PDF များဟု ထိုင်းတွင် မူးယစ်ဆေးရောင်းဟု တံဆိပ်ကပ် နာမည်ဖျက်ထားသော သတင်းအမှား

ထိုင်းနိုင်ငံတွင် သင်္ကြန်လည်ရန်အတွက် မူးယစ်ဆေးဝါးရောင်းချနေသော ထိုင်းစုံတွဲကို PDF များဟု တံဆိပ်ကပ်ထားသော သတင်းအမှားများ တယ်လီဂရမ်ချန်နယ်တွင် ပျံ့နှံ့နေသည်။

“မှိုင်းဝေ” နှင့် “ဖိုးမောင်” တယ်လီဂရမ်ချန်နယ်က ၂၀၂၆ ဧပြီ ၈ရက် ည ၉နာရီကျော်တွင် “သင်္ကြန်လည်ရန် အတွက် မူးယစ်ဆေး ရောင်းပြီး ပိုက်ဆံရှာနေတဲ့ pdf လင်မယားနှစ်ဦးကို ထိုင်းရဲတပ်ဖွဲဖမ်းဆီး” ဟု (မူရင်း ရေးသားချက်) ဓာတ်ပုံနှင့် အတူ ဖြန့်ဝေထားသည်။

သတင်းအမှားလင့်ခ်များ
မှိုင်းဝေ – https://archive.ph/fCTkF
ဖိုးမောင် – https://archive.ph/bsfhT

စစ်တပ်လော်ဘီများ ဖြန့်ဝေနေသော အကြောင်းအရာကို MPA Fact-Check teamက အချက်အလက်စစ်ဆေး ကြည့်ရာ သတင်းအမှားဖြစ်ကြောင်း တွေ့ရှိရသည်။

သက်သေပြချက်

စစ်တပ်လော်ဘီများ တင်ထားသော ဓာတ်ပုံကို Google Lens ဖြင့် ရှာဖွေကြည့်ရာ ထိုင်းနိုင်ငံ၏ နာမည်ကြီး Khaosod သတင်းဌာန၏ သတင်းဓာတ်ပုံနှင့် ထပ်တူညီနေသည်။

ထိုင်းဘာသာစကားဖြင့် ရေးသားထားသော သတင်းကို Google Translate အသုံးပြု၍ မြန်မာဘာသာသို့ ပြန်ဆိုခဲ့သည်။

အဆိုပါ သတင်းတွင် ၂၀၂၆ ဧပြီ ၈ရက်က ထိုင်းစုံတွဲတစ်တွဲကို ဖိကျစ်မြို့လယ်ရှိ ဟိုတယ်တွင် မူးယစ်ဆေးဝါး များ နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း၊ အဆိုပါ ထိုင်းစုံတွဲသည် မူးယစ်ဆေးဝါးသုံးစွဲရန်အတွက် ဟိုတယ်ခန်း အ တွင်းသို့ လူများ ခေါ်လာလေ့ရှိကြောင်း၊ သင်္ကြန်တွင်း ခရီးစဉ်အတွက် မူးယစ်ဆေးဝါးများ ရောင်းချခြင်းဖြစ် ကြောင်း ထိုင်းစုံတွဲက ရဲများကို ဝန်ခံပြောဆိုထားသည်။

သတင်းလင့်ခ် – https://bitly.cx/jbEf

Google တွင် “သင်္ကြန်လည်ပတ်ရန် မူးယစ်ဆေးဝါးရောင်းသော လင်မယား ဖမ်းခံရ” ဟု ရေးသားရှာဖွေရာ MPA သတင်းမီဒီယာက ဧပြီ ၈ရက်တွင် သတင်းရေးထားသည်။

MPA တွင် ဖိကစ်ခရိုင်၌ သင်္ကြန်ကာလအပန်းဖြေလည်ပတ်ရန် အသုံးစရိတ်ရှာဖွေနေသော ထိုင်းနိုင်ငံသား လင်မယားကို စိတ်ကြွဆေးပြား ၆၀၀၀ကျော်နှင့်အတူ ဟိုတယ်တစ်ခုတွင် ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရေး သားထားသည်။

သတင်းလင့်ခ် – https://bitly.cx/rLTdO

သုံးသပ်ချက်

ထိုင်းသတင်းမီဒီယာနှင့် မြန်မာသတင်းမီဒီယာတွင် သင်္ကြန်တွင်း လည်ပတ်ရန် မူးယစ်ဆေးဝါးရောင်းချသော ထိုင်းလင်မယား ဖမ်းဆီးခံခဲ့ရကြောင်း သတင်းဖော်ပြထားသည်။

စစ်တပ်လော်ဘီများက ထိုင်းလင်မယားကို PDF များဟု ဖြန့်ဝေနေခြင်းသည် PDF အဖွဲ့ကို နာမည်ဖျက်၍ သတင်းအမှား ဖြန့်ဝေနေခြင်းဖြစ်သည်။

ဆိုရှယ်မီဒီယာများတွင် ပျံ့နှံ့နေသောအကြောင်းအရာများကို အလွယ်တကူ မယုံကြည်ဘဲ သတင်းမီဒီယာ လုပ်ငန်းစဉ်အတိုင်း အဆင့်ဆင့် အတည်ပြုဖော်ပြနေသော သတင်းမီဒီယာများ၌ ရှာဖွေဖတ်ရှုသင့်သည်။