PDFကို စိန်ခေါ်ထားသည့် ပုတီးကုန်းမြို့နယ်အတွင်းရှိ အုပ်ချုပ်ရေးမှူးတစ်ဦး ပစ်ခတ်ခံရပြီး သေဆုံး သွားကြောင်း သိရသည်။
မတ်လ ၂၅ရက်၊ မွန်းလွဲ ၂နာရီခန့်က “ကြိုက်တဲ့ PDF ခေါ်လာခဲ့ မကြောက်လို့ အုပ်ကြီးလုပ်နေတာ” ဟု ကြွေးကြော်ထားသည့် ပဲခူးတိုင်း၊ သဲကုန်းမြို့နယ်၊ ပုတီးကုန်းမြို့နယ်၊ညောင်ဝင်းရွာ အုပ်ချုပ်ရေး မှူး ဇော်မင်းကို ၎င်း၏ နေအိမ်မှာပင် ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း ပေါင်းတည်မြို့နယ်ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့ – PPDF က ယနေ့ ( မတ်လ ၂၇ရက် ) သတင်းထုတ်ပြန်သည်။
” သေနတ်နဲ့ ၃ချက် ပစ်ခဲ့တာပါ။ ပစ်ခတ်ချိန်မှာ မိသားစုဝင်တွေရှိပေမဲ့ မဆိုင်တဲ့သူမလုပ်ပါဘူး။ သူ့သားက ရဲပါ။ သားဖြစ်သူရဲ့ အကူအညီနဲ့ အရင်အုပ်ချုပ်ရေးမှူးကို ဖြုတ်ချပြီး သူက အုပ်ချုပ်ရေး မှူးတက်လုပ်နေတာ။ သူ့ကို ရှင်းလင်းဖို့ ၇ရက်လောက် အချိန်ယူခဲ့ရပါတယ်” ဟု ပြည်ခရိုင်တပ်ရင်း ၁၊ စစ်ထောက်လှမ်းရေးနှင့်သတင်းပြန်ကြားတာဝန်ခံ ရဲဘော် Shadow က MPA ကို ပြောသည်။
ပစ်ခတ်မှုအပြီး တစ်နာရီခန့်အကြာတွင် ညောင်ဝင်းရွာသို့ စစ်သားများ ရောက်ရှိလာပြီး စစ်ဆေး မေးမြန်းမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
” ငါ့သားကရဲ၊ ငါက အုပ်ချုပ်ရေးမှူးဆိုပြီး ကျေးရွာနေပြည်သူတွေကို အကြောက်တရားရအောင် အမျိုးမျိုး ခြိမ်းခြောက်တာတွေ၊ ပေါ်တာဆွဲတာ ၊ ပေါ်တာကြေးကောက်တာတွေ လုပ်နေလို့ ရှင်း လင်းခဲ့တာပါ” ဟု ၎င်းက ဆက်လက်ပြောသည်။
ဇော်မင်းအလောင်း မြေချခြင်းကို မတ်လ ၂၆ရက်က ပြုလုပ်ခဲ့သည်။
ယင်းပစ်ခတ်မှုကို ပဲခူးတိုင်းစစ်ဌာန၊ ဗျူဟာ ၂၁ ကွပ်ကဲမှုလက်အောက်ရှိ ပြည်ခရိုင်တပ်ရင်း ၁၊ တပ်ခွဲ ၄ နှင့်ပြည်ခရိုင်တပ်ရင်း ၂၊ တပ်ခွဲ ၄ တို့ ပူးပေါင်းဖော်ဆောင်ခဲ့ကြောင်း သိရသည်။
ညောင်ဝင်းရွာသည် ပုတီးကုန်းမြို့နှင့် ၂မိုင်ခန့်အကွာတွင် တည်ရှိသည်။
စာတည်း-ML
