မြန်မာနိုင်ငံဆိုင်ရာ ကနေဒါသံရုံးသည် မြန်မာ့ရိုးရာ အတာသင်္ကြန် နှစ်သစ်ကူးအချိန်ခါသမယတွင် မြန်မာပြည်သူများအတွက် နှစ်သစ်ကူးဆုမွန်ကောင်း တောင်းဆိုကြောင်း ယနေ့ (ဧပြီ ၁၀ ရက်) တွင် ထုတ်ပြန်ခဲ့သည်။
အဆိုပါ ထုတ်ပြန်ချက်တွင် လက်ရှိရင်ဆိုင်နေရသော စိန်ခေါ်မှုများကြားမှ မြန်မာပြည်သူတို့၏ ရဲစွမ်းသတ္တိ၊ မဆုတ်မနစ်သော လုံ့လဝီရိယနှင့် ငြိမ်းချမ်းရေးအတွက် ခိုင်မြဲသော မျှော်လင့်ချက်တို့ကို အထူးပင် ဂုဏ်ပြုကြောင်း ဖော်ပြထားသည်။
သို့သော်လည်း ကနေဒါသံရုံးအနေဖြင့် မြန်မာနိုင်ငံအတွင်း ဖြစ်ပွားလျက်ရှိသော အကြမ်းဖက်မှုများကို ဆက်လက်ရှုတ်ချကြောင်းနှင့် အရပ်သားများအပေါ် ပစ်မှတ်ထားသည့် လုပ်ရပ်များအပေါ် စိုးရိမ်ပူပန်မှုများကို ထည့်သွင်းဖော်ပြခဲ့သည်။
အထူးသဖြင့် စာသင်ကျောင်းများ၊ ဆေးရုံများနှင့် ဘာသာရေးအဆောက်အအုံများအပေါ် လေကြောင်းတိုက်ခိုက်မှုများ ယခင်ကထက် ပိုမိုတိုးမြှင့်လုပ်ဆောင်လာခြင်းကို စိုးရိမ်စွာဖြင့် သတိပြုမိကြောင်း သံရုံးက ဆိုသည်။
ထို့အပြင် အခြေခံလွတ်လပ်ခွင့်များအပေါ် ကန့်သတ်ထားခြင်းနှင့် နိုင်ငံရေးအကျဉ်းသားများကို ဆက်လက်ဖမ်းဆီး ထိန်းမိမ်းထားခြင်းတို့သည် ငြိမ်းချမ်းရေးအတွက် အဟန့်အတားများဖြစ်နေကြောင်း ထောက်ပြထားသည်။
ယခုကဲ့သို့ သံရုံး၏ ထုတ်ပြန်ချက်နှင့်ပတ်သက်၍ ရန်ကုန်မြို့ခံ အမျိုးသမီးတစ်ဦးက “သံရုံးတွေက အသိအမှတ်ပြုပေးတာကို ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ ကျွန်မတို့ တကယ်လိုချင်တာကတော့ နှစ်သစ်မှာ အကျဉ်းကျနေတဲ့ မိသားစုဝင်တွေ အိမ်ပြန်ရောက်လာပြီး အရင်လို အေးအေးချမ်းချမ်း နေထိုင်ခွင့်ရဖို့ပါပဲ” ဟု ပြောသည်။
အတာသင်္ကြန်ကာလသည် အကြမ်းဖက်မှုများကို လျှော့ချရန်နှင့် ပိုမိုငြိမ်းချမ်းသော နှစ်သစ်ကို ဖော်ဆောင်ရန်အတွက် ယုံကြည်မှုများ ပျိုးထောင်ရမည့် အချိန်ဖြစ်ကြောင်း ကနေဒါသံရုံးက တိုက်တွန်းထားသည်။
သို့ရာတွင် စစ်ပွဲဒဏ်သင့်နေသည့် ဒေသများမှ ပြည်သူများအတွက်မူ နှစ်သစ်ကူးအချိန်အခါသည် အေးချမ်းစွာ ရေကစားရမည့်အစား ဘေးလွတ်ရာသို့ တိမ်းရှောင်နေရသည့် အခက်အခဲများနှင့်သာ ကြုံတွေ့နေရဆဲဖြစ်သည်။
စစ်ကိုင်းတိုင်းမှ စစ်ဘေးရှောင် ပြည်သူတစ်ဦးကလည်း “ရှုတ်ချတယ်ဆိုတာထက် လက်တွေ့မှာ လေယာဉ်နဲ့ ဗုံးကြဲခံနေရတာတွေ ရပ်သွားဖို့က ပိုအရေးကြီးပါတယ်။ နှစ်သစ်မှာတော့ ကြောက်စိတ်မရှိဘဲ အိပ်စက်ခွင့်ရချင်ပါတယ်” ဟု မြေပြင်အခြေအနေကို ရင်ဖွင့်ခဲ့သည်။
ထို့ပြင် ငြိမ်းချမ်းရေးနှင့် အားလုံးပါဝင်နိုင်သည့် ဒီမိုကရေစီအနာဂတ်အတွက် ကြိုးပမ်းဆောင်ရွက်နေသူများနှင့်အတူ ကနေဒါနိုင်ငံက မားမားမတ်မတ် ရပ်တည်သွားမည်ဖြစ်ကြောင်း ကတိပြုထားသည်။
ပြည်သူတို့၏ အသံများအရ နိုင်ငံတကာသံရုံးများ၏ ရှုတ်ချမှုများထက် ထိရောက်သော အကာအကွယ်ပေးမှုများနှင့် လေကြောင်းတိုက်ခိုက်မှုများ ရပ်တန့်စေမည့် လုပ်ဆောင်ချက်များကိုသာ အစဉ်တစိုက် မျှော်လင့်နေကြခြင်းဖြစ်သည်။
ကနေဒါသံရုံး၏ နှစ်သစ်ကူးဆုတောင်းသည် မြန်မာပြည်သူတို့၏ ရုန်းကန်မှုကို အသိအမှတ်ပြုခြင်းဖြစ်သော်လည်း၊ စစ်မှန်သော ငြိမ်းချမ်းရေးအတွက်မူ နိုင်ငံတကာ၏ ပိုမိုထိရောက်သော ဝိုင်းဝန်းကူညီမှုများ လိုအပ်နေဆဲဖြစ်ကြောင်း ပြည်သူများက ဆိုသည်။
