DW
အီရန်နိုင်ငံအနောက်ပိုင်း၊ ခွန်ဒတ် (Khondab) ရှိ သုတေသနဓာတ်ပေါင်းဖိုတစ်ခု လေကြောင်းမှ တိုက်ခိုက်ခံခဲ့ရကြောင်း အီရန်အရာရှိတစ်ဦးက မတ်လ ၂၇ ရက်တွင် ပြောကြားသည်။
အဆိုပါ အီရန်သုတေသနဓာတ်ပေါင်းဖိုတစ်ခုသည် “အမေရိကန်နှင့် ဇီယွန်ဝါဒီ (အစ္စရေး) ရန်သူတို့၏ ကျူးကျော်မှုကြောင့် အဆင့်နှစ်ဆင့်ဖြင့်” ဗုံးကြဲတိုက်ခိုက်ခံခဲ့ရကြောင်း အီရန်အရာရှိတစ်ဦးက Fars သတင်းဌာနသို့ ပြောကြားခဲ့သည်။
သို့သော် ထိခိုက်သေဆုံးသူမရှိသလို ရောင်ခြည်ဖြာထွက်မှု ယိုစိမ့်နိုင်ခြေ အန္တရာယ်လည်း မရှိကြောင်း အီရန်အာဏာပိုင်များက ပြောဆိုထားသည်။
အစ္စရေးစစ်တပ်ကလည်း အဆိုပါ တိုက်ခိုက်မှုကို နောက်ပိုင်းတွင် အတည်ပြုခဲ့သည်။
အီရန်နိုင်ငံခြားရေးဝန်ကြီး ဆယက်ဒ် အဘတ်စ် အရတ်ဂ်ချီက အစ္စရေးသည် အီရန်၏ အကြီးဆုံး သံမဏိစက်ရုံ နှစ်ရုံ အပါအဝင် အခြေခံအဆောက်အအုံများ၊ လျှပ်စစ်ဓာတ်အားပေးစက်ရုံတစ်ရုံနှင့် အရပ်ဘက်သုံး နျူကလီးယားစခန်းများကို တိုက်ခိုက်ခဲ့ကြောင်း မတ်လ ၂၇ ရက်တွင် လူမှုကွန်ရက်မှတစ်ဆင့် ပြောကြားခဲ့သည်။
“ဒီတိုက်ခိုက်မှုဟာ [ဒေါ်နယ်ထရမ့်] သံတမန်ရေးအရ တိုးမြှင့်ပေးထားတဲ့ သတ်မှတ်ချက်တွေနဲ့ ဆန့်ကျင်နေပါတယ်” ဟု အရတ်ဂ်ချီက ရေးသားခဲ့သည်။
ငြိမ်းချမ်းရေးဆွေးနွေးမှုများကို အထောက်အကူဖြစ်စေရန်အတွက် အီရန်နိုင်ငံ၏ လျှပ်စစ်ဓာတ်အားပေးစက်ရုံများနှင့် စွမ်းအင်အခြေခံအဆောက်အအုံများအပေါ် စစ်ရေးအရ တိုက်ခိုက်မှုအားလုံးကို ပန်တဂွန်စစ်ဌာနချုပ်အနေဖြင့် “ဆိုင်းငံ့ထားမည်” ဟု ထရမ့် ပြောကြားခဲ့ခြင်းကို ၎င်းက ရည်ရွယ်ပြောဆိုခဲ့ခြင်းဖြစ်သည်။
မတ်လ ၂၇ ရက်နေ့က ပြုလုပ်ခဲ့သော တိုက်ခိုက်မှုများတွင် အမေရိကန်တပ်ဖွဲ့များ ပါဝင်ပတ်သက်ခြင်း ရှိ၊ မရှိကို အရတ်ဂ်ချီက ထည့်သွင်းပြောကြားခြင်း မရှိသော်လည်း “အစ္စရေးကတော့ အမေရိကန်နဲ့ ပူးပေါင်းဆောင်ရွက်ခဲ့တာလို့ ဆိုထားပါတယ်” ဟု ၎င်းက ရေးသားခဲ့သည်။
ထို့ပြင် ယခုကဲ့သို့ ဗုံးကြဲတိုက်ခိုက်သူများအနေဖြင့် တန်ဖိုးကြီးမားစွာ ပြန်လည်ပေးဆပ်ရမည်ဟု လည်း အရတ်ဂ်ချီကဆိုသည်။
