မကွေးတိုင်း ၊ စလင်းမြို့နယ်တွင် နွားချေးတင်နေသည့် အမျိုးသား ၃ ဦးကို စစ်တပ်က အကြောင်းမဲ့ ဖမ်းဆီးသွားကြောင်း သိရသည်။
ယနေ့(ဧပြီ ၄ ရက်) နံနက် ၇ နာရီခန့်တွင် တောစိမ့်ကျေးရွာဘက်မှ ထွက်လာသည့် အင်အား ၃၀ ဝန်းကျင်ပါ စစ်ကြောင်းသည် စလင်းမြို့နယ် ၊ တောင်ကန်ကျေးရွာသို့ ဝင်ရောက်ကာ ကျေးရွာအ တွင်း နွားချေးတင်နေသည့် အမျိုးသား ၃ ဦးအား ဖမ်းဆီးကာ စေသူ့ရှင်ကုန်းကျေးရွာဘက်သို့ ထွက်ခွာသွားကြောင်း ပြည်သူ့ညီနောင်-စလင်းအဖွဲ့က သတင်းထုတ်ပြန်သည်။
“စစ်ကြောင်းက တောစိမ့်ဘက်က ထွက်လာတာဆိုတော့ (ခလရ) ၂၅၃ ၊ ၂၅၄ ၊ ၂၅၅ တပ်ထဲကဖြစ်မယ်ဗျ။ အဲဒီတပ်တွေက တောစိမ့်နားမှာ ရှိတာ။ ဖမ်းဆီးခံရတဲ့ အမျိုးသား ၃ ဦးက တောင်ကန်ကျေးရွာကပဲဗျ။ အသက်အရွယ် ၃၀ ကျော် ၄၀ ဝန်းကျင်ပါ။ ဖမ်းတာက အကြောင်းပြချက်ရယ်လို့ မရှိဘူးဗျ။ စစ်ကြောင်းက ရွာထဲကိုဝင်လာချိန် ရွာအနောက်ပိုင်းမှာပဲ နွားချေးတင်နေတဲ့ အမျိုးသား၃ဦးကို ဖမ်းဆီးခေါ်သွားတာဗျ။ ရွာအလယ်ပိုင်းထိတော့ စစ်ကြောင်းက မရောက်ဘူး။ အနောက်ပိုင်းမှာပဲ ပြန်လှည့်ထွက်သွားတယ်ဗျ”ဟု ပြည်သူ့ညီနောင်-စလင်း သတင်း ပြန်ရေးတာဝန်ခံ ကိုပြည်သူက MPA သို့ပြောသည်။
ဖမ်းဆီးခံရသော အမျိုးသား ၃ ဦး၏ နောက်ဆက်တွဲအခြေအနေကို မသိရသေးကြောင်းနှင့် မိသားစုထံလည်း ဆက်သွယ်လာခြင်း မရှိသေးကြောင်း သိရသည်။
“စစ်ကြောင်းဝင်တဲ့အချိန် ပြည်သူတွေကတော့ ရွာထဲမှာပဲရှိကြတယ်။ စစ်ကြောင်းက ရုတ်တရက် ဝင်လာတာတော့ ပြည်သူတွေက စစ်ကြောင်းလာမှန်းသိတော့ အကုန်ပြေးကြတာဗျ။ ပြည်သူတွေ စစ်ရှောင်နေရတာမျိုးတော့ မရှိဘူး။ စစ်ကြောင်းလာတဲ့ အချိန်လောက်ပဲ ပြေးလွှားကြတာ။ စစ် ကြောင်းငြိမ်သွားရင် ရွာထဲပြန်ဝင်တာပေါ့။ စေသူ့ရှင်ကုန်းရွာထဲကိုတော့ စစ်ကြောင်းမရောက်လာ ဘူးဗျ”ဟု ၎င်းကဆက်လက်ပြောသည်။
ထို့အပြင် မတ်လ ၂၃ ရက်မှစတင်ကာ စလင်းမြို့နယ်အခြေစိုက် ခလရ ၂၅၃ ၊ ၂၅၄ ၊ ၂၅၅ တို့မှ ကျေးရွာများဘက်သို့ ၆၀ မမ လက်နက်ကြီးနှင့် ဟောင်ဝှစ်ဇာတို့ဖြင့် မကြာခဏ ရမ်းသန်းပစ် ခတ်နေကြောင်းလည်း သိရသည်။
“ဒရုန်းတွေကကျတော့ စလင်း ၊ ဆင်ဖြူကျွန်းပေါ့နော်။ စလင်းဘက်ကလည်း သူတို့ ဒရုန်းလွှတ် တယ်။ ဆင်ဖြူကျွန်းဘက်လည်း ဒရုန်းလွှတ်တယ်ပေါ့နော်။ ပြောရရင်တော့ သူတို့အထိုင်ချထားတဲ့ နေရာတော်တော်များများကနေပြီးမှ ဒရုန်းလွှတ်ပြီးမှ တိုက်ခိုက်တာလည်း ရှိတယ်ဗျ”ဟု ၎င်းကပြောသည်။
စစ်တပ်၏ လက်နက်ကြီးနှင့် ဒရုန်းဖြင့် တိုက်ခိုက်မှုများကြောင့် ပြည်သူများ စစ်ရှောင်နေရခြင်း မရှိသေးကြောင်း သိရသည်။
တောင်ကန်ကျေးရွာသည် စလင်းမြို့နှင့် ၄ မိုင်ခန့်ဝေးပြီးဆိပ်ဖြူ-စလင်း-ပွင့်ဖြူ-မင်းဘူး လမ်းပေါ်ရှိ တောစိမ့်ကျေးရွာနှင့် ၅ မိုင်ခန့်ဝေးသည်။
စာတည်း-ML
