ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူမြို့တွင် တရုတ်နိုင်ငံသားများ ဆက်တိုက်ဝင်လာနေပြီး ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် DKBA ပိုင်သည့် ခြံများတွင် အွန်လိုင်းကျားဖြန့်လုပ်ငန်း တွင်တွင်ကျယ်ကျယ် လုပ်ကိုင်နေကြောင်း မြို့ခံများထံမှ သိရသည်။
ပြီးခဲ့သည့် ၂၀၂၅ နှစ်ကုန်ပိုင်းမှ စတင်ကာ ဘုရားသုံးဆူမြို့တွင်းသို့ တရုတ်နိုင်ငံသားများ စတင်ဝင်ရောက်လာခဲ့ပြီးနောက် ယခုနှစ်အစောပိုင်းတွင် အလုံးအရင်းဖြင့် အသုတ်လိုက် ဝင်ရောက်လာခဲ့သည်ဟု မျက်မြင်တွေ့ရှိခဲ့သော မြို့ခံများက ဆိုသည်။
အဆိုပါ ဝင်ရောက်လာသည့် တရုတ်နိုင်ငံသားများသည် ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် DKBA ပိုင်ဆိုင်သော ဥယျာဉ်ခြံမြေများတွင် အဆောက်အဦသစ်များ ဆောက်လုပ်ပြီး ကျားဖြန့်လုပ်ငန်းများ လုပ်ကိုင်နေခြင်းဖြစ်ကြောင်း ဘုရားသုံးဆူမြို့ခံတစ်ဦးက MPA ကို ပြောသည်။
“ဒီတရုတ်တွေ စရောက်တုန်းကဆို မြို့ထဲမှာ သောင်းကျန်းနေကြတာပဲ၊ နောက်ပိုင်းကျ လူက (တရုတ်နိုင်ငံသား) များလာတယ်လေ၊ ထောင်ဂဏန်းလောက် ရှိတယ်လေ၊ မြို့ခံတွေပြောတာ များလာတော့ ဒီဇန်နဝါရီ၊ ဖေဖော်ဝါရီလထဲမှာ နည်းနည်းပျောက်သွားတယ်၊ အပြင်ထွက်တာမျိုး နည်းသွားတာပေါ့၊ အခု ထပ်များလာပြန်ပြီ” ဟု ၎င်းက ပြောသည်။
ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်တွင် မြဝတီမြို့အခြေစိုက် ကျားဖြန့်အွန်လိုင်းငွေလိမ်လည်ဂိုဏ်းများကို တရုတ်၊ မြန်မာ၊ ထိုင်းတို့ ပူးပေါင်းပြီး အရှိန်မြှင့် နှိမ်နင်းခဲ့ချိန်တွင် ဘုရားသုံးဆူမြို့ရှိ DKBA အဖွဲ့ ဗိုလ်အေဝမ်း၏ ဥယျာဉ်ခြံမြေအတွင်း ကျားဖြန့်အဆောက်အဦသစ်များကို ဆောက်လုပ်ခဲ့သည်။
နယ်စပ်တစ်လျှောက် ကျားဖြန့်အွန်လိုင်းငွေလိမ်လည်ဂိုဏ်းများ နှိမ်နင်းနေချိန်တွင် ဘုရားသုံးဆူမြို့ရှိ ကျားဖြန့်လုပ်နေသည့် တရုတ်အပါအဝင် နိုင်ငံခြားသားများ အမြန်ဆုံးထွက်ခွာရန် DKBA က ဟန်ပြစာ ထုတ်ပြန်ခဲ့သည်။
သို့သော် ကျားဖြန့်ဂိုဏ်းမှ တရုတ်နိုင်ငံသားများသည် နယ်စပ်လမ်းအပါအဝင် တရားမဝင်လမ်းကြောင်းများမှတစ်ဆင့် ဘုရားသုံးဆူမြို့သို့ တဖြည်းဖြည်း ပြောင်းရွှေ့လာခဲ့ခြင်း ဖြစ်သည်။
ထိုင်းအာဏာပိုင်များ၏ ထုတ်ပြန်ပြောဆိုချက်အရ ကန်ချနဘူရီခရိုင်မှတစ်ဆင့် ဘုရားသုံးဆူမြို့သို့ တရားမဝင် ဝင်ရောက်ရန် ကြိုးစားခဲ့သည့် တရုတ်နိုင်ငံသားများကို မကြာခဏ ဖမ်းဆီးရမိခဲ့ပြီး ၎င်းတို့မှာ ကျားဖြန့်လုပ်ကိုင်သူများ ဖြစ်ကြောင်း ဝန်ခံထွက်ဆိုခဲ့ကြသည်။
လက်ရှိ ဘုရားသုံးဆူမြို့ပေါ် နေရာအချို့၊ ကြိမ်ချောင်းကျေးရွာနှင့် ဗိုလ်အေဝမ်း ပိုင်ဆိုင်သည့် ချောင်းဆုံ သဘာဝအပန်းဖြေရေတံခွန် (ထီးလောင်ယှူး) ခြံဝင်းအတွင်း ကျားဖြန့်အွန်လိုင်းငွေလိမ်လည်လုပ်ငန်းကို အဓိက လုပ်ကိုင်နေကြောင်း မြို့ခံအချို့က ပြောသည်။
“ချောင်းဆုံရေတံခွန်ခြံမှာ တော်တော်များတယ်၊ အဓိက အဲဒီနေရာမှာပဲ သူတို့တွေ ရိက္ခာတစ်ခါတခါ ထွက်ဝယ်ရင် မနည်းဘူးလေ၊ ပြီးတော့ ဒီအလုပ်ကို ဘယ်သူကမှ လာမစစ်ဆေးဘူး၊ သူတို့ခြံထဲမှာ အေးဆေးပဲ လုပ်နေကြတာ၊ ဘယ်သူမှ ဝင်မပြောရဲဘူး၊ အပြင်ထွက်ရင်တော့ DKBA ရဲဘော်က လုံခြုံရေးယူပေးထားတာလေ၊ ဘယ်လောက်ပိုင်လဲဆိုတာ စဉ်းစားကြည့်တော့” ဟု ဘုရားသုံးဆူမြို့ပေါ်တွင် ဆိုင်ကယ်တက္ကစီ ပြေးဆွဲနေသည့် အမျိုးသားတစ်ဦးက ပြောသည်။
အဆိုပါ တရုတ်နိုင်ငံသားများသည် ဘုရားသုံးဆူမြို့ပေါ်ရှိ အိမ်ခြံမြေများကို ဈေးအဆမတန်ပေးဝယ်ပြီး အပန်းဖြေနေရာများကဲ့သို့သော ဟိုတယ်၊ KTV၊ စားသောက်ဆိုင်များ အမည်ခံ ဖွင့်လှစ်ထားကြောင်း ၎င်းက ဆက်ပြောသည်။
၎င်းတို့ဖွင့်လှစ်ထားသည့် ဆိုင်များတွင် လောင်းကစားဝိုင်းအပါအဝင် မူးယစ်ဆေးဝါးများကို အလွယ် တကူ ဝယ်ယူသုံးစွဲသဖြင့် မြို့ခံပြည်သူများအကြား စိုးရိမ်မှုများ ရှိနေသည်။
“သူတို့ဆိုင်ထဲဝင်ဖို့တော့ မလွယ်ဘူးပေါ့၊ သူတို့မှာလည်း သူတို့အချိတ်အဆက်နဲ့ သွားကြတာလေ၊ သူဌေးတွေ၊ လောင်းကစားသမားတွေပဲ ဝင်လို့ရတာ၊ မူးယစ်ဆေးဝါး လွယ်လွယ်ကူကူ ဝယ်လို့ရနေတော့ မြို့ထဲမှာဆို ဈေးက ထောင်ဂဏန်းပဲ ရှိတယ်၊ လူငယ်တွေ ပျက်စီးလာတယ်၊ လူသတ်မှုတွေ၊ ခိုးမှုတွေ ခဏခဏဖြစ်လာတယ်၊ ခံရတာက ကိုယ့်မြို့ခံတွေပဲ၊ ရေရှည်ဆို မလွယ်ဘူး” ဟု အထက်ပါ ဘုရားသုံးဆူမြို့ခံက ပြောသည်။
အဆိုပါ ကျားဖြန့်လုပ်ငန်းများတွင် စစ်ကော်မရှင်တပ် အရာရှိပိုင်းများက ပါဝင်ပတ်သက်မှု ရှိနေကြပြီး DKBA တပ်နှင့် နီးစပ်သူအချို့ ပြောဆိုချက်အရ ကျားဖြန့်အဆောက်အဦဆောက်လုပ်ခအပါအဝင် လစဉ်ကြေးများကို အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် နယ်မြေခံအရာရှိများကို ပုံမှန်ပေးသွင်းနေရသည်။
ဘုရားသုံးဆူမြို့တွင် မွန်ပြည်သစ်ပါတီ NMSP၊ ကရင်အမျိုးသားအစည်းအရုံး KNU၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် DKBA၊ နွေဦးတော်လှန်ရေးအင်အားစုများအပြင် စစ်ကော်မရှင် အုပ်ချုပ်ရေးအဖွဲ့များ ရှိကြပြီး အုပ်ချုပ်ရေးကို နယ်မြေအလိုက် အုပ်ချုပ်မှုရှိနေပေမဲ့ အများစုက DKBA ၏ ထိန်းချုပ်မှုအောက်တွင် တည်ရှိနေသည်။
ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလအစောပိုင်းက ကျားဖြန့်နှိမ်နင်းရေးအတွက် ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူမြို့သို့ ပေးထားသည့် စက်သုံးဆီ၊ လျှပ်စစ်မီးနှင့် အင်တာနက်လိုင်းတို့ကို ထိုင်းအစိုးရ ဖြတ်တောက်ထားသည်မှာ ယနေ့တိုင်ဖြစ်သည်။
