မကွေးတိုင်း၊ ပခုက္ကူခရိုင်ရှိ ရေနံထွက်ရှိရာ ဒေသများ၌ တိုင်းစစ်အောင်နိုင်ရေးဟု အမည်တပ်ကာ သတ်မှတ်ချက်ကျော်၍ အခွန်ကောက်ခံနေကြကြောင်း ဒေသခံနှင့် တော်လှန်ရေးတပ်ဖွဲ့များထံမှ သိရှိရသည်။
၂၀၂၆ ခုနှစ်၊ မတ် ၃၀ ရက်မှစ၍ လက်ရှိအချိန်ထိ ပေါက်နှင့် မြိုင်မြို့နယ်အတွင်းရှိ ရေနံထွက်ရှိရာ နေရာများတွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် ဒေသခံ PDF တပ်ရင်းများ စစ်ရေးတင်းမာခဲ့ပြီးနောက်၊ ဧပြီ ၂ ရက်နှင့် ၃ ရက်တို့တွင် NUG နှင့် မကွေးဖက်ဒရယ်ယူနစ်အစိုးရတို့ကြား တွေ့ဆုံဆွေးနွေးခဲ့ကြပြီး ရေနံနှင့် ရေနံထွက်ပစ္စည်းများဆိုင်ရာ ကြီးကြပ်ရေးအဖွဲ့ကို ဖွဲ့စည်းမည့် သဘောတူညီချက်ရရှိထားကြောင်း NUG က ဧပြီ ၃ ရက်၌ ထုတ်ပြန်ထားသည်။
ထိုကဲ့သို့ ရေနံခွန်ကြီးကြပ်ရေးအဖွဲ့ ဖွဲ့စည်းနေစဉ်အတွင်း NUG လက်အောက် ခရိုင်စစ်ဌာနရှိ ဒုတိယခရိုင်ကွပ်ကဲရေးမှူး ကိုနန်းဆွေနှင့် တိုင်းတာဝန်ခံ ကိုနေဇင်လတ်တို့မှ မကွေးတိုင်းရေနံတွင်းထွက်ခွန်ဟုဆိုကာ ရေနံတစ်ပီပါလျှင် သုံးသောင်းကျပ်နှုန်းဖြင့် ဧပြီ ၇ရက်မှ စတင်ကာ ကောက်ခံနေခြင်း ဖြစ်သည်။
“ကိစ္စတွေဖြစ်တဲ့ကြားကနေ မနေ့(ဧပြီ ၇ရက်နေ့)က စကောက်တာတဲ့ဗျ။ NUG စီစဉ်တာကိုမှ မလိုက်နာဘဲနဲ့ ရေနံတစ်ပီပါကို သုံးသောင်းနဲ့ ကောက်နေတာမျိုးတွေ ရှိပါတယ်။ ဒေသမှာတော့ ပသုံးလုံးတွေ၊ ရပ်ကျေးတွေ၊ တိုက်နယ်တွေ၊ ဇုန်တွေ၊ မြို့နယ်တွေကတော့ တော်တော်လေး မကြိုက်နေတာပေါ့။ ဒီ PDF တွေက အရပ်သားအုပ်ချုပ်ရေးကို ပါနေပြီလား၊ NUG ကို ဆန့်ကျင်နေပြီလား ဆိုတဲ့ ကိစ္စတွေ ဖြစ်နေတယ်ဗျ” ဟု မြေပြင်အခြေအနေသိရှိသည့် အမည်မဖော်လိုသူ အမျိုးသားတစ်ဦးက MPA သို့ ပြောသည်။
မြေပြင်အခြေအနေသိရှိသူ နောက်ထပ် အမျိုးသားတစ်ဦးကလည်း “ခရိုင်ထဲက PDF ဆိုတာထက် ခရိုင်စစ်ဌာနကဘဲ ကောက်နေတာ။ အောက်က PDF တပ်ရင်းတပ်ဖွဲ့တွေကလည်း ရတာမဟုတ်ဘူးလေ။ အဲ့ဒီ စစ်အောင်နိုင်ရေးဆိုပြီး ကောက်တုန်းက ဆီပီပါတစ်လုံးကို ၁၈,၀၀၀ ကျပ် ကောက်ပါတယ်။ အခု တွင်းထွက်ခွန်ဆိုပြီးတော့လည်း တစ်လုံးကို ၃၀,၀၀၀ ကျပ် ကောက်ပါတယ်။ ခရိုင်ကွပ်ကဲရေးမှူး ကိုနန်းဆွေဆိုတဲ့သူ ကောက်နေတာပေါ့။ သူ့အပေါ်မှာတော့ နေဇင်လတ်တို့ ရှိတာပေါ့လေ။ နေဇင်လတ်တို့ကလည်း ကောက်ခိုင်းပုံရပါတယ်၊ တိုင်းစစ်အောင်နိုင်ရေးရန်ပုံငွေအတွက် ဆိုပြီးပေါ့လေ။ NUG ကောက်ခံတဲ့နှုန်းကတော့ ၈,၀၀၀ ပါ” ဟု ပြောသည်။
ထို့ပြင် ပခုက္ကူခရိုင်အတွင်းရှိ ရေနံမှော်ဒေသများတွင်သာမက ဧရာဝတီမြစ်ကြောင်းမှတစ်ဆင့် သယ်ယူပို့ဆောင်ရေးလုပ်ငန်းများတွင်လည်း တိုင်းစစ်အောင်နိုင်ရေးဟုဆိုကာ တရားမဝင်ငွေကြေးကောက်ခံမှုများ ရှိနေကြောင်း သိရသည်။
“စစ်အောင်နိုင်ရေးရန်ပုံငွေဆိုပြီး ကောက်နေတာ ဇန်နဝါရီလလောက်ကနေ ထင်တယ်။ အဲ့လိုကောက်နေတာက ဒီရေနံမှော်တွေတင်မကဘူး၊ ဧရာဝတီမြစ်ကြောင်းမှာလည်း တစ်လပိုင်းလောက်ကနေစပြီး တိုင်းစစ်အောင်နိုင်ရေးဆိုပြီး ဖြစ်လာတာ။ တိုင်းစစ်အောင်နိုင်ရေးအောက်မှာ ခရိုင်စစ်ဌာနရှိတာပေါ့။ ခရိုင်တပ်ရင်းတွေကတော့ ပိုက်ဆံတွေဘာတွေရတယ် မကြားမိဘူး” ဟု ဒေသခံတစ်ဦးက ဆိုသည်။
လက်ရှိတွင် အဆိုပါ တိုင်းစစ်အောင်နိုင်ရေးနှင့် မကွေးတိုင်းရေနံတွင်းထွက်ခွန် ကောက်ယူရာ၌ အမျိုးသားညီညွတ်ရေးအစိုးရနှင့် မကွေးဖက်ဒရယ်ယူနစ်အစိုးရတို့၏ မူဝါဒ မပါရှိကြောင်း သိရသည်။
အဆိုပါ တရားမဝင်အခွန်ကောက်ခံနေမှုနှင့် ပတ်သက်၍ ပွင့်လင်းမြင်သာမှုမရှိခြင်းကြောင့် ဒေသခံများ၊ တော်လှန်ရေးတပ်ဖွဲ့များနှင့် ပသုံးလုံးတို့အနေဖြင့် တော်လှန်ရေးအပေါ် ယုံကြည်မှုကျဆင်းလာနိုင်ပြီး တာဝန်ရှိသူများအနေဖြင့် အခွန်ကောက်ခံမှုများကို သတ်မှတ်ထားသည့် နှုန်းထားအတိုင်း ကောက်ခံရန် စိစစ်မှုများ လိုအပ်ကြောင်း ဒေသခံများနှင့် ကုန်သည်အချို့က ဆိုသည်။
“တကယ်က ယူနစ်နဲ့ NUG ကော်မတီကနေ လုပ်ရမယ့်ကိစ္စတွေ။ ယူနစ်နဲ့ NUG ရဲ့ ညွှန်ကြားချက်နဲ့ပဲ လုပ်စေချင်တယ်။ အဲ့လိုမဟုတ်ရင် အချင်းချင်း အထင်အမြင်လွဲပြီး မဖြစ်သင့်တာတွေ ဖြစ်လာမှာ စိုးရိမ်ပါတယ်” ဟု ရေနံမြေဒေသအတွင်းရှိ တော်လှန်ရေးအဖွဲ့ဝင်တစ်ဦးက ဆိုသည်။
ပခုက္ကူခရိုင်၊ မြိုင်နှင့် ပေါက်မြို့နယ်အတွင်းရှိ ရေနံမြေစီမံခန့်ခွဲမှုဆိုင်ရာ ကိစ္စရပ်များအတွက် NUG ဗဟိုအစိုးရနှင့် မကွေးဖက်ဒရယ်ယူနစ်အစိုးရတို့ကြား ဧပြီ ၂ ရက်နှင့် ဧပြီ ၃ ရက်တို့တွင် ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး ဖြစ်ပေါ်နေသည့် အခြေအနေများအား ဖြေရှင်းနိုင်မည့် သဘောတူညီမှုများ ရရှိခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ဧပြီ ၃ ရက်၌ ထုတ်ပြန်ထားသည်။
