ရုရှားဂြိုဟ်တုများသည် အရှေ့အလယ်ပိုင်းဒေသရှိ စစ်ဘက်ဆိုင်ရာ အဆောက်အအုံများနှင့် အရေးပါသောနေရာများကို အသေးစိတ်ဓာတ်ပုံရိုက်ကူးမှု အကြိမ်ပေါင်းများစွာ ပြုလုပ်ခဲ့ပြီး အီရန်ကို မျှဝေပေးနေကြောင်း ယူကရိန်းထောက်လှမ်းရေး၏ အကဲဖြတ်ချက်တွင် ဖော်ပြထားသည်။
အဆိုပါအချက်အလက်များမှာ အီရန်အနေဖြင့် အမေရိကန်တပ်ဖွဲ့ဝင်များနှင့် အခြားပစ်မှတ်များကို တိုက်ခိုက်ရာတွင် အထောက်အကူဖြစ်စေရန်ဖြစ်သည်။
ရုရှားနှင့် အီရန်ဟက်ကာများသည် ဆိုက်ဘာနယ်ပယ်၌လည်း ပူးပေါင်းဆောင်ရွက်နေကြကြောင်း Reuters သတင်းဌာနက လေ့လာခွင့်ရခဲ့သည့် အဆိုပါကောက်ချက်များတွင် ဖော်ပြထားသည်။
ယင်းအချက်အလက်များသည် ဖေဖော်ဝါရီ ၂၈ ရက်တွင် အစ္စရေးနှင့် အမေရိကန်တို့က စတင်တိုက်ခိုက်ခဲ့ပြီးနောက်ပိုင်း ရုရှားက အီရန်ကို လျှို့ဝှက်ကူညီမှုများ ပေးနေသည့်အကြောင်းနှင့် ပတ်သက်၍ အသေးစိတ် ထွက်ပေါ်လာသည့် အစီရင်ခံချက်လည်း ဖြစ်သည်။
ရက်စွဲဖော်ပြမထားသော ထိုအကဲဖြတ်ချက်တွင် ရုရှားဂြိုဟ်တုများသည် မတ်လ ၂၁ ရက်မှ ၃၁ ရက်အတွင်း အရှေ့အလယ်ပိုင်း ၁၁ နိုင်ငံရှိ နယ်မြေများကို ၂၄ ကြိမ်ထက်မနည်းအထိ ကွင်းဆင်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ရာတွင် အမေရိကန်နှင့် အခြားစစ်အခြေစိုက်စခန်းများ၊ လေဆိပ်များနှင့် ရေနံမြေများအပါအဝင် “ပစ်မှတ်” ပေါင်း ၄၆ ခု ပါဝင်ခဲ့သည်။
ဂြိုဟ်တုဖြင့် စစ်ဆေးကြည့်ရှုပြီး ရက်ပိုင်းအတွင်းမှာပင် အဆိုပါ စစ်အခြေစိုက်စခန်းများနှင့် ဌာနချုပ်များသည် အီရန်၏ တာဝေးပစ်ဒုံးကျည်များနှင့် ဒရုန်းများဖြင့် တိုက်ခိုက်ခြင်းခံခဲ့ရသဖြင့် ယခုအကဲ ဖြတ်ချက်ကို ပိုမိုအားကောင်းစေကြောင်း အစီရင်ခံစာက ဆိုသည်။
အနောက်နိုင်ငံမှ စစ်ဘက်ဆိုင်ရာ သတင်းရင်းမြစ်တစ်ခုနှင့် ဒေသတွင်း လုံခြုံရေးသတင်းရင်းမြစ်တစ်ခုတို့ကလည်း ရုရှားဂြိုဟ်တုများသည် အဆိုပါဒေသတွင် အပြင်းအထန် လှုပ်ရှားနေကြောင်း ၎င်းတို့၏ ထောက်လှမ်းရေးသတင်းများကလည်း ဖော်ပြနေပြီး၊ ရရှိလာသည့် ဓာတ်ပုံများကို အီရန်နှင့် မျှဝေခဲ့ကြကြောင်း Reuters သို့ ပြောကြားခဲ့သည်။
ဂြိုဟ်တုစစ်ဆေးမှု ကိုးကြိမ်တွင် ဆော်ဒီအာရေဗျနိုင်ငံ၏ အစိတ်အပိုင်းအချို့ကို ပစ်မှတ်ထားခဲ့ပြီး၊ Hafar Al-Batin အနီးရှိ King Khalid စစ်ဘက်ဆိုင်ရာမြို့တော်ကို ငါးကြိမ်တိုင်တိုင် ရိုက်ကူးခဲ့သည်။
၎င်းမှာ အမေရိကန်လုပ် THAAD လေကြောင်းရန်ကာကွယ်ရေးစနစ် တည်ရှိရာနေရာကို ရှာဖွေရန် ကြိုးပမ်းခြင်းဖြစ်ပုံရကြောင်း ယူကရိန်း၏ အကဲဖြတ်ချက်တွင် ဖော်ပြထားသည်။
တူရကီ၊ ဂျော်ဒန်၊ ကူဝိတ်နှင့် အာရပ်စော်ဘွားများပြည်ထောင်စု (UAE) တို့ရှိ နယ်မြေများကိုလည်း ဂြိုဟ်တုဖြင့် နှစ်ကြိမ်စီ စောင့်ကြည့်ခဲ့ပြီး၊ အစ္စရေး၊ ကာတာ၊ အီရတ်၊ ဘာရိန်းနှင့် ဒီယေဂိုဂါစီယာ (Diego Garcia) ရှိ ရေတပ်အထောက်အကူပြုစခန်းတို့ကို တစ်ကြိမ်စီ စောင့်ကြည့်ခဲ့ကြောင်း သိရသည်။
ထို့အပြင် ရုရှားဂြိုဟ်တုများသည် ကမ္ဘာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ရည် (LNG) စီးဆင်းမှု၏ ငါးပုံတစ်ပုံအတွက် အလွန်အရေးပါသည့် ဟော်မုဇ်ရေလက်ကြားကိုလည်း အနီးကပ် စောင့်ကြည့်နေကြောင်း ဖော်ပြထားသည်။
လက်ရှိတွင် အီရန်သည် အဆိုပါရေလက်ကြားကို “ရန်လိုခြင်းမရှိသော သင်္ဘောများ” မှလွဲ၍ ကျန်သင်္ဘောများအားလုံး ဖြတ်သန်းခွင့်မရအောင် ပိတ်ဆို့ထားသည်။
ယူကရိန်း၏ အကဲဖြတ်ချက်အရ ဂြိုဟ်တုဓာတ်ပုံများ ဖလှယ်ခြင်းကို ရုရှားနှင့် အီရန်တို့ အမြဲတမ်းအသုံးပြုနေသည့် ဆက်သွယ်ရေးလမ်းကြောင်းမှတစ်ဆင့် စီစဉ်ဆောင်ရွက်နေခြင်းဖြစ်ပြီး တီဟီရန်တွင် အခြေစိုက်သည့် ရုရှားစစ်ဘက်ထောက်လှမ်းရေးများကလည်း ကူညီဆောင်ရွက်ပေးနေခြင်း ဖြစ်နိုင်ကြောင်း ဆိုသည်။
အဆိုပါဖြစ်စဉ်မှာ မတ်လ ၂၇ ရက်နေ့က အီရန်က ဆော်ဒီအာရေးဗီးယားရှိ Prince Sultan လေတပ်စခန်းကို တိုက်ခိုက်ပြီး အမေရိကန်၏ အဆင့်မြင့် E-3 Sentry AWACS လေယာဉ်တစ်စင်းကို ထိမှန်ခဲ့ရာတွင် အဆိုပါတိုက်ခိုက်မှု မတိုင်မီ ရက်ပိုင်းက ရုရှားဂြိုဟ်တုတစ်ခုသည် ယင်းစခန်းကို ဓာတ်ပုံရိုက်ကူးခဲ့ကြောင်း ယူကရိန်း၏ အစီရင်ခံစာက ဆိုသည်။
မတ်လ ၂၈ ရက်တွင်လည်း တိုက်ခိုက်မှု၏ သက်ရောက်မှုကို ဆန်းစစ်ရန် ရုရှားဂြိုဟ်တုတစ်ခုမှာ ထိုနေရာအပေါ်မှ ထပ်မံဖြတ်သန်းခဲ့ကြောင်း သိရသည်။
