ရေးတွင် စစ်မှုထမ်းတပ်သားသစ် ၂ ဦး လက်နက်နှင့် အလင်းဝင်

မွန်ပြည်နယ် ၊ ရေးမြို့နယ် အခြေစိုက် ခလရ ၃၄၃ မှ စစ်မှုထမ်းတပ်သားသစ် ၂ ဦး လက်နက်နှင့် တကွ အလင်းဝင်လာကြောင်း သိရသည်။

ယနေ့(ဧပြီ ၄ ရက်) နံနက်ပိုင်းတွင် ထားဝယ်နှင့် ကျောက်ဆည်မြို့နယ်၌ ပေါ်တာဆွဲခံရပြီး ခလရ ၃၄၃ ၌ တာဝန်ထမ်းဆောင်နေသည့် စစ်မှုထမ်းတပ်သားသစ် ၂ ဦး အလင်းဝင်ရောက်လာ ကြောင်း ရေးပြောက်ကျားတပ်(YGF)က သတင်းထုတ်ပြန်သည်။

“သူတို့အသက်က ၂၃ နှစ်နဲ့ ၃၇ နှစ်။ ၂ ဦးလုံး ပေါ်တာဆွဲခံရတာပါ။ ကြိုတင်ချိတ်ဆက်ပြီးတော့ အလင်းဝင်ခဲ့တာပါ။ ဒီနေ့ မနက်ပဲ တပ်ရင်းကို ရောက်တာ။ ဆုငွေကတော့ လတ်တလောတော့ မချီးမြှင့်ရသေးပါဘူး။ စီစဉ်နေတုန်းပါ”ဟု ရေးပြောက်ကျားတပ်(YGF)မှ ရဲဘော်စောခေတ်သစ်က MPA သို့ပြောသည်။

ယင်းစစ်မှုထမ်းတပ်သား ၂ ဦးသည် MA1 သေနတ် ၂ လက် ၊ ကျည်အချို့ ၊ ယူနီဖောင်းနှင့် ကျည် ဘောက် ၆ ခု ယူဆောင်ကာ အလင်းဝင်ရောက်ခဲ့ခြင်းဖြစ်ပြီး စစ်တပ်က ၎င်းတို့၂ဦးအား လိုက်လံ ရှာ ဖွေနေကြောင်း သိရသည်။

၎င်းတို့၂ဦး တော်လှန်ရေးတွင် ဆက်လက်ပူးပေါင်းလိုသည့် ဆန္ဒရှိ ၊ မရှိကိုမူ မသိရသေးပေ။

ယင်းစစ်မှုထမ်းတပ်သားသစ် ၂ ဦးသည် သံဖြူဇရပ်မြို့နယ် ၊ ဝဲကလိကျေးရွာအုပ်စုရှိ အမှတ် ၄ တပ်မတော် တန်းမြင့်လေ့ကျင့်ရေးကျောင်းနှင့် ရမည်းသင်းမြို့နယ်ရှိ အမှတ် ၈ တပ်ခွဲတို့တွင် စစ်မှုထမ်းသင်တန်း အပတ်စဉ် ၁၆ တက်ရောက်ခဲ့ကြသူများဖြစ်ပြီး ခလရ ၃၄၃၌ တာဝန်ကျသည်မှာ ၆လခန့် ရှိပြီဖြစ်ကြောင်း သိရသည်။

စာတည်း-ML