သထုံမြို့ အာဝါဒေးပွဲသို့လာသော လူငယ်များ ပျောက်ဆုံးနေ

မွန်ပြည်နယ်၊သထုံမြို့ အာဝါဒေးပွဲသို့လာသော လူငယ်များ ပျောက်ဆုံးနေကြောင်း သိရသည်။

သထုံမြို့၊လိပ်အင်းရပ်ကွက်၊လေယာဉ်ကွင်းဟောင်းတွင် မတ်လ၂၆ရက်ညက စတင်ပြုလုပ်နေသော ဈေးရောင်းပွဲအမည်ခံ လောင်းကစားဝိုင်း အာဝါဒေးပွဲသို့ လာသည့် လူငယ်အမျိုးသား ၁၀ဦး ယနေ့ (မတ်၂၉ရက်)အချိန်ထိ အိမ်ပြန်မရောက်ကြောင်း မွန်ပြည်နယ်ပကဖ ထံက သိရသည်။

“ အင်းဝိုင်းရွာကနေလာတဲ့ လူငယ်၈ယောက် ပျောက်နေတယ်။နောင်ဘိုက ၂ယောက်လည်း ပျောက် နေတယ်။စစ်မှုထမ်းအတွက် ပေါ်တာဆွဲခံရတယ်လို့ ထင်ကြတယ်”ဟု မွန်ပြည်နယ်ပကဖ၊ဒုတာဝန်ခံ စောထူးအောင်က MPAသို့ပြောသည်။

မတ်လ၂၈ရက်ညက အာဝါဒေးပွဲမှ ဆိုင်ကယ်များဖြင့် ပြန်လာသည့် နောင်ဘိုရွာသားများအနက် နောက်ဆုံးမှ လိုက်ပါလာသည့် လူငယ်၂ယောက်စီး ဆိုင်ကယ်မှာ ရွာသိ့ ပြန်မရောက်လာတော့ ကြောင်း သိရသည်။

“ဘယ်မှာ ဘာဖြစ်ပြီး ကျန်ခဲ့တာလဲမသိဘူး။ဒီနေ့ထိ ပျောက်နေတယ်”ဟု ၎င်းက ဆက်လက် ပြောသည်။

မတ်၂၇ရက်ညက သထုံမြို့နယ်၊အင်းဝိုင်းရွာမှ အာဝါဒေးပွဲသို့လာသော လူငယ်၈ဦးလည်း ပျောက်ဆုံး နေကြောင်း သိရသည်။

“ပွဲနဲ့ မျှားပြီး စစ်မှုထမ်းအတွက် ပေါ်တာဆွဲတာ သေချာပါတယ်။အဲဒီလိုပဲ လုပ်နေတာလေ။လူငယ် တွေကလည်း ရပါတယ်ဆိုပြီး သွားကြလာကြတော့ ဒုက္ခတွေ့တာပဲ”ဟု သထုံမြို့၊မင်းလမ်းနေ ပြည်သူတစ်ဦးက ပြောသည်။

သထုံမြို့ပေါ်တွင် ဈေးရောင်းပွဲခေါင်းစဉ်ဖြင့် လောင်းကစားဝိုင်းသွင်းခြင်းမှာ ယခု ပထမဆုံးအကြိမ် ဖြစ်ပြီး မည်သည့်ရက်၌ အာဝါဒေးပွဲ ပြီးမည်ကို မသိကြောင်း ၎င်းက ဆိုသည်။

စာတည်း-ML