မိတ္ထီလာလေတပ် ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်ခံရမှုကို ဖုံးကွယ်၍ လူနေရပ်ကွက် ပစ်ခံရဟု သတင်းအမှားဖြန့်နေ

မိတ္ထီလာလေတပ်စခန်းဌာနချုပ် ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်ခံရမှုကို ဖုံးကွယ်ရန်အတွက် စစ်တပ်လော်ဘီများ က လူနေရပ်ကွက် ပစ်ခံရခြင်းဟု သတင်းအမှား ဖြန့်ဝေထားကြသည်။

“မှိုင်းဝေ” တယ်လီဂရမ်ချန်နယ်က ဧပြီ ၂ရက် ည ၈နာရီကျော်တွင် ခေတ်သစ်မီဒီယာ၏ သတင်း Screenshot နှင့် အတူ လူနေရပ်ကွက်ထဲသို့ ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်မှုကို လေတပ်ကို ပစ်တယ်ဟု စိတ်အာသာဖြေနေခြင်း ဖြစ်ကြောင်း ရေးသား ဖြန့်ဝေထားသည်။

သတင်းအမှားလင့်ခ် – https://archive.md/MjXI2

စစ်တပ်လော်ဘီချန်နယ်က ဖြန့်ဝေထားသော အကြောင်းအရာကို MPA Fact-Check team က အချက်အလက် စစ်ဆေးကြည့်ရာ သတင်းအမှားဖြစ်ကြောင်း စိစစ်တွေ့ရှိရသည်။

သက်သေပြချက်

မိတ္ထီလာလေတပ် ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်ခံရခြင်း ရှိ၊ မရှိ သိရှိနိုင်ရန် Google တွင် ရှာဖွေစစ်ဆေးကြည့်ရာ သတင်းမီဒီယာများက ဖြစ်စဉ်အပြည့်အစုံကို သတင်းဖော်ပြထားကြသည်။

သတင်းများတွင် ဧပြီ ၂ရက် နံနက် ၄နာရီ ၂၆မိနစ်တွင် မန္တလေးတိုင်း ၊ မိထ္ထီလာမြို့ အခြေစိုက် (ရှမ်းတဲ)လေတပ် စခန်းဌာနချုပ်ကို Brave Warriors for Myanmar (BWM) အဖွဲ့နှင့် မဟာမိတ်များက ၁၀၇မမ ရှော့တိုက်ဒုံး ၁၀ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ရှော့တိုက်ဒုံး ၁၀ လုံးအနက် ၇ လုံးကို အောင်မြင်စွာ ပစ်ခတ်နိုင်ခဲ့ကြောင်း၊ လေယာဥ်ရပ်နားရာကွင်း ၊ ဒရုန်းစက်ရုံနှင့် ဆီကန်များကို ပစ်မှတ်သတ်မှတ်၍ ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး လေယာဥ် ကွင်းအတွင်း သုံးလုံးကျရောက်ပေါက်ကွဲကြောင်း ကနဦး သိရှိထားကာ ထိခိုက်မှုအခြေအနေကို အတည်ပြုနိုင် ခြင်းမရှိသေးကြောင်း သတင်းမီဒီယာများတွင် ရေးသားဖော်ပြထားသည်။

သတင်းလင့်ခ်များ

Mizzima – https://bitly.cx/2x1wE
MPA – https://bitly.cx/dun62
နိရဥ္စရာ – https://bitly.cx/55o4c
BBM – https://bitly.cx/TB3W
မြို့တော် – https://bitly.cx/ouLH

BWM အဖွဲ့က ဧပြီ ၂ရက်တွင် ၎င်းတို့ ဖေ့ဘွတ်ခ်၌ လေကြောင်းတိုက်ခိုက်မှုအားလုံးအတွက် အခရာ ကျသော စစ်ကော်မရှင်အဖွဲ့၏ အားအထားရဆုံး လေတပ်စခန်းဌာနချုပ်လည်း ဖြစ်သောကြောင့် BWM နှင့် မဟာမိတ် အဖွဲ့တို့က တိုက်ခိုက်ရခြင်းဖြစ်ကြောင်း ထုတ်ပြန်ကြေညာထားသည်။
ထုတ်ပြန်ချက်လင့်ခ် – https://bitly.cx/hQ1vK

သုံးသပ်ချက်

ယုံကြည်စိတ်ချရသော သတင်းမီဒီယာများနှင့် BWM အဖွဲ့တို့က မိတ္ထီလာလေတပ်စခန်းကို BWM နှင့် မဟာမိတ်အ ဖွဲ့များက ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ရေးသားဖော်ပြထားကြသည်။

စစ်တပ်လော်ဘီချန်နယ်က လေတပ်ကို ပစ်ခတ်ခြင်း မဟုတ်ဘဲ လူနေရပ်ကွက်အတွင်းသို့ ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်ခြင်းဟု ဖြန့်ဝေနေသော အကြောင်းအရာသည် သတင်းအမှားဖြစ်သည်။

ဆိုရှယ်မီဒီယာများတွင် ပျံ့နှံ့နေသောအကြောင်းအရာများကို အလွယ်တကူ မယုံကြည်ဘဲ သတင်းမီဒီယာ လုပ်ငန်းစဉ်အတိုင်း အဆင့်ဆင့် အတည်ပြုဖော်ပြနေသော သတင်းမီဒီယာများ၌ ရှာဖွေဖတ်ရှုသင့်သည်။

Editor – Wazza