စစ်တပ် တိုက်ခိုက်သတ်ဖြတ်မှုကြောင့် တစ်လအတွင်း အမျိုးသမီး ၉၀ ခန့် သေဆုံး

ဓာတ်ပုံ - Wai Htun Aung
ပုံစာ - ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၁၀ ရက် တွင် မြောက်ဦးမြို့ပြည်သူ့ဆေးရုံကို စစ်တပ် ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် မိသားစုများ ဆုံးရှုံးခဲ့ရသည့် အမျိုးသမီးများ

စစ်တပ်၏ နည်းလမ်းမျိုးစုံဖြင့် တိုက်ခိုက်မှုများကြောင့် မတ်လအတွင်း အမျိုးသမီး ၈၈ ဦး အသက်ဆုံးရှုံးခဲ့ကြောင်း သိရသည်။

လေကြောင်းတိုက်ခိုက်ခံရခြင်း ၊ မတရားသတ်ဖြတ်ခံရခြင်း ၊ မီးရှို့သတ်ဖြတ်ခံရခြင်း ၊ လက်နက်ကြီး ပစ်ခတ်ခံရခြင်း ၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရခြင်း ၊ ဆေးကုသခွင့် မရရှိခြင်းနှင့် မြေမြှုပ်မိုင်း တို့ကြောင့် ၂၀၂၆ ခုနှစ် ၊ မတ်လ တစ်ရက်မှ ၃၁ ရက်အတွင်း အမျိုးသမီး ၈၈ ဦး သေဆုံးခဲ့ပြီး သေဆုံး သူများထဲတွင် အသက် ၁၈ နှစ်အောက် အမျိုးသမီးငယ် ၂၀ ပါဝင်ကာ ကိုယ်ဝန်ဆောင် အမျိုးသမီး ၃ ဦးပါဝင်ကြောင်း မြန်မာ့အမျိုးသမီးသမဂ္ဂ(BWU)မှ ယနေ့ (ဧပြီ ၇ ရက်)သတင်းထုတ်ပြန်သည်။

“ကျမတို့ ဒီနှစ်ထဲမှာပေါ့နော်။ ဇန်နဝါရီ ၊ ဖေဖော်ဝါရီ ၊ မတ် ၃ လထဲမှာ ကြည့်ရင်တောင်မှ ကျမတို့ သေဆုံးမှု ဦးရေက များလာတယ်လို့ ကျမတို့ပြောလို့ရတယ်။ ရွေးကောက်ပွဲပြီး နောက်ပိုင်းမှာလည်း အမျိုးသမီး သေဆုံးမှု ဦးရေက ပိုပြီးတော့ များလာတယ်လို့ ကျမတို့ သုံးသပ်လို့ရပါတယ်ပေါ့နော်။ ဆိုတော့ ဒီလိုမျိုး သေဆုံးမှုနှုန်းတွေ မြင့်လာတာကလည်း ကျမတို့ လေကြောင်းတိုက်ခိုက်မှုတွေ ၊ မြေပြင်တိုက်ခိုက်မှုတွေကြောင့်သေဆုံးမှုတွေ ပိုပြီးတော့မှ များလာတယ်လို့ ကျမတို့ သုံးသပ်ရ တယ်ပေါ့နော် ” ဟု မြန်မာ့အမျိုးသမီးသမဂ္ဂမှ တွဲဖက်အထွေထွေအတွင်းရေးမှူး ၂ မယဉ်မျိုးလှိုင်က MPA သို့ပြောသည်။

ယင်းအမျိုးသမီး ၈၈ ဦးတွင် လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းကြောင့် ၅၇ ဦး ၊ မတရား သတ်ဖြတ်ခံရမှုကြောင့် ၂၁ ဦး ၊ မီးရှို့ သတ်ဖြတ်ခံရမှုကြောင့် ၄ ဦး ၊ လက်နက်ကြီး ပစ်ခတ်ခံရမှု ကြောင့် ၃ ဦး ၊ ပဋိပက္ခနှင့် ဆက်နွယ်သော လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှုကြောင့် တစ်ဦး ၊ အကျဉ်းထောင်တွင်း ဆေးကုသမှု ခံယူခွင့် မရရှိခြင်းကြောင့် တစ်ဦးနှင့် မြေမြှုပ်မိုင်းကြောင့် တစ်ဦး သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စစ်တပ်၏ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းကြောင့် အမျိုးသမီး ၄၈ ဦး ၊ မြေမြှပ်မိုင်းကြောင့် ၄ ဦး ၊ လက်နက်ကြီး ပစ်ခတ်ခံရမှုကြောင့် တစ်ဦးနှင့် ကျည်ထိမှန်ကြောင့် တစ်ဦး စုစုပေါင်း အမျိုးသမီး ၅၄ ဦး ဒဏ်ရာရခဲ့သေးသည်။

သေဆုံးမှု အများဆုံးမှာ စစ်ကိုင်းတိုင်းဖြစ်ပြီး ၃၇ ဦး သေဆုံးခဲ့ကာ ပဲခူးတိုင်းတွင် ၂၈ ဦး ၊ မကွေးတိုင်း ၅ ဦး ၊ မန္တလေးတိုင်း ၅ ဦး ၊ တနင်္သာရီတိုင်း ၂ ဦး ၊ ကရင်ပြည်နယ် ၅ ဦး ၊ ကရင်နီပြည်နယ် ၄ ဦး ၊ ရှမ်းပြည်နယ် တစ်ဦးနှင့် ရခိုင်ပြည်နယ် တစ်ဦးတို့ သေဆုံးခဲ့ကြောင်း ထုတ်ပြန်ထားသည်။

စစ်အုပ်စုသည် တရားမဝင် အတုအယောင် ရွေးကောက်ပွဲ ပြုလုပ်ကာ အစိုးရ တစ်ရပ်အဖြစ် အသိအမှတ်ပြုခံရရေးအတွက် လွှတ်တော်ခေါ်ခြင်းနှင့် သမ္မတ ရွေးချယ်တင်မြှောက်ခြင်းများ ပြုလုပ်နေသော်လည်း လက်တွေ့ အခြားတစ်ဖက်တွင် နိုင်ငံတစ်ဝန်း လေကြောင်းတိုက်ခိုက်ခြင်း၊ ပြည်သူများအား အစုအလိုက် အပြုံလိုက် သတ်ဖြတ်ခြင်း၊ ညှင်းပန်း နှိပ်စက်ခြင်း အစရှိသည့် အကြမ်းဖက် လုပ်ရပ်များကိုသာ စဥ်ဆက်မပြတ် တွင်ကျယ်စွာ လုပ်ဆောင်နေကြောင်း စစ်အုပ်စု၏ သရုပ်မှန် အစစ်သည် အကြမ်းဖက်သမား ပုံဆောင်နေခြင်းသာ ဖြစ်၍ အစိုးရတစ်ရပ် အဖြစ် မည်သည့်နည်းနှင့်မျှ အသိအမှတ်ပြု လက်ခံ၍ မရနိုင်ကြောင်းလည်း BWU က ဆိုသည်။