ဖက်ဒရယ်ပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီကို စုပေါင်းခေါင်းဆောင်မှုအခြေခံဖြင့် ဖွဲ့စည်းလိုက်ခြင်းဟု NUGယာယီသမ္မတဆို

ဖက်ဒရယ်ပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီကို စုပေါင်းခေါင်းဆောင်မှု အခြေခံမူအပေါ် တည်ဆောက် ဖွဲ့စည်းလိုက်ခြင်းဖြစ်ကြောင်း NUGယာယီသမ္မတဒူဝါလရှီးလ က ပြောကြားသည်။

မတ်လ၃၀ရက်က ကျင်းပသော ဖက်ဒရယ်ပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ ကနဦးဖွဲ့စည်းခြင်းနှင့် ထုတ်ပြန်ကြေညာခြင်းအခမ်းအနားတွင် NUGယာယီသမ္မတဒူဝါလရှီးလက ပြည်သူသို့ မိန့်ခွန်းပြောကြားစဉ် အထက်ပါအတိုင်းထည့်သွင်းပြောကြားသည်။

“ကျနော့်အနေနဲ့ ဒီကနေ့မှာ နွေဦးတော်လှန်ရေးသမိုင်းရဲ့ ထူးခြားတဲ့ စည်းလုံးညီညွတ်မှု အရွေ့တစ်ခု ကို စတင်လိုက်ကြောင်း၊ တိုင်းရင်းသားပြည်သူအားလုံးကို ဒီနေရာကနေ အစီရင်ခံတင်ပြချင်ပါတယ်။ နွေဦးတော်လှန်ရေးသမိုင်းမှာ ထင်ရှားတဲ့နိုင်ငံရေးမှတ်တိုင်တစ်ခုအနေနဲ့ ကျနော်တို့ဟာ ဖက်ဒရယ် ပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီကို စတင်ဖွဲ့စည်းလိုက်ကြောင်း ပြောလိုပါတယ်။ ဖက်ဒရယ်ပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီကို၊ ပိုမိုညီညွတ်သော နိုင်ငံရေး၊ စစ်ရေး မဟာမိတ်စုဖွဲ့မှုပုံစံနဲ့ စုဖွဲ့လိုက်တာဖြစ်သလို၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုသစ် ပေါ်ထွန်းရေးအတွက်၊ တာဝန်ယူမှု၊ တာဝန်ခံမှုရှိတဲ့ အမျိုးသားညီညွတ်ရေးအခြေခံမူအပေါ်မှာ အခြေခံပြီး စတင်ဖွဲ့စည်းလိုက်ကြောင်း ပြောကြားလိုပါတယ်”ဟု ၎င်းက ပြောသည်။

ဖက်ဒရယ်ပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီသည် စစ်ရေးအရ ဦးဆောင်လှုပ်ရှား မှုများကို စုစည်းကွပ်ကဲနိုင်ရန် ရည်ရွယ်သလို၊ နိုင်ငံရေးအရ အမျိုးသားရေးညီညွတ်မှုကို ကျစ်ကျစ် လစ်လစ် ဦးဆောင်စုစည်းပုံဖော်ရန် ရည်ရွယ်ကြောင်း ဖက်ဒရယ်ပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ နှင့် နိုင်ငံရေး၊တော်လှန်ရေးအင်အားစုများကြား ချိတ်ဆက်မှုအားကောင်း စေရေးကို အလေးအနက်ထား ဆောင်ရွက်မှာဖြစ်ကြောင်း ဒူဝါလရှီးလက ပြောသည်။

“ဖက်ဒရယ်ပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီဟာ၊ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနဲ့ ၂၀၀၈ အခြေခံဥပဒေ၊ ပြန်လည်အသက်သွင်းမှု မှန်သမျှကို ဖြိုဖျက်ပစ်ဖို့ ဖြစ်ပါတယ်။ ဒီနေရာမှာ စစ်မှန်သော လူထုကိုယ်စားပြုမှုနဲ့ ထွက်ပေါ်လာတဲ့ ဖက်ဒရယ်ဒီမိုကရေစီ အခြေခံဥပဒေနဲ့ အစားထိုး တည်ဆောက်ဖို့ ရည်ရွယ်ချက်ထားရှိပြီး ဖြစ်ပါတယ်။ ဒါ့အပြင် ဒီမိုကရေစီရဲ့ အနှစ်သာရဖြစ်တဲ့ အရပ်သားအုပ်ချုပ်မှုကို အပီပြင်ဆုံး အကောင်အထည်ဖော်ဖို့ လက်တွေ့ကျကျ ကြိုးစားနေပါတယ်။ ပြည်သူကို ဝန်ဆောင်မှုပေးနေတဲ့ ဌာနဆိုင်ရာတွေအပြင်၊ စစ်ရေးအရ ကွပ်ကဲလှုပ်ရှားနေတဲ့ လက်နက်ကိုင်တပ်အားလုံးကို အရပ်သားအစိုးရရဲ့ ဦးဆောင်မှုအောက်မှာ အပြည့်အဝ ထားရှိနိုင်ဖို့ စတင်လုပ်ဆောင်နေပြီဖြစ်ပါတယ်။ ဒီလို လုပ်ငန်းစဉ်တွေကနေ၊ ကျွန်တော်တို့ဟာ တရားမျှတမှုနဲ့ တာဝန်ယူမှုတာဝန်ခံမှုတွေကို တော်လှန်ရေးကာလအတွင်းမှာ လက်တွေ့ အကောင်အထည်ဖော်နိုင် ဖို့ ဦးတည်လုပ်ဆောင်နေပါတယ်”ဟု ၎င်းက ဆက်လက်ပြောသည်။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)၊ ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ကချင်လွတ်လပ်ရေးအဖွဲ့(KIO)၊ကရင်နီအမျိုးသားတိုးတက် ရေးပါတီ(KNPP)နှင့် ချင်းအမျိုးသားတပ်ဦး(CNF) တို့ ပါဝင်သော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ(Steering Council for the Emergence of a Federal Democratic Union – SCEF)” ကနဦး ဖွဲ့စည်းကြောင်း မတ်လ ၃၀ရက်က ထုတ်ပြန်သည်။

“ဒီအဖွဲ့အစည်းပေါ်ပေါက်ရေးအတွက် သက်ဆိုင်ရာခေါင်းဆောင်တွေ လပေါင်းများစွာ အပြင်းအထန် ကြိုးစားခဲ့ကြတာပါ။ မတူကွဲပြားတဲ့ အချက်များစွာကို အကြိတ်အနယ်ညှိနှိုင်းပြီး ဘုံသဘောတူချက် တွေရရှိအောင် သူတို့အခု ဆောင်ရွက်နိုင်ခဲ့ကြပါပြီ။ ဒါဟာ အာဏာရှင်စနစ်အမြစ်ဖြတ်ရေးနဲ့ ဖက်ဒ ရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေးအတွက် သူတို့ဘယ်လောက် ခိုင်မာပြတ်သားသလဲဆိုတာ ကို သက်သေပြလိုက်ခြင်းပါပဲ။ ရှေ့ဆက်ရမယ့်ခရီးကတော့ ကြမ်းတမ်းနေဦးမှာပါ။ ဒါပေမဲ့၊ ခေါင်း ဆောင်တွေရော ကျနော်တို့နောက်လိုက်တွေပါ တကယ်ညီညီညွတ်ညွတ်နဲ့ လက်တွဲကြိုးစားကြ မယ်ဆိုရင်တော့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို နှစ်ကာလမကြာခင် ကျနော်တို့မြင်တွေ့ကြရ တော့မှာ ဧကန်မလွဲပါပဲခင်ဗျာ”ဟု RFAအယ်ဒီတာဟောင်း ဦးခင်မောင်စိုးက ၎င်း၏ ဖေ့စ်ဘွတ်ခ်စာ မျက်နှာပေါ် ရေးသားမှတ်ချက်ပြုသည်။

ဖက်ဒရယ်ပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ ကနဦးဖွဲ့စည်းခြင်းနှင့် ထုတ်ပြန်ကြေညာခြင်းအခမ်းအနားအခမ်းအနားသို့ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ဒုတိယဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ဂမ်ရှောင် ၊ ကေအိုင်စီ ဒုဥက္ကဋ္ဌ ဒု-ဗိုလ်ချုပ်ကြီး ဂွန်မော်နှင့် ဗဟိုကော်မတီဝင်များ၊ ကရင်အမျိုးသားအစည်းအရုံး ဥက္ကဋ္ဌ ဖဒိုစောကွယ်ထူးဝင်း၊ ဒုဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များ၊ ချင်းအမျိုးသားတပ်ဦး (CNF) ဥက္ကဋ္ဌ ပူးဇင်ကျုံးနှင့် ဗဟိုအလုပ်အမှုဆောင်ကော်မတီအဖွဲ့ဝင်များ၊ ကရင်နီ ဥက္ကဋ္ဌ ခူဦးရယ်၊ KSCC, IEC , KNPP ခေါင်းဆောင်များနှင့် အဖွဲ့ဝင်များ၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့် နှင့် အဖွဲ့ဝင်များ၊ရေးရာကော်မတီဥက္ကဋ္ဌ များနှင့်အတွင်းရေးမှူးများ၊အမျိုသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလ၊ ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းနှင့် အစိုးရအဖွဲ့ဝင်များ တော်လှန်ရေးခေါင်းဆောင်များနှင့် ဖိတ်ကြားထားသောဧည့်သည်တော်များတက်ရောက်ခဲ့ကြသည်။

အခမ်းအနားကို အစီအစဉ် ၉ရပ်နှင့် ကျင်းပခဲ့ပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ ဖွဲ့စည်းကြောင်း ကြေညာချက်ကို ကရင်နီအမျိုးသားတိုးတက်ရေးပါတီမှ အက္ကနက်စ် က ဖတ်ကြားကြေညာခဲ့သည်။ ထို့နောက် ကရင်အမျိုးသားအစည်းအရုံး (KNU) ဥက္ကဋ္ဌ ဖဒိုစောကွယ်ထူးဝင်း၊ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)၊ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ(IEC) ဥက္ကဋ္ဌ ခူဦးရယ်၊ ချင်းအမျိုးသားတပ်ဦး (CNF) ဥက္ကဋ္ဌ ပူးဇင်ကျုံး (Pu Zing Cung)၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH) ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်၊ အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလနှင့် အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းတို့က မိန့်ခွန်းများ အသီးသီးပြောကြားခဲ့သည်။

စာတည်း-ML