DW
သမ္မတ ဒေါ်နယ်ထရန့်အနေဖြင့် လွှတ်တော်၏ အတည်ပြုချက်မပါဘဲ အိမ်ဖြူတော်ဝင်းအတွင်း က ပွဲခန်းမ (Ballroom) ကို တည်ဆောက်ခွင့်မရှိကြောင်း အမေရိကန် တရားသူကြီးတစ်ဦးက မတ်လ ၃၁ ရက်နေ့တွင် ဆုံးဖြတ်ချက် ချမှတ်လိုက်သည်။
ဒေါ်လာ သန်း ၄၀၀ ကုန်ကျမည့် အဆိုပါ Ballroom ကို အိမ်ဖြူတော်၏ အရှေ့ဘက်ဆောင် (East Wing) တွင် တည်ဆောက်ရန် ထရန့်က စီစဉ်ထားခြင်းဖြစ်သည်။
ယင်း အဆောင်သစ်အတွက် နေရာဖော်ရန် ပြီးခဲ့သည့်နှစ်က အရှေ့ဘက်ဆောင်ကို ဖျက်သိမ်းခဲ့ပြီး ဖြစ်သည်။
ထရန့်က အဆိုပါ Ballroom ခန်းမသည် အိမ်ဖြူတော်ဝင်းအတွင်း မရှိမဖြစ် လိုအပ်သော တိုးချဲ့မှုတစ်ခုဖြစ်ကြောင်း ပြောကြားထားသည်။
သမိုင်းဝင်နေရာများ ထိန်းသိမ်းစောင့်ရှောက်ရေး အမျိုးသားရန်ပုံငွေအဖွဲ့ (National Trust for Historic Preservation) အမည်ရှိ အကျိုးအမြတ်မယူသော အဖွဲ့အစည်းက ထရန့်သည် ယခုစီမံကိန်းတွင် ၎င်း၏ လုပ်ပိုင်ခွင့်ကို ကျော်လွန်လုပ်ဆောင်ခဲ့သည်ဟု စွပ်စွဲကာ ဖက်ဒရယ်တရားရုံးတွင် တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။
ရီပတ်ဘလီကန် သမ္မတဟောင်း ဂျော့ချ် ဒဗလျူ ဘုရှ် ခန့်အပ်ခဲ့သည့် အမေရိကန် ခရိုင်တရားသူကြီး ရစ်ချက် လီယွန်က ယာယီတားမြစ်မိန့် (Preliminary Injunction) ကို ခွင့်ပြုပေးခဲ့ပြီး၊ ၎င်းသည် ဥပဒေကြောင်းအရ အငြင်းပွားမှုကို ဖြေရှင်းနိုင်ခြင်း မရှိမချင်း Ballroom ခန်းမ စီမံကိန်း တည်ဆောက်မှုကို ဆိုင်းငံ့ထားစေမည် ဖြစ်သည်။
“အမေရိကန်ပြည်ထောင်စုရဲ့ သမ္မတဆိုတာ နောင်လာနောက်သား သမ္မတမိသားစုတွေအတွက် အိမ်ဖြူတော်ကို ထိန်းသိမ်းစောင့်ရှောက်ရမယ့်သူ (Steward) သာ ဖြစ်ပါတယ်။ သူဟာ ပိုင်ရှင် (Owner) မဟုတ်ပါဘူး” ဟု တရားသူကြီး လီယွန်က တရားရုံးအမိန့်တွင် ရေးသားခဲ့သည်။
” တရားပြိုင်တွေအတွက် စိတ်မကောင်းစရာကတော့ လွှတ်တော်ကနေ ဥပဒေကြောင်းအရ အခွင့်အာဏာပေးပြီး ဒီစီမံကိန်းကို သဘောတူခွင့်ပြုချက် မပေးမချင်း၊ တည်ဆောက်ရေးလုပ်ငန်းတွေကို ရပ်တန့်ရမှာပဲ ဖြစ်ပါတယ်” ဟု တရားသူကြီး က ပြောကြားသည်။
