ဆိုးလ်မြို့တွင် စစ်ကော်မရှင်၏ ညစာစားပွဲ တက်ရောက်ခဲ့သည့် ချမ်းမြမြသော်ကို Social Punishment ပြုလုပ်ရန် နှိုးဆော်

တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့ရှိ Mondrian ဟိုတယ်ရှေ့တွင် အာဏာသိမ်းစစ်ကော်မရှင်က ကျင်းပသည့် တရားမဝင် တပ်မတော်နေ့ ဂုဏ်ပြုညစာစားပွဲကို ကိုရီးယားရောက် မြန်မာနွေဦးတော်လှန်ရေး အင်အားစုများနှင့် အရပ်ဘက်အဖွဲ့အစည်းများက စုပေါင်း၍ ပြင်းပြင်းထန်ထန် ကန့်ကွက်ဆန္ဒပြခဲ့ကြသည်။

အဆိုပါ သွေးစွန်းညစာစားပွဲသို့ တက်ရောက်သူများထဲတွင် ၂၀၂၁ ခုနှစ် တော်လှန်ရေးအစောပိုင်းကာလ၌ ကိုရီးယားမီဒီယာများမှတစ်ဆင့် မြန်မာ့အရေးအတွက် အသံထုတ်ဖော် (Speak Out) ပေးခဲ့ဖူးသူ ချမ်းမြမြသော် ပါဝင်ခဲ့ခြင်းဖြစ်သည်။

၂၀၂၃ ခုနှစ်အတွင်းက ချမ်းမြမြသော်သည် စစ်ကော်မရှင်ထံတွင် ခံဝန်ကတိထိုး၍ ဘက်ပြောင်းသွားပြီဖြစ်ကြောင်း သတင်းများထွက်ပေါ်ခဲ့သော်လည်း ခိုင်လုံသောသက်သေမရှိခဲ့ဘဲ ယခုညစာစားပွဲတွင် လက်ခုပ်တီးအားပေးနေသည့် ဓာတ်ပုံမှတ်တမ်းများကြောင့် သူမ၏ရပ်တည်ချက်အစစ်အမှန်မှာ အားလုံးရှေ့တွင် ပေါ်လွင်သွားခဲ့ပြီဖြစ်သည်ဟု ကိုရီးယားရောက် မြန်မာနိုင်ငံသားများကပြောသည်။

“ကျွန်တော်ကိုယ်တိုင်လည်း ဓာတ်ပုံတွေ ကြည့်ခွင့်ရခဲ့ပါတယ်။ စိတ်ချရတဲ့ သတင်းထောက်တဲ့ရဲဘော်တွေဆီကလည်း အတည်ပြုထားပါတယ်။ လာတာတော့ သေချာပါတယ်။” ဟု ကိုရီးယားရောက် ထောက်ပို့ရဲဘော်တစ်ဦးက အတည်ပြုသည်။

ဤလုပ်ရပ်သည် တော်လှန်ရေးအတွက် အသက်သွေးချွေးပေးဆပ်နေကြသည့် ပြည်သူတစ်ရပ်လုံးနှင့် မြေပြင်တိုက်ပွဲဝင်နေသူများအပေါ် နောက်ကျောမှ ဓားဖြင့်ထိုးသည့် သစ္စာဖောက်မှုဖြစ်ကြောင်း မြေလတ်ဒေါင်းတို့ ပွဲကစို့ နှင့် Fncc Burma Fact Check Community.တို့က ကြေညာထားသည်။

ကိုယ့်ရပ်တည်ချက်ကို ကိုယ်ကျိုးစီးပွားအတွက် အလဲအလှယ်လုပ်သူ၊ ပြည်သူ့သွေးနှင့်မျက်ရည်ကို ရောင်းဝယ်ဖောက်ကားသူများအား လူထုအနေဖြင့် တစ်သက်တာ မမေ့မလျော့ဘဲ ပြင်းပြင်းထန်ထန် Social Punishment (လူမှုရေးအရ ပြစ်ဒဏ်ခတ်ခြင်း) ပြုလုပ်ကြရန် နှိုးဆော်ထားသည်။

ချမ်းမြမြသော်သည် တောင်ကိုရီးယားတွင် မီဒီယာဩဇာ အတော်အသင့်ရှိသူဖြစ်ရာ သူမပေးဝေမည့် သတင်းအမှား (Misinformation) များနောက်သို့ လူငယ်များ လမ်းမှားမပါသွားစေရန် သတိကြီးစွာထား၍ ဝိုင်းဝန်းတားဆီးကြရန် ၎င်းတို့က အသိပေးထားသည်။

“စစ်ကော်မရှင်ရဲ့ လေကြောင်းရန်ဒဏ်ကို အဆိုးရွားဆုံး ခံစားနေရတဲ့ ဒေသက လာတဲ့သူ တစ်ယောက်ဖြစ်ပြီးတော့ မိမိရဲ့ သားသမီးအရွယ် ကလေးငယ်တွေ နေ့တိုင်း ဗုံးကြဲသတ်ဖြတ်ခံနေရတာကို သိပါလျက်နဲ့ အပြုံးမပျက် မျက်ကွယ်ပြုပြီး လူသတ်သမားတွေအတွက် လက်ခုပ်တီး ဂုဏ်ပြုပေးနေတာဟာ တကယ်ကို ရွံရှာစက်ဆုပ်ဖို့ ကောင်းတဲ့ လုပ်ရပ်ပါပဲ။”ဟု ချမ်းမြမြသော်၏ ပရိတ်သတ်တစ်ဦးက မှတ်ချက်ပြုသည်။

ပညာတတ်သော်လည်း အောက်တန်းကျသည့် စိတ်ဓာတ်ဖြင့် စစ်အာဏာရှင်ဘက်တော်သား လုပ်သူများကို တော်လှန်ရေးနှင့် လူမှုအသိုင်းအဝိုင်းအတွင်းမှ အပြီးတိုင် ဖယ်ထုတ်ပစ်ရန်အတွက် သူမနှင့်ပတ်သက်သည့် လုပ်ငန်းများ၊ Personal အချက်အလက်များကို ထပ်မံဖော်ထုတ် Boycott လုပ်ကြရန် လူမှုကွန်ရက် စာမျက်နှာများ၌ တိုက်တွန်းထားကြသည်။

ယခုကဲ့သို့ ချမ်းမြမြသော်ကို ပြည်သူများက Social Punishment ပြုလုပ်ရန် နှိုးဆော်နေမှုအပေါ် Facebook စာမျက်နှာ၏ My Day ၌ ၎င်းက “စွကျိုးနည်း လွတ်လပ်ရေးပါလားဟယ်၊ ငါပြောသလိုလုပ်၊ ငါနေခိုင်းသလိုနေ လွတ်လပ်ရေး” ဟု ပြန်လည် တုံ့ပြန်ထားသည်။

တစ်ဖက်တွင်လည်း ဆိုးလ်မြို့ရှိ စစ်ကော်မရှင်စစ်သံရုံးသည် နိုင်ငံတကာဧည့်သည်များရှေ့တွင် အလစ်အငိုက် ဆန္ဒပြခံရခြင်းကြောင့် အရှက်ရကာ ဒေါသတကြီးဖြင့် တုံ့ပြန်မှုများ ပြုလုပ်လာကြောင်း သိရသည်။

မတ်လ ၂၇ ရက်နေ့က စစ်သံရုံးရှေ့တွင် တော်လှန်ရေးအင်အားစုများက ကြေညာချက်ဖတ်ကြားစဉ် စစ်သံရုံးအတွင်းမှ ဝါဒဖြန့်သီချင်းများ ကျယ်လောင်စွာဖွင့်၍ အော်ဟစ်နှောင့်ယှက်ခြင်းတန်ပြန်ပြုလုပ်ခဲ့သေးသည်။

စစ်သံရုံးရှေ့တွင် ဆန္ဒပြခဲ့သည့် တော်လှန်ရေးအဖွဲ့အစည်းများက ကမ္ဘာ့နိုင်ငံများအနေဖြင့် စစ်အုပ်စုကို လက်နက်နှင့် လေယာဉ်ဆီ ရောင်းချနေမှုများ ချက်ချင်းရပ်တန့်ရန်နှင့် စစ်ရာဇဝတ်ကောင်များကို အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံး (ICC) တွင် အမြန်ဆုံး အရေးယူပေးရန် ထပ်မံတောင်းဆိုထားသည်။

စာတည်း-ကိုဆန်း