တော်လှန်ရေးဒေသများတွင် ဓာတ်ဆီစျေးနှုန်း နှစ်ဆထိမြင့်တက်နေပြီး လိုအပ်သလောက် ဝယ်ယူ၍မရဖြစ်နေ

ဓာတ်ပုံ-MOI

မြန်မာနိုင်ငံအတွင်း စစ်ကော်မရှင်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားနေသည့်နေရာများနှင့် တော်လှန်ရေးတပ်ဖွဲ့များ စိုးမိုးထားသည့် နေရာများ၌ ဓာတ်ဆီစျေး နှစ်ဆထိ မြင့်တက်နေပြီး လိုအပ်သလောက်ပင် ဝယ်ယူ၍ မရကြောင်း ဒေသခံများထံမှ စုံစမ်း သိရှိရသည်။

အရှေ့အလယ်ပိုင်းစစ်ပွဲများကြောင့် မြန်မာနိုင်ငံ၌ စက်သုံးဆီအကျပ်အတည်းများ ရိုက်ခတ်လာပြီးနောက် စစ်ကော်မရှင်ထိန်းချုပ်ရာ ဒေသများအပြင် တော်လှန်ရေးတပ်ဖွဲ့များ ထိန်းချုပ်ရာဒေသများတွင်လည်း စက်သုံးဆီအခက်အခဲများ ကြုံတွေ့နေရခြင်း ဖြစ်သည်။

“ဓာတ်ဆီတွေက ပြတ်နေကြတယ်။ လိုအပ်သလောက်မရဘူး။ 92 တစ်လီတာကို ၁၃၀၀၀ ထိ ပေးနေရတယ်။ ချက်ဆီနဲ့ ရောသုံးနေကြတဲ့သူတွေကလည်း သုံးနေကြပြီ။ အခြေအနေတွေကတော့ အတက်တွေဘဲရှိမယ် ထင်ပါတယ်” ဟု ကျောက်ထုမြို့နယ်အတွင်း နေထိုင်သည့် အမျိုးသားတစ်ဦးက MPA သို့ ပြောသည်။

လက်ရှိတွင် စစ်ကော်မရှင်တပ်၏ စက်သုံးဆီရည်ညွှန်းစျေးအရ 92 တစ်လီတာလျှင် ၃၆၀၀ ကျပ်သာ ရှိသော်လည်း ပြင်ပစျေးကွက်၌မူ တစ်လီတာ ၈၀၀၀ မှ ၁၅၀၀၀ ကျပ်အထိ ရှိနေသည်။

“မြို့ပေါ်မှာက တန်းစီပြီး ဝယ်ရတဲ့ တစ်လီတာကို ၃၅၀၀၊ ငါးဂါလံ တစ်ပုံးကို တစ်သိန်း။ တန်းစီရတာကလည်း ဆိုင်ကယ်ထဲဘဲ ထည့်ရတာဆိုတော့ ထုတ်လိုက်၊ ထည့်လိုက်နဲ့ အချိန်ပေးရတယ်။ အချိန်မပေးချင်ရင် မသန့်တဲ့ဆီ ငါးဂါလံတစ်ပုံးကို ၁ သိန်းခွဲ ကနေ ၁၈၀၀၀၀ ထိ စျေးပေါက်တယ်၊ မှောင်ခိုစျေးကွက်ပေါ့။ 92 သန့်တဲ့ ဓာတ်ဆီကတော့ နှစ်သိန်းနဲ့ အထက်မှာ ရှိတယ်။ ကျတော်တို့တောင် ဝယ်ချင်သလောက် မရဘူး” ဟု ပခုက္ကူမြို့နယ်မှ ဓာတ်ဆီရောင်းချသူတစ်ဦးက ဆိုသည်။

ထို့ပြင် မကွေးတိုင်းအတွင်းရှိ ရေနံထွက်ရှိရာ မြိုင်မြို့နယ်တွင်လည်း မတ် ၇ ရက်၌ 92 တစ်လီတာလျှင် ၇၀၀၀ ကျပ်သာရှိခဲ့ကာ လက်ရှိတွင် ၁၃၀၀၀ ကျပ်အထိ မြင့်တက်လျက်ရှိနေပြီး၊ ချက်ဆီတစ်လီတာလျှင်လည်း ၅၀၀၀ ကျပ်မှ ၈၅၀၀ ကျပ်အထိ မြင့်တက်နေသည်။

“92 က တစ်လီတာ ၁၃၀၀၀၊ ချက်ဆီက ၈၀၀၀၊ တကယ်ကို ဆိုင်ကယ်မစီးနိုင်တော့ဘူး။ ရေနံထွက်တဲ့ မြိုင်မှာ ချက်ဆီတောင် ဒီလောက်ရှိနေတာက မဖြစ်သင့်ပါဘူး။ ဒေသခံတွေကတော့ တတ်နိုင်ပေမယ့် ကျမတို့လို စစ်ရှောင်တွေကျတော့ အဆင်မပြေတော့ဘူး။ ပုလဲမှာလည်း စျေးသိပ်မကွာဘူး” ဟု မြိုင်မြို့နယ်မြောက်ပိုင်းတွင် နေထိုင်နေသည့် စစ်ရှောင်အမျိုးသမီးတစ်ဦးက ဆိုသည်။

မကွေးတိုင်းနှင့် နယ်မြေချင်းထိစပ်လျက်ရှိနေသည့် စစ်ကိုင်းတိုင်းအတွင်းရှိနယ်မြေများတွင်လည်း စက်သုံးဆီအကျပ်အတည်းများ ကြုံတွေ့နေရသည်။

“ကျတော်တို့ဘက်မှာ ငါးဂါလံတစ်ပုံးကို နှစ်သိန်းဖြစ်နေတာ ကြာပြီ။ ရပ်ရွာထဲက အသေးစားလုပ်ငန်းလေးတွေဆိုရင် ခက်ခဲတာပေါ့။ လျှပ်စစ်မီးမရှိတော့ မီးစက်အားကိုးနေရတာလေ” ဟု ယင်းမာပင်ခရိုင်အတွင်း၌ နေထိုင်သည့် အမျိုးသားတစ်ဦးက ဆိုသည်။

လက်ရှိတွင် စက်သုံးဆီစျေးနှုန်းမြင့်တက်မှုနှင့် လိုအပ်သလောက်ဝယ်ယူ၍ မရနိုင်မှုတို့ကြောင့် အရေးပေါ်ကျန်းမာရေး၊ သွားလာရေးအခက်အခဲများအပြင် နေ့စဉ်လူနေမှုဘဝကိုလည်း ဖြည်းဖြည်းချင်း ထိခိုက်လာကြကြောင်း ပြည်သူများက ဆိုသည်။

အရှေ့အလယ်ပိုင်းစစ်ပွဲများကြောင့် မြန်မာနိုင်ငံအပါအဝင် နိုင်ငံအများစုမှာ စက်သုံးဆီအကျပ်အတည်းများ ရိုက်ခတ်လာခြင်း ဖြစ်ပြီး မြန်မာနိုင်ငံ၌ စစ်ကော်မရှင်တပ်၏ စုံ၊ မ ရက်ခွဲကာ ဆီခွဲတမ်းချပေးခြင်းနှင့် တန်းစီ၍ ဝယ်ယူရခြင်းတို့ကို ကြုံတွေ့နေရသည်။

စာတည်း-ကိုဆန်း