NUG နှင့် မကွေးဖက်ဒရယ်အစိုးရ သဘောတူညီချက်ရပြီးနောက် ဖလံကိုင်းရေနံမြေကို စစ်တပ် ဗုံးကြဲ၊ PDF၄ဦး ကျဆုံးဟု ကနဦးသိရ

ဓာတ်ပုံ - ပေးပို့
ဗုံးကြဲအပြီး ပျက်စီးမှုများကို တွေ့ရစဉ်။

အမျိုးသားညီညွတ်ရေးအစိုးရနှင့်မကွေးဖက်ဒရယ်ယူနစ်ကြားကာလအစိုးရတို့ကြား ရေနံမြေစီမံခန့် ခွဲမှုဆိုင်ရာ သဘောတူညီချက်ရရှိပြီးနောက် စစ်တပ်က ဖလံကိုင်းရေနံမြေကို ဗုံးကြဲတိုက်ခိုက်ခဲ့ရာ PDF ၄ဦး ကျဆုံးကြောင်း ကနဦးသိရသည်။

ယနေ့ ( ဧပြီ ၄ရက် )၊ မွန်းလွဲ ၂နာရီ ၁၅မိနစ်ခန့်က ပေါက်နှင့်မြိုင်မြို့နယ်အစပ်ရှိ ဖလံကိုင်းရေနံမြေ PDF ဂိတ်ကို လေကြောင်းမှ ဗုံး ၁၁ ကြိမ် ကြဲချတိုက်ခိုက်ခဲ့ကြောင်း မြိုင်မြို့နယ် စစ်ရေးသတင်းရင်း မြစ်ထံက သိရသည်။

” ရဟတ်ယာဉ် တစ်စီးက ဘေးဘေးဘီဘီပတ်ကြည့်ပေးပြီးမှ နောက်ထပ် ငါးစီးရောက်လာပြီး ကြဲတာ။ လာတာတော့ စုစုပေါင်း ခြောက်စီးလာတာ။ ဗုံးတွေက အများကြီးပဲ။ ဘာဗုံးအမျိုးအစား မှန်းမသိရဘူး။ ကျနော်တို့ ၁၀မိုင်ပတ်ချာလည်ကကို မိုးခြိမ်းသံလို အသံအကျယ်ကြီးကြားနေရတာ။ ပြည်သူတွေထိတယ်တော့ မကြားရဘူး။ ဖလံကိုင်းဂိတ်ကို တည့်တည့်ကျလို့ ရဲဘော်တွေထိခိုက် တာများတယ်။ ရဲဘော် ၄ဦး ကျဆုံးတယ်လို့ ကနဦး ကြားပါတယ်” ဟု ၎င်းက MPA ကို ပြောသည်။

ယင်းဗုံးကြဲမှုကြောင့် ထိခိုက်သူများအနက် ဒဏ်ရာပြင်းထန်သူများလည်း ရှိကြောင်း သိရသည်။

” အနေအထားတွေက မြိုင်နဲ့ ပေါက်ထဲမှာ ကိုယ့်အချင်းချင်းတွေ ပဋိပက္ခဖြစ်နေတော့ သူတို့တွေက တချက်ခုတ်၊ ၂ချက်ပြတ် လာချတယ်လို့ ယူဆတယ် ” ဟု ၎င်းက ဆက်လက်ပြောသည်။

ဧပြီ ၂ရက် မွန်းလွဲပိုင်းကလည်း ပေါက် – မြိုင်အစပ်ကို စစ်တပ်က ဗုံးကြဲခဲ့ရာ ဒေသခံပြည်သူ ၃ဦး ဒဏ်ရာရရှိခဲ့သေးသည်။

ဒေသတွင်း စစ်ရေးတင်းမာမှုများရှိခဲ့သည့် ပေါက်နှင့် မြိုင်မြို့နယ်တို့ရှိ ရေနံမြေများအတွက် အမျိုးသားညီညွတ်ရေးအစိုးရတာဝန်ရှိသူများနှင့် မကွေးဖက်ဒရယ်ယူနစ်ကြားကာလ အစိုးရတာဝန်ရှိသူများ ဒုတိယအကြိမ်တွေ့ဆုံဆွေးနွေးပြီးနောက် NUGအစိုးရ၊ မကွေးဖက်ဒရယ် ယူနစ်အစိုးရနှင့် မကွေးဖက်ဒရယ်လွှတ်တော်တို့ ပူးတွဲ၍ မကွေးဖက်ဒရယ်ယူနစ် ရေနံနှင့် ရေနံ ထွက်ပစ္စည်းများဆိုင်ရာ ကြီးကြပ်ရေးအဖွဲ့ ဖွဲ့စည်းကာ စီမံခန့်ခွဲရေးကိစ္စများ ကြီးကြပ်သွားမည် ဟု သဘောတူညီခဲ့ကြသည်။

စာတည်း-ML