စက်သုံးဆီ မှောင်ခိုရောင်းဝယ်မှု ပြုလုပ်နေသူများ အရေးယူရန် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ညွှန်ကြားထားသော်လည်း နိုင်ငံဝန်ထမ်းများနှင့် စစ်တပ်၊ ရဲတပ်ဖွဲ့ဝင်များက မှောင်ခိုဈေးကွက်အတွင်း စက်သုံးဆီ ခိုးရောင်းချနေကြောင်း စုံစမ်း သိရသည်။
အရှေ့အလယ်ပိုင်းအရေးကြောင့် နိုင်ငံတစ်ဝန်း စက်သုံးဆီများကို အကန့်အသတ်ဖြင့် ရောင်းချပေးနေပြီး အချို့မြို့နယ်များတွင် စက်သုံးဆီပြတ်လပ်မှုများနှင့်အတူ ဈေးအဆမတန်ပေးဝယ်နေရသည်။
ယခုကဲ့သို့ ပြည်သူများ စက်သုံးဆီရရှိရေး ခက်ခဲနေသည့်ကာလတွင် စစ်ကော်မရှင်သည် ၎င်းတို့လက်အောက်ခံ စစ်ဘက်၊ အရပ်ဘက်နိုင်ငံဝန်ထမ်းများကို ဦးစားပေးစနစ်ဖြင့် စက်သုံးဆီ အပြည့်အဝ ထည့်ခွင့်ပြုကြရန် ညွှန်ကြားခဲ့သည်။
ထိုအခြေအနေကို အခွင့်အကောင်းယူပြီး နိုင်ငံဝန်ထမ်းအချို့၊ စစ်တပ်နှင့် ရဲများက စက်သုံးဆီများကို လိုအပ်သလောက် ထုတ်ယူပြီး ပြင်ပမှောင်ခိုဈေးကွက်အတွင်း ဈေးအဆမတန်မြှင့်ကာ ပြန်လည်ရောင်းချမှုများ ရှိနေကြောင်း မော်လမြိုင်မြို့ စက်သုံးဆီဆိုင်တစ်ဆိုင်မှ ဝန်ထမ်းတစ်ဦးက MPA ကို ပြောသည်။
“ဝန်ထမ်းတွေအတွက် သီးသန့်ဦးစားပေး စက်သုံးဆီ ထားထားပေးရတယ်၊ ဟိုအချိန် ဒီအချိန်မှာ လာထည့်ရမယ်ဆိုတာ ညွှန်ကြားထားတာပဲ ရှိတယ်၊ တကယ်တမ်း လူကြီးပိုင်းတွေက ကြိုက်တဲ့အချိန်ထည့်တာပဲ၊ သူတို့က ဘယ်ခရီးစဉ်ရှိလဲ ဆီဘယ်လောက်လိုနေလဲ ပြောပြီး အပြည့်အဝကို ထည့်သွားတာပဲ၊ ဘောက်ချာက ဂျာကြီး (မန်နေဂျာ) နဲ့ ညှိပြီး အဆင်ပြေသလို ယူသွားကြတာပဲ၊ သူတို့ မှောင်ခိုဈေးကွက်မှာ ပြန်ရောင်းနေတော့ တကယ်တမ်း လိုအပ်တဲ့သူက နစ်နာတာပေါ့၊ အခုဆို တဖြည်းဖြည်းနဲ့ အရန်ဆီကလည်း နည်းလာနေပြီ” ဟု ၎င်းက ပြောသည်။
တစ်ဖက်တွင်မူ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကလည်း စက်သုံးဆီများ အမှန်တကယ်အသုံးပြုသူများ လက်ဝယ်ရောက်ရှိရေးအတွက် မှောင်ခိုရောင်းဝယ်နေမှုများ ထိရောက်စွာ အရေးယူရန် မတ်လ ၂၄ ရက်တွင် ညွှန်ကြားခဲ့သည်။
သို့သော် လက်တွေ့ စစ်ကော်မရှင်လက်အောက်ခံ ဝန်ထမ်းများက ရရှိလာသည့်အခွင့်အရေးများကို အသုံးချပြီး မှောင်ခိုဈေးကွက်များတွင် စက်သုံးဆီဈေးနှုန်းကို ခြယ်လှယ်နေကြကြောင်း ဝေဖန်မှုများ ရှိနေသည်။
ထို့အပြင် စက်သုံးဆီပြတ်လပ်မှုကို စတင်ခံစားနေရသည့်ကျေးရွာများအတွက် လုပ်ငန်းသုံးရန် ဝယ်ယူလာသည့် စက်သုံးဆီများကို မြို့အဝင်အထွက်လမ်းပိုင်းတွင် စစ်ကော်မရှင်လက်အောက်ခံ လုံခြုံရေးတပ်ဖွဲ့ဝင်များ သိမ်းဆည်းမှုများ ရှိနေသည်။
“ဂါလံပုံးအလိုက် သယ်လာတယ်၊ လုပ်ငန်းသုံးအတွက်ပါပဲ၊ မြို့ပေါ်ဆိုင်ကနေ ဝယ်လာတာပေါ့၊ ခွင့်ပြုချက်လည်း ရှိတယ်၊ အများကြီး မဟုတ်ဘူး၊ ၃ ပုံးလောက်ပါပဲ၊ အဲဒါ ကျိုက်မရော စံပယ်ဂူတံတားဂိတ်ရောက်တော့ စစ်သားတွေက ပေးမသယ်ဘဲ သိမ်းလိုက်တယ်၊ သယ်လို့မရဘူးလို့ ပြောပြီး သိမ်းတာတဲ့” ဟု ကျိုက်မရောမြို့နယ် စံပယ်ဂူတံတားစစ်ဆေးရေးဂိတ်တွင် စက်သုံးဆီ သိမ်းဆည်းခံလိုက်ရသူနှင့် နီးစပ်သူတစ်ဦးက ပြောသည်။
သိမ်းဆည်းခဲ့သည့် စက်သုံးဆီများကို အဆိုပါစံပယ်ဂူတံတားအနီးရှိ ကျေးရွာများတွင် တစ်လီတာကို ငွေကျပ် ၁၇,၀၀၀ နှုန်းဖြင့် စစ်ကော်မရှင်တပ်များ လိုက်လံရောင်းချခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။
တစ်ဖက်တွင်မူ မွန်ပြည်နယ်စစ်ကော်မရှင်က မော်လမြိုင်မြို့တွင် စက်သုံးဆီကို တရားမဝင်ရောင်းချသည့် စွပ်စွဲချက်ဖြင့် အရောင်းဆိုင်ပိုင်ရှင်နှင့် မန်နေဂျာအချို့ကို ဖမ်းဆီးခဲ့သည်။
ဖမ်းဆီးခံရသူများသည် မင်းသန့် နှင့် မင်းသန့် (၁) စက်သုံးဆီအရောင်းဆိုင်ပိုင်ရှင် ဦးလှဝင်းခိုင်၊ မန်နေဂျာ ဦးမင်းရဲထွန်း၊ ဦးဇော်မင်းအောင်၊ မိဘမေတ္တာစက်သုံးဆီအရောင်းဆိုင်ပိုင်ရှင် ဦးမြင့်ဇော်ဦး၊ မန်နေဂျာ ဦးကိုကိုလတ်၊ စွမ်းမြန်မာ စက်သုံးဆီအရောင်းဆိုင်ပိုင်ရှင် ဦးစိန်တင်နှင့် တာဝန်ခံ ကိုဇေယျာမင်းတို့ကို မတ်လ တတိယအပတ်ထဲတွင် ဖမ်းဆီးခဲ့သည်။
၎င်းတို့သည် ခွင့်ပြုချက်မရှိဘဲ စက်သုံးဆီများကို ပုံး၊ ပေပါအလိုက် ရောင်းချမှုရှိနေကြောင်း သတင်းပေးတိုင်တန်းချက်အရ ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း စစ်အုပ်စုက ဝါဒဖြန့်ခဲ့သည်။
“သူတို့ဝန်ထမ်းတွေဆို ကြိုက်သလို လုပ်၊ ခိုးရောင်းနေတာကျ အရေးမယူဘူး၊ ပေါင်းစားလို့ မရရင် ဟိုလူ ချောက်တွန်း ဒီလူကို ချောက်တွန်းပြီး ဖမ်းတယ်၊ သူတို့ဝန်ထမ်းတွေ မှောင်ခိုရောင်းနေကြတာ အရေးယူလေ၊ ရှိသေးတယ်၊ အုပ်ချုပ်ရေးမှူးတွေ ရောင်းနေကြတာပဲလေ၊ ဒီပြတ်လပ်မှု နိုင်ငံတိုင်းကြုံနေရပေမဲ့ ကိုယ့်နိုင်ငံမှာ ဘာဖြစ်လို့ လူထုက ပိုပြီး ခံစားနေရလဲဆိုတာ ခေါင်းဆောင်လုပ်သူတွေရဲ့ စီမံခန့်ခွဲမှု တလွဲတွေကြောင့်၊ ဒီတိုင်းဆက်သွားနေရင် ရှိသမျှလုပ်ငန်း အကုန်ရပ်ရတော့မယ်” ဟု မော်လမြိုင်မြို့ရှိ အသေးစားစက်မှုလုပ်ငန်းရှင်တစ်ဦးက ပြောသည်။
စစ်အုပ်စုသည် စက်သုံးဆီချွေတာရေးအတွက်ဆိုကာ “မ၊ စုံ” ရက်စနစ်အတိုင်း မောင်းနှင်ကြရန်နှင့် စက်သုံးဆီကို QR Code ဖြင့် ရောင်းချရန် ညွှန်ကြားထားသည်။
လက်ရှိ မွန်ပြည်နယ်ရှိ စက်သုံးဆီအရောင်းဆိုင်များတွင် ၉၅ တစ်လီတာကို ငွေကျပ် ၃,၉၉၅ ၊ ၉၂ တစ်လီတာကို ၃,၇၆၅ ကျပ် ပေါက်ဈေးရှိနေသော်လည်း မှောင်ခိုဈေးကွက်တွင် စက်သုံးဆီတစ်လီတာကို ငွေကျပ် ၁၅,၀၀၀ မှ ၂၀,၀၀၀ ဝန်းကျင်အထိ ပေါက်ဈေးရှိနေသည်။
စက်သုံးဆီပြတ်လပ်မှုကြောင့် နိုင်ငံတစ်ဝန်းရှိ လယ်ယာစိုက်ပျိုးရေး၊ ဟိုတယ်ခရီးသွားလာရေး၊ စက်မှုလုပ်ငန်း အပါအဝင် အများပြည်သူသယ်ယူဆောင်ရေးလုပ်ငန်းများအပေါ် ရိုက်ခတ်မှု ရှိလာပြီး အချို့လုပ်ငန်းများ ရပ်နားလာရသည်အထိ ကြုံတွေ့နေရပြီဖြစ်ကြောင်း သိရသည်။
စာတည်း-ကိုဆန်း
