မကွေးတိုင်း၊ ငဖဲမြို့နယ်တွင် စစ်ကြောင်းထိုးလာသည့် စစ်တပ် တိုက်ခိုက်ခံရပြီး အယောက် ၂၀သေဆုံးကြောင်းသိရသည်။
ယနေ့(မတ်လ ၂၆ရက်) နံနက် ၁၂နာရီ ၅မိနစ်ခန့်တွင် ငဖဲမြို့အနောက်ဘက် တောရကျောင်းတွင် တပ်စွဲထားသည့် အင်အား ၅၀ပါစစ်ကြောင်းသည် မန်းချောင်း(ကြောင်နွားသိုး)ဆည်သို့ စစ်ကြောင်း ထိုးလာပြီး မန်းချောင်းဆည် ရေပိုလွှဲ အရှေ့ဘက် မီတာ ၉၀၀ကျော်အတွင်း တပ်စွဲထားစဉ် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သားအယောက် ၂၀သေဆုံးပြီး ၅ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း Chin Defence Force – Asho က သတင်းထုတ်ပြန်သည်။
” အဓိကတော့ အခုတိုက်ပွဲက ( မန်းချောင်းဆည်နား) ကပစ ၁၄ နဲ့ ငဖဲမြို့ အနီးအတွက် နယ်မြေ ရှင်းလင်းရေး စစ်ကြောင်းထိုးတာမျိုးကို တိုက်ခိုက်တာပါ။ စစ်ကော်မရှင်ဘက်က တိုက်ပွဲ ဖြစ်ခဲ့တာ ကို စကစ အချင်းချင်း မိုးပေါ်ထောင် ပစ်ကြတာပါလို့ ငဖဲမြို့ပေါ်မှာ သတင်းမှောင် ချထားတာမို့ သတင်းထုတ်ပြန်ပေးလိုက်တာပါ” ဟု Chin Defence Force – Asho၊ ပြောရေးဆိုခွင့်ရှိသူ ရဲဘော် ဆလိုင်းရိုးချင်းက MPA သို့ပြောသည်။
ယင်းတိုက်ပွဲအတွင်း သေဆုံး၊ ဒဏ်ရာရမှုကို အတွင်းသတင်းပေးမှုအရ အတည်ပြုနိုင်ကြောင်း သိရသည်။
“တိုက်ပွဲအတွင်း ပါဝင်တဲ့ စစ်ကောင်စီဘက်က ပစ(စစ်မှုထမ်းတပ်သား)ထံကနေပဲ အသွင်ယူ သတင်း သိရတာမျိုးပါ။ ပြန်ဆုတ်ပြေးတာတွေ ရှိပေမဲ့ တခြားစစ်ကြောင်းတွေလည်း အနီးအနား ရှိသေးတာမို့ ပူးပေါင်းစုဖွဲ့တာမျိုးတော့ ပြန်ရှိပါတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။
ယင်းတိုက်ခိုက်မှုကို Chin Defence Force -Asho နှင့် လူ့ဘောင်သစ်တပ်မတော် – NSA အဖွဲ့တို့ ပူးပေါင်းဆင်နွှဲခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေးရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ ကြောင်း သိရသည်။
စစ်သားများ ထိခိုက်၊ သေဆုံးမှုကို MPA အနေနှင့် သီးခြားအတည်မပြုနိုင်ပေ။
စာတည်း-ML
