ဒေါ်အောင်ဆန်းစုကြည်ရရှိခဲ့သည့် နိုဗယ်ဆုကို ပေါပေါလောလောဆုဟု လိင်ဘလော့ဂါ ဗီဗီချန်း ထပ်မံစော်ကား

လိင်ပိုင်းဆိုင်ရာ အသိပညာပေး ဗီဒီယိုများဖြင့် လူသိများသည့် ဘလော့ဂါ ဗီဗီချန်း (ခေါ်) နန်းဆုသဇင်အောင်သည် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ရရှိခဲ့သည့် နိုဗယ်ငြိမ်းချမ်းရေးဆုကို ပေါပေါလောလောပေးသည့်ဆုဟု ပြောင်ပြောင်တင်းတင်း ပုတ်ခတ်စော်ကားလိုက်ခြင်းကြောင့် အွန်လိုင်းတွင် ဝေဖန်မှုများ ထွက်ပေါ်လျက်ရှိသည်။

ဗီဗီချန်းသည် ပြီးခဲ့သည့် မတ်လ ၃၁ ရက်နေ့တွင် ၎င်း၏ လူမှုကွန်ရက်စာမျက်နှာ၌ ဒေါ်အောင်ဆန်းစုကြည်နှင့် ထောက်ခံသူ ပြည်သူများကို အရိုင်းအစိုင်းများ ဟု ရေးသားခဲ့သည့်အပြင်၊ ယနေ့(ဧပြီ ၂ရက်)တွင် ကမ္ဘာက အသိအမှတ်ပြုထားသည့် နိုဗယ်ဆုအပေါ်တွင်လည်း အဆင့်အတန်းမရှိသည့် အသုံးအနှုန်းများဖြင့် ထပ်မံစော်ကားခဲ့ခြင်း ဖြစ်သည်။

၎င်း၏ ရေးသားချက်တွင် ထိုခေတ်အခါက နိုဗယ်ဆုမှာ ပေါပေါလောလော ပေးနေသည့် ကာလဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် နိုင်ငံခြားတွင်နေထိုင်ကာ စာတမ်းတင်ပေးနိုင်သည့် အမျိုးသားရှိခြင်းကြောင့်သာ အဆိုပါဆုကို လွယ်လွယ်ကူကူ ရရှိခဲ့ခြင်းဖြစ်သည်ဟု စွပ်စွဲထားသည်။

ထို့အပြင် မြန်မာ့နိုင်ငံရေးသမားများထဲတွင် ဒေါ်အောင်ဆန်းစုကြည်ထက် စီနီယာကျပြီး အရည်အချင်းရှိသူများစွာ ရှိသော်လည်း နိုင်ငံခြားတွင် စာတမ်းတင်ပေးမည့်သူ မရှိခြင်းကြောင့်သာ နိုဗယ်ဆုနှင့် လွဲချော်ခဲ့ရခြင်းဖြစ်ကြောင်းနှင့် ဒေါ်အောင်ဆန်းစုကြည်မှာ နိုင်ငံရေးလောကထဲသို့ လမ်းကြုံဝင်ရောက်လာသူသာ ဖြစ်သည်ဟု ၎င်းက စော်ကားရေးသားထားသည်။

ဗီဗီချန်း (ခေါ်) နန်းဆုသဇင်အောင်သည် စစ်ကော်မရှင်က ဦးဆောင်ကျင်းပခဲ့သည့် ရွေးကောက်ပွဲတွင် ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေးပါတီ (PDP) မှ ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော်လည်း လူထု၏ ထောက်ခံမှု လုံးဝမရရှိဘဲ အပြတ်အသတ် ရှုံးနိမ့်ခဲ့သူ တစ်ဦးလည်း ဖြစ်သည်။

နိုင်ငံရေးလေ့လာသူတစ်ဦးက “လူတစ်ယောက်ကို လူထက်ကျော်လွန်ပြီး ကိုးကွယ်တာဟာ အဆိပ်အတောက်ဖြစ်စေနိုင်သလို၊ ကိုယ်မနိုင်တဲ့အခါမှာ လူထုကို အရိုင်းအစိုင်းလို့ စော်ကားတာဟာလည်း ဆင်ခြင်တုံတရားကင်းမဲ့တဲ့ လုပ်ရပ်ဖြစ်ပါတယ်” ဟု မှတ်ချက်ပြုထားသည်။

၎င်းသည် ရွေးကောက်ပွဲ မတိုင်ခင်ကာလများအတွင်းက ဒေါ်အောင်ဆန်းစုကြည်၏ ဝတ်စားဆင်ယင်မှုနှင့် ဟန်ပန်များကို အသေအချာ လိုက်လံတုပကာ မဲဆွယ်စည်းရုံးခဲ့ခြင်းကြောင့် ပြည်သူများအကြား အခွင့်အရေးသမား ဟု ကောက်ချက်ချခံခဲ့ရပြီး ဖြစ်သည်။

ယခုကဲ့သို့ မိမိကိုယ်တိုင် လိုက်လံတုပခဲ့သည့် ခေါင်းဆောင်နှင့် ထောက်ခံသူပြည်သူများကို “အရိုင်းအစိုင်း” ဟု ပြန်လည်ပုတ်ခတ်ခြင်းသည် ရွေးကောက်ပွဲတွင် အရှက်တကွဲ ရှုံးနိမ့်ခဲ့ရသည့်အပေါ် နာကျည်းမှုကို ဖော်ပြလိုက်ခြင်းသာ ဖြစ်သည်ဟု နိုင်ငံရေးလေ့လာသူများက သုံးသပ်ကြသည်။

“နိုင်ငံရေးကို ခွေးတိုးပေါက်ကဝင်လာပြီး လူထုခေါင်းဆောင်ကို စော်ကားနေတာ၊ သူ့အဆင့်နဲ့က လူထုခေါင်းဆောင်ရဲ့ အမည်ကိုတောင် ခေါ်ခွင့်မရှိဘူး။ စစ်တပ်အကြိုက်ပြောပြီး ဘောမနေတာ၊ နေရာလေးတစ်နေရာလောက်ရမလားဆိုပြီး အောက်တန်းကျတဲ့စာတွေကို Facebookမှာရေးသားနေတာ” ဟု ရန်ကုန်တိုင်းအတွင်းနေထိုင်သည့် အသက် ၃၀အရွယ် အမျိုးသားတစ်ဦးက ပြောသည်။

အဆိုပါ ရေးသားမှုအောက်တွင် အွန်လိုင်းအသုံးပြုသူ ပြည်သူများကလည်း ဗီဗီချန်း၏ လုပ်ရပ်မှာ အဆင့်အတန်းမရှိကြောင်း၊ အရင်က ၎င်း၏ ဗီဒီယိုများကို အားပေးခဲ့မိသည့်အတွက် နောင်တရကြောင်းနှင့် လူထုကို စော်ကားခြင်းမှာ မိမိ၏ ပုံရိပ်ကို မိမိဖျက်ဆီးခြင်းသာ ဖြစ်ကြောင်း တုံ့ပြန်နေကြသည်။

ဗီဗီချန်းကမူ အနာဂတ်တွင် ထိုကဲ့သို့သော အရိုင်းအစိုင်းများ ကင်းစင်သည့် လူမှုဝန်းကျင်မျိုးကို ထိန်းကျောင်းတည်ဆောက်နိုင်သည့် လူသားတစ်ယောက် ဖြစ်ချင်သည်ဟု ဖြည့်စွက်ပြောဆိုထားသော်လည်း ၎င်း၏ လက်ရှိအပြုအမူမှာ ထိုစကားနှင့် ဆန့်ကျင်ဘက်ဖြစ်နေသည်ဟု ဝေဖန်ခံနေရသည်။

ဗီဗီချန်းသည် ယခင်က ဦးကိုကိုကြီး ဦးဆောင်သည့် ပြည်သူ့ပါတီ (PP) တွင် ပါဝင်ခဲ့ဖူးသော်လည်း နောက်ပိုင်းတွင် ပါတီကူးပြောင်းကာ ရွေးကောက်ပွဲဝင်ခဲ့ခြင်းကြောင့် ၎င်း၏ နိုင်ငံရေးရပ်တည်ချက်အပေါ် ပြည်သူများက ယုံကြည်မှု ကင်းမဲ့နေခြင်းလည်း ဖြစ်သည်။

လက်ရှိအချိန်တွင် ဗီဗီချန်း၏ လူမှုကွန်ရက် စာမျက်နှာပေါ်၌ ပြင်းထန်သော ဝေဖန်တုံ့ပြန်မှုများ တိုးပွားလျက်ရှိပြီး၊ ယခုကဲ့သို့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် လူထုကို ပစ်မှတ်ထား စော်ကားလာခြင်းသည် ၎င်း၏ နိုင်ငံရေးအလုပ်များပေါ်တွင် ကြီးမားသည့် ရိုက်ခက်မှုများရှိလာနိုင်ကြောင်း နိုင်ငံရေးလေ့လာသူများက သုံးသပ်သည်။

စာတည်း-ကိုဆန်း