ထီးလင်း‌တွင် စစ်တပ် လေကြောင်းတိုက်ခိုက်မှုကြောင့် သက်ကြီးပိုင်း၂ဦး ဒဏ်ရာရ

ဓာတ်ပုံ - ယောအလင်းတန်း
ကဇွန်းထောင့်ရွာသစ်ကို ဗုံးကြဲမှုအပြီး တွေ့ရစဉ်။

မကွေးတိုင်း၊ ထီးလင်းမြို့နယ်၊ ကဇွန်းထောင့်ရွာသစ်ကို စစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ရာ သက်ကြီးပိုင်း၂ဦး ဒဏ်ရာရခဲ့ကြောင်း သိရသည်။

ယနေ့ ( မတ်လ ၂၆ရက် )၊ မွန်းလွဲ ၁နာရီ ၁၇မိနစ်ခန့်တွင် ထီးလင်းမြို့နယ်၊ မောချောင်းအရှေ့ဘက် ခြမ်းရှိ ကဇွန်းထောင့်ရွာသစ်ကို စစ်တပ်က လေကြောင်းမှ ဂျက်ဖိုက်တာဖြင့် ဗုံး၂လုံး ကြဲချတိုက်ခိုက် ခဲ့ရာ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး ဗုံးစထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

” ပေါင် ၃၀၀ ဗုံး ၂ လုံး ကြဲချတာ။ ရွာထဲက နေအိမ်တွေပေါ်ကျပြီး ပြည်သူတွေထိတာပါ။ ဒဏ်ရာ ရရှိတဲ့ပြည်သူတွေက တစ်အိမ်တည်းကမဟုတ်ဘူး။ ဘေးချင်းကပ်အိမ်တွေပဲ ဆိုပါတော့။ အသက် ကြီးပိုင်းတွေ ထိကြတာ။ အမျိုးသားကြီးက ပေါင်ကို ထိမှန်ပြီး၊ အမျိုးသမီးက လက်မောင်းထိမှန် ဒဏ်ရာရပါတယ်။ ဆေးဝါးကုသနေပါတယ်” ဟု ထီးလင်းမြို့နယ်သတင်းရင်းမြစ်က MPA ကို ပြောသည်။

ယင်းလေကြောင်းတိုက်ခိုက်မှုကြောင့် နေအိမ် ၅လုံး မီးလောင်ပျက်စီးခဲ့ပြီး နွားတစ်ကောင်နှင့် ဝက် ၃ကောင်လည်း သေဆုံးခဲ့ကြောင်း သိရသည်။

” တိုက်ပွဲမရှိဘဲ လာပစ်တာပါ။ ပြည်သူတွေကတော့ မီးငြှိမ်းဖို့ လုပ်ကြပြုကြပြီးတော့ ရှောင်တဲ့လူ လည်း ရှောင်ကုန်ကြပြီ။ အဓိကကတော့ အမျိုးသမီးနဲ့ ကလေးတွေ ရှောင်ကြတာပါ ” ဟု ၎င်းက ဆက်လက်ပြောသည်။
ယင်းရွာတွင် အိမ်ခြေ ၃၀၀ ခန့်ရှိကြောင်း သိရသည်။

မတ်လ ၂၄ရက်ကလည်း ထီးလင်းနှင့် ဂန့်ဂေါမြို့နယ်အစပ်ရှိ မောလယ်လမ်းဆုံကို စစ်တပ်က ဂျက်ဖိုက်တာ ၆စီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဒေသခံအမျိုးသား ၅ဦးသေဆုံးခဲ့သေးသည်။

စာတည်း-ML