ချောင်းဆုံတွင် စစ်မှုထမ်းသက်ပြည့်၍ ပြန်လွတ်လာသူ တစ်ဦးမျှမရှိ၊ ၇၅ ဦးစလုံး သေဆုံးကုန်ပြီဟု ယူဆ

ဓာတ်ပုံ-ပြည်သူ့စစ်မှုထမ်းများစုစည်းရာ တယ်လီဂရမ်
ပုံစာ- စစ်မှုထမ်းသင်တန်းသားများကို စစ်ဝတ်ပစ္စည်းများ ထုတ်ပေးနေပုံ။(ပုံဟောင်း)

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်အတွင်း စစ်မှုထမ်းသက်တမ်းပြည့်သဖြင့် ပြန်လည်လွတ်မြောက်လာ သူ တစ်ဦးမျှ မရှိကြောင်း သိရသည်။

ဧပြီ၃ရက်က စစ်မှုထမ်းခြင်းအောင်မြင်စွာ ပြီးမြောက်ခဲ့သည့် စစ်မှုထမ်းအပတ်စဉ်တစ်မှ စစ်သား ၃၈၅ဦးကို ကရင်နီပြည်နယ်၊လွိုင်ကော်မြို့တွင် စစ်ကော်မရှင်ခန့် ကရင်နီပြည်နယ်ဝန်ကြီးချုပ်က ဂုဏ်ပြုထောက်ပံ့ပွဲ ပြုလုပ်ခဲ့သော်လည်း ချောင်းဆုံမြို့နယ်မှ စစ်မှုထမ်းအပတ်စဉ်တစ် ပါသွားသည့် ၇၅ဦးစလုံး ပြန်လည်လွတ်မြောက်လာသည်ဟု မကြားရကြောင်း ဒေသခံအချို့ထံက သိရသည်။

“ချောင်းဆုံက အပတ်စဉ်တစ်မှာ ခွဲတမ်းကျတာ ၇၅ဦးရှိတယ်။အဲဒီ၇၅ယောက်က ချောင်းဆုံမှာ အလုပ်လာလုပ်ကြတဲ့ တခြားဒေသကလူ များတယ်။ချောင်းဆုံသားတွေလည်း ပါတယ်။တစ်ယောက် မှ စစ်မှုထမ်းသက်တမ်းပြည့်လို့ ပြန်လာရပြီဆိုတာမျိုး မကြားရဘူး။သက်တမ်းပြည့်လို့ပြန်လာခွင့်ရ တယ်ဆိုရင် အုပ်ချုပ်ရေးပိုင်းက သေချာပေါက်သိတယ်။အခု တစ်ယောက်မှ ပြန်ရောက်မလာတာ သေချာတယ်”ဟု ချောင်းဆုံမြို့ရပ်ကျေးအုပ်ချုပ်ရေးနှင့် နီးစပ်သူတစ်ဦးက MPAသို့ပြောသည်။

ယင်း၇၅ဦးစလုံး သေဆုံးသွားပြီဟု ချောင်းဆုံသားများက ယူဆထားသော်လည်း စစ်တပ်က ၎င်းတို့၏ မိသားစုဝင်များထံ သေဆုံးကြောင်း တရားဝင်အကြောင်းကြားခြင်း မရှိကြောင်း သိရသည်။

“ကျနော်တို့ မွန်ပြည်နယ်က အပတ်စဉ်တစ်သင်တန်းကို သံဖြူဇရပ်မှာ(သံဖြူဇရပ်မြို့နယ်၊ဝဲကလိ ကျေးရွာရှိ တန်းမြင့်လေ့ကျင့်ရေးကျောင်း)ဖွင့်တယ်။အပတ်စဉ်တစ်နဲ့၂ သင်တန်းဆင်းတွေကို အသေ တိုက်ရတဲ့ ရခိုင်၊ထားဝယ်၊စစ်ကိုင်းနဲ့ ကရင်နီပို့တယ်။အခုမှ ဖုတ်ပူမီးတိုက် ၂လလောက် သင်တန်း ပေးထားတဲ့သူတွေကို အသေတိုက်ရတဲ့နေရာ ပို့တော့ အကုန်သေတာ မဆန်းဘူး”ဟု မွန်ပြည်နယ် အစိုးရအဖွဲ့ရုံးနှင့် နီးစပ်သူတစ်ဦးက ဆိုသည်။

ချောင်းဆုံမြို့နယ်မှ အပတ်စဉ်တစ်သင်တန်းသား ၃၆ဦးကို ၂၀၂၄ခုနှစ်၊မတ်လ၂၉ရက်တွင် မော်လ မြိုင်မြို့ရှိ အရှေ့တောင်တိုင်းစစ်ဌာနချုပ်(ရတခ)သို့ ပို့ဆောင်ခဲ့ပြီး ကျန် ၃၉ဦးကို ဧပြီ၃ရက်တွင် ထပ်မံပို့ဆောင်ခဲ့ကြောင်း ၇၅ဦးစလုံးမှာ တစ်ဦးလျှင် ကျပ်သိန်း၃၀မှ သိန်း၅၀ အထိ စစ်မှုထမ်း လိုက်ခ ရခဲ့ကြကြောင်း သိရသည်။

“အောင်ကြည်သိန်း(ထိုအချိန်က တရားမဝင်မွန်ပြည်နယ်ဝန်ကြီးချုပ်)က သူမျက်နှာရအောင်လို့ သူ့ ဇာတိဖြစ်တဲ့ ချောင်းဆုံကို အပတ်စဉ်တစ် ခွဲတမ်း ၇၅ဦးအထိ သတ်မှတ်လိုက်တာ။တခြားမြို့ တွေ ထက်များတယ်။ပြီးတော့ သင်တန်းဆင်းပြီးရင် ကိုယ့်ရပ်ကိုယ့်ရွာနားမှာပဲ ပြန်တာဝန်ချပေးမယ် ပြော လို့ အောင်ကြည်သိန်းစကားကို ယုံပြီး ပိုက်ဆံလည်း ရတာပဲ ဆိုပြီး လိုက်ကြတာ”ဟု ချောင်းဆုံမြို့ ရပ်ကျေးအုပ်ချုပ်ရေးနှင့် နီးစပ်သူက ပြောသည်။

ထို့ကြောင့် ယင်း၇၅ဦး သေဆုံးမှုနှင့်ပတ်သက်ပြီး အောင်ကြည်သိန်းတွင် တာဝန်ရှိကြောင်းလည်း ၎င်းက ပြောသည်။

“ကျမတို့နဲ့ သိတဲ့ ခရိုက်သစ်တို့ကွမ်သဲ(ရွာ)တို့က စစ်မှုထမ်းလိုက်သွားတဲ့သူတွေရော ကျမတို့ရွာရဲ့ အောက်ဘက်ခြမ်းမှာ လယ်လာလုပ်တဲ့ ပဲခူးဘက်ကလူတွေရော စစ်မှုထမ်းလိုက်သွားတာ အကုန် သေကုန်ပြီလို့ သတင်းကြားတယ်။တကယ်သေ၊မသေတော့ မသိဘူး”ဟု ချောင်းဆုံမြို့နယ်၊မုရစ်ကြီး ရွာသူတစ်ဦးက ပြောသည်။

ယင်း၇၅ဦးကို ရပ်ကွက်နှင့် ကျေးရွာအုပ်စုအလိုက် ခွဲတမ်းချခံခဲ့ရသည့် အရေအတွက်အတိုင်း ဒေသခံ ပြည်သူများက အချိုးကျငွေထည့်ကာ ဌားရမ်းခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

အဓမ္မစစ်မှုထမ်းဥပဒေအရ စစ်မှုထမ်းသက်သည် သင်တန်းစတက်သည့်နေ့မှစတင်ပြီး ၂နှစ် စစ်မှုထမ်းရမည်ဟု ပြဌာန်းထားသည်။စစ်မှုထမ်းသင်တန်းအပတ်စဉ်တစ်ကို ၂၀၂၄ခုနှစ်၊ဧပြီ၈ရက် တွင် စတင်ဖွင့်လှစ်ခဲ့သည်။