စစ်တပ်က ယောဒေသကို လေကြောင်းတိုက်ခိုက်မှု ခပ်စိပ်စိပ်လုပ်ဆောင်နေပြီး ရက် ၂၀ အတွင်း ၁၀ ဦး သေဆုံး

ဓာတ်ပုံ-ယောအလင်းတန်း
စစ်ကော်မရှင် ဗုံးကြဲတိုက်ခိုက်ခဲ့သည့် ကဇွန်းထောင့်ကျေးရွာအား တွေ့ရစဥ်

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ထီးလင်းမြို့နယ်အတွင်း၌ စစ်ကော်မရှင်တပ်က လေကြောင်းတိုက်ခိုက်မှု ခပ်စိပ်စိပ်လုပ်ဆောင်နေပြီး ရက်ပေါင်း ၂၀ ကျော်အတွင်း ဆယ်ဦးသေဆုံးခဲ့ကြောင်း ဒေသခံများနှင့် တော်လှန်ရေးတပ်ဖွဲ့များထံမှ စုံစမ်း သိရှိရသည်။

ယနေ့(မတ် ၂၆ ရက်) မွန်းလွဲ ၁ နာရီဝန်းကျင်၌ စစ်ကော်မရှင်၏ တံတားဦးလေတပ်မှ တက်လာသည့် ဂျက်ဖိုက်တာတစ်စင်းဖြင့် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ထီးလင်းမြို့နယ် အနောက်မြောက်ခြမ်းတစ်နေရာကို လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ထီးလင်းမြို့နယ်၊ ကဇွန်းထောင့်ကျေးရွာမှ နေအိမ်သုံးလုံး မီးလောင်ပျက်စီးခဲ့ကာ အရပ်သားပြည်သူ နှစ်ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။

“နေ့လယ်က ဗုံးကြဲသွားတာ နှစ်ဦးထိခိုက်ပါတယ်။ သုံးဦးထိခိုက်တယ်လို့လည်း ကြားတယ်။ နေအိမ်ငါးလုံးက မီးလောင်သွားတယ်။ တိုက်ပွဲလည်း မရှိပါဘူး။ နေလည်းပူနေတော့ မီးအားက တော်တော်များတယ်” ဟု ဒေသခံအမျိုးသမီးတစ်ဦးက MPA သို့ ပြောသည်။

ထို့ပြင် မတ် ၂၄ ရက်တွင်လည်း ဂန့်ဂေါနှင့် ထီးလင်းမြို့နယ်တို့ နယ်မြေချင်းထိစပ်လျက်ရှိနေသည့် မောလယ်လမ်းဆုံအနီးဝန်းကျင်ကို တံတားဦးနှင့် မိတ္ထီလာရှမ်းတဲလေတပ်မှ တက်လာသည့် ဂျက်ဖိုက်တာ လေးစင်းဖြင့် ပေါင် ၅၀၀ ဗုံး ၆ လုံးထက်မနည်းအပြင် ရော့ကတ်များဖြင့် တိုက်ခိုက်ခဲ့ရာ ငါးဦး သေဆုံးခဲ့ရသည်။

လက်ရှိတွင် ယောဒေသအတွင်းရှိ ထီးလင်းနှင့် ဆောမြို့နယ်တို့တွင် လေကြောင်းတိုက်ခိုက်မှုများ ပိုမိုလုပ်ဆောင်နိုင်သည်ဟု တယ်လီဂရန်ချန်နယ်အချို့က ဖော်ပြထားပြီးနောက် အရပ်သားပြည်သူများအနေဖြင့် စိုးရိမ်ထိတ်လန့်မှုများ မြင့်တက်လျက်ရှိနေသည်။

“လေကြောင်းကတော့ အမြဲသတိထားနေရပါတယ်။ အခုက ယောထဲက နေရာတွေ ပိုပြီး သတိထားနေရမယ်လို့ တွေ့ရတော့ ရွာထဲကနေ တချို့ကလည်း နွားလှည်းတွေနဲ့ ပြေးကုန်ကြပြီ။ ကျန်ခဲ့တဲ့လူတွေကလည်း ရင်တထိတ်ထိတ်နဲ့ပေါ့” ဟု ယောဒေသအတွင်း နေထိုင်နေသည့် အမျိုးသမီးတစ်ဦးက ဆိုသည်။

လက်ရှိတွင် ပြည်သူများအနေဖြင့် စစ်ကော်မရှင်တပ်၏ လေကြောင်းတိုက်ခိုက်မှုများကို ကာကွယ်နိုင်ရန်အတွက် ဗုံးခိုကျင်းများ တူးထားကြရန်လည်း တော်လှန်ရေးတပ်ဖွဲ့များက တိုက်တွန်းထားသည်။

ပြီးခဲ့သည့် ၂၀၂၆ ခုနှစ်၊ မတ် ၁၆ ရက်၌ ဂန့်ဂေါမြို့နယ်၊ ကျောက်ဂူဒေသကို တံတားဦးလေတပ်မှ တက်လာသည့် ဂျက်ဖိုက်တာလေးစင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အမျိုးသမီးနှစ်ဦးနှင့် အမျိုးသားတစ်ဦး သေဆုံးခဲ့ရသည်။

ယင်းအပြင် မတ် ၁၀ ရက်တွင်လည်း တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ထီးလင်းမြို့နယ် အရှေ့ခြမ်းတစ်နေရာကို တံတားဦးလေတပ်မှ တက်လာသည့် ဂျက်ဖိုက်တာတစ်စင်းဖြင့် ဗုံးကြဲတိုက်ခိုက်ရာ အမျိုးသားတစ်ဦး ဦးခေါင်းပြတ်ကာ သေဆုံးခဲ့ပြီး အမျိုးသမီးတစ်ဦး ဦးနှောက်ဖောက်ထွက်ဒဏ်ရာဖြင့် သေဆုံးခဲ့ရသည်။

အဆိုပါ လေကြောင်းတိုက်ခိုက်မှုများသည် တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် ဂန့်ဂေါနှင့် ထီးလင်းမြို့နယ်တို့ရှိ အရပ်သားပြည်သူများကို ဦးတည်တိုက်ခိုက်ထားသည့် တိုက်ခိုက်မှုများ ဖြစ်သည်။

စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ်တို့နှင့် ထိစပ်နေသည့် မကွေးတိုင်းအတွင်းရှိ ယောဒေသသည် ဒေသခံတော်လှန်ရေးတပ်ဖွဲ့များ အင်အားကောင်းရာ ဒေသတစ်ခုဖြစ်ပြီး၊ စစ်ကော်မရှင်တပ်က မကြာခဏ လေကြောင်းအသုံးပြု၍ ဗုံးကြဲတိုက်ခိုက်မှုများ လုပ်ဆောင်လျက်ရှိနေသည်။

စာတည်း-ကိုဆန်း