ မကွေးလေတပ်အတွင်းကနေလည်း ဆေးရုံကားတွေ အဝင်အထွက်ရှိ တယ်လို့ ကြားသိရပါတယ်။ နောက်ပြီး လေတပ်ထဲ သိုလှောင်ထားတဲ့ ဗုံးသီးတွေက တိုက်ရိုက်ထိ ခိုက်မှုမရှိလို့ မပေါက်ကွဲခဲ့ပေမဲ့ Stable မဖြစ်တော့ဘဲ အချိန်မရွေးထပေါက်နိုင်တဲ့အခြေအနေဖြစ် နေလို့ စစ်ဆေးဖို့ လုပ်နေကြတယ်” ဟု BWM မှ တာဝန်ရှိသူတစ်ဦးက MPA ကို ပြောသည်။
ယင်းတိုက်ခိုက်မှုအပြီးတွင် မကွေးမြို့ရှိ ခမရ ၃၀၁ တပ်ရင်းနှင့် ခမရ ၃၁၇ တပ်ရင်းတို့မှ လက်နက်ကြီးများဖြင့် ပြန်လည် ပစ်ခတ်ခဲ့ကြောင်း သိရသည်။
” လက်နက်ငယ်နဲ့ ရမ်းပစ်သံတော့ ကြားပါတယ်။ လက်နက်ကြီးနဲ့ ပစ်တာတွေက ကျနော်တို့ရဲ ဘော် တွေဆီတော့ မရောက်ဘူး။ အခုပဲ အဖွဲ့တွေ အားလုံး safe ပါပြီ ” ဟု ယနေ့( မတ်၂၆ရက်)ညနေ ၄နာရီခန့်တွင် ၎င်းကပြောသည်။
မစ်ရှင်ဖော်ဆောင်သည့်အချိန်မှစ၍ ယနေ့ ညနေ ၅ နာရီ ဝန်းကျင်အထိ မကွေးလေတပ်အတွင်း မည့်သည့်လေယာဉ်မှ အဆင်းအတက်ပြုလုပ်ခြင်းမရှိဘဲ တံတားဦးလေတပ်၊ မိတ္ထီလာလေတပ်၊ နေပြည်တော်လေတပ်နှင့် ဟုမ္မလင်းလေတပ် တို့မှသာ တိုက်လေယာဉ်နှင့် ဂျက်ဖိုက်တာများ အတက်အဆင်းပြုလုပ်နေကြောင်း လေကြောင်းသတင်းများကို မျှဝေနေသည့် ချန်နယ်များ၏ ဖော်ပြချက်အရ သိရသည်။
ယင်းတိုက်ခိုက်မှုကို Brave Warriors for Myanmar (BWM) အဖွဲ့၏ ဦးဆောင် စီမံမှုဖြင့် No More Dictatorship (NMD-PDF)၊ Infinity (အညာ)အဖွဲ့၊ Justice Brothers Force အဖွဲ့ တို့သည် ဒေါင်းစစ်အောင်အဖွဲ့ ၊မြိုင်ပကဖ အဖွဲ့တို့နှင့် ပူးပေါင်းဖော်ဆောင်ခဲ့ကြောင်း သိရသည်။
စာတည်း-ML
