ကော်သူးလေ အုပ်ချုပ်ရေးကောင်စီ နိုင်ငံတကာနှင့် ပိုမို ချိတ်ဆက်နိုင်ရန် မျှော်မှန်းထား

ဓာတ်ပုံ - KNU

ကော်သူးလေ အုပ်ချုပ်ရေးကောင်စီသည် ပိုမိုကောင်းမွန်သည့် အုပ်ချုပ်ရေး လုပ်ငန်းများအတွက် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ အလုပ်တွင်ကျယ်လာကာ နိုင်ငံတကာနှင့် ပိုမို ချိတ်ဆက် ဆောင် ရွက်လာနိုင်မည့် အနေအထားကို မျှော်လင့်ထားကြောင်း သိရသည်။

၂ နှစ်ကျော်ကြာ အချိန်ယူရေးဆွဲခဲ့သည့် တော်‌လှန်ရေးကာလ ကော်သူးလေ ပဋိဉာဉ်မူကြမ်းကို ၂၀၂၆ မတ်လ ၃၁ ရက်မှ ဧပြီ ၂ ရက်အထိ ကျင်းပသည့် ကော်သူးလေ ဖက်ဒရယ်ယူနစ် တည်ဆောက်ရေး ဆိုင်ရာ ဆွေးနွေးပွဲ၌ အတည်ပြုခဲ့ပြီး ကော်သူးလေအတိုင်ပင်ခံကောင်စီ (Kawthoolei Consultative Council)နှင့် ကော်သူးလေ အုပ်ချုပ်ရေးကောင်စီ (Kawthoolei Governing Council) တို့ကို ကော် သူးလေပဋိဉာဉ် အခန်း ၃ အပိုဒ် ၃ နှင့် အပိုဒ် ၄ အရ ဖွဲ့စည်းခဲ့ကြောင်း ကေအဲန်ယူဗဟို က ဧပြီ ၁၀ ရက်တွင် ထုတ်ပြန်ထားသည်။

” ဒီမိုကရေစီ အခွင့်အရေးကို တာဝန်ယူအာမခံရမှာကတော့ ဒီအစုအဖွဲ့မှာ ပါဝင်ကြတဲ့ အဆင့်ဆင့် သော ဥပမာအားဖြင့်ပေါ့နော် KCC တို့ ၊ KGC ပေါ့နော်။ တော်လှန်ရေးကာလ ကော်သူးလေ အတိုင် ပင်ခံကောင်စီရယ် ၊ ကော်သူးလေ အုပ်ချုပ်ရေးကောင်စီထဲမှာ ပါကြတဲ့ အစုအဖွဲ့တွေ တာဝန်ခံသွား ရမှာ ဖြစ်သလို အဲဒီ ပဋိဉာဉ်ထဲမှာ ပါဝင်ကြတဲ့ အစုအဖွဲ့အားလုံးကနေပြီးတော့ ခံဝန်ကတိပြုထားကြ တဲ့အတိုင်းပေါ့နော်။ သူတို့အားလုံး စုပေါင်းပြီးတော့ တာဝန်ခံသွားရမှာ ဖြစ်ပါတယ်”ဟု ကရင်အမျိုး သားအစည်းအရုံး(KNU) ပြောရေးဆိုခွင့်ရှိသူ ပဒိုကလယ်စေးက MPA သို့ပြောသည်။

ကော်သူးလေ အတိုင်ပင်ခံကောင်စီသည် ကော်သူးလေ ဖက်ဒရယ်ယူနစ် တည်ဆောက်ပုံဖော် ရေး တွင် သက်ဆိုင်ရာဒေသန္တရမှ ကိုယ်စားပြုမှုများ ပိုမိုအားကောင်း လာစေရေးနှင့် လိုအပ်သော အကြံပြုမှုများနှင့်နည်းပညာပံ့ပိုးမှုများ ရရှိရေးအတွက် လမ်းညွှန်ဆောင်ရွက်ပေးရန် ဖြစ်ကြောင်း သိရသည်။

ကော်သူးလေ အုပ်ချုပ်ရေးကောင်စီ၏ တာဝန်မှာမူ KNU ၏ အုပ်ချုပ်ရေးဌာန ၁၂ ခုအနက်မှ ဌာန ၇ ခု ဖြင့်အစပြု၍ ယင်းဌာနများကို ပိုမိုကျယ်ပြန့်သောပါဝင်မှုနှင့် စွမ်းဆောင်ရည်များ ပိုမိုအားကောင်း လာသော ဌာနများဖြစ်လာရေးအတွက် ကောင်းမွန်သော အုပ်ချုပ်ရေး စံနှုန်း များနှင့်အညီ ဆောင် ရွက်ရန် ဖြစ်ကြောင်း သိရပြီး အမျိုးသမီး၊ လူငယ်၊ ကလေးသူငယ်ရေးရာ ဌာနကို ကော်သူးလေ အုပ်ချုပ်ရေးကောင်စီ ၏ ၈ ခုမြောက် ဌာနအဖြစ် အသစ်တိုးချဲ့ဖွဲ့စည်းခဲ့ကြောင်း သိရသည်။

“တစ်ဖက်က တော်လှန်ရေးအခန်းကဏ္ဍနဲ့ ပတ်သက်ပြီးတော့ပေါ့နော်။ ကျနော်တို့ မေ့ထား လို့ မရဘူး။ တော်လှန်ရေးကာလဖြစ်နေတဲ့အပေါ်မှာ တော်လှန်ရေးလုပ်ငန်းကိုတော့ တစိုက်မတ်မတ် ကျနော်တို့ အတိုင်ပင်ခံကောင်စီနဲ့တွဲဖက်ပြီးတော့‌ပေါ့နော်။ အုပ်ချုပ်ရေးကောင်စီနဲ့ ဟန်ချက်ညီ ကျနော်တို့ တော်လှန်ရေးလုပ်ငန်းကိုလည်း ဆက်လက် အကောင်အထည်ဖော် တိုးမြှင့်သွားနိုင်မှာ ဖြစ်တယ်လို့ အဲဒီလိုပဲ ယုံကြည်နားလည်ထားပါတယ်။ KCC ပေါ့နော်၊ အတိုင်ပင်ခံကောင်စီပေါ့။ သူကတော့ အထူးသဖြင့် ကျ‌နော်တို့ အုပ်ချုပ်ရေးလုပ်ငန်းပေါ်မှာ အကြံပြုမှုတွေ လုပ်ပေးနိုင်ဖို့ အဓိက ရည်ရွယ်တာဖြစ်ပါတယ်လို့ အဓိက လုပ်ငန်းစဉ်လည်း ဖြစ်ပါတယ်”ဟု ၎င်းကဆက်လက် ပြောသည်။

ကော်သူးလေ အတိုင်ပင်ခံကောင်စီ(KCC)၌ ပါဝင်မည့် လူပုဂ္ဂိုလ်အမည်စာရင်းနှင့် ကော်သူးလေ အုပ်ချုပ်ရေးကောင်စီ(KGC)၏ ဌာန ၈ ခုတွင် ပါဝင်မည့် ဌာနမှူး အမည်စာရင်းများကို ကနဦးအ တည်ပြုပြီးဖြစ်ကြောင်း သိရသည်။

တော်လှန်ရေးကာလ ကော်သူးလေပဋိညာဉ် (မူကြမ်း) ကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာတွင် KNU ဗဟို “မူကြမ်းရေးဆွဲရေး အဖွဲ့” က ပဏာမ မူကြမ်းရေးသားမှုဖြင့် စတင်ခဲ့ပြီး ၂၀၂၅ ခုနှစ် မေလ၌ ဗဟိုအပြင် KNU ခရိုင်ကိုယ်စားလှယ် များနှင့် အခြား အစုအဖွဲ့ ၄ ခုမှ ကိုယ်စားလှယ်တို့ ပါဝင်သော ပိုမိုကျယ်ပြန့်သည့် မူကြမ်းရေးဆွဲရေးအဖွဲ့ကို ဖွဲ့စည်းခဲ့ကြောင်း ၊ ၂၀၂၄ မှ ၂၀၂၆ ခုနှစ် နှစ်ဆန်းပိုင်း အထိ ပဋိညာဉ်မူကြမ်းနှင့်ပတ်သက်၍ လူတွေ့ တွေ့ဆုံဆွေးနွေးခြင်း နှင့် အွန်လိုင်း တွေ့ဆုံဆွေးနွေး ခြင်းတို့ကို အကြိမ်ကြိမ်ပြုလုပ်ခဲ့ကြကာ ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ လဆန်းပိုင်းတွင် လည်း ကော်သူး လေ၌ ပြည်တွင်း၊ပြည်ပမှအရပ်ဘက် ကရင်ပြည်သူများ ပါ၀င်သော ကရင်အမျိုးသားညှိနှိုင်းတိုင်ပင် ဆွေးနွေးပွဲ (Karen National Consultation) ကို ၄ ရက်တာ ကျင်းပခဲ့ကာ ကော်သူးလေ ပဋိဉာဥ်ပါ အကြောင်းအရာများနှင့်ကော်သူးလေ တည်ဆောက်ရေး လုပ်ငန်းများကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

“အထူးသဖြင့် တော်လှန်ရေးကာလ ကော်သူးလေ အတိုင်ပင်ခံကောင်စီထဲမှာပါဝင်တဲ့ ကိုယ်စားလှယ် တွေကတော့ ဗဟိုအဆင့်မှာ‌ ပေါ့နော်။ KNU ရဲ့ဗဟိုအဆင့် ကိုယ်စားလှယ်တွေ ပါဝင်သလို ခရိုင် ၇ ခုရဲ့ ကိုယ်စားလှယ်တွေလည်း ပါဝင်မှာဖြစ်ပါတယ်။ နောက်ပြီးတော့ ခရိုင်တွေထဲမှာ ရှိနေကြတဲ့ လူမျိုးကိုယ်စားလှယ်တွေလည်း ပါဝင်မှာဖြစ်သလို အမျိုးသမီးနဲ့ လူငယ်ကိုယ်စားလှယ်တွေလည်း ပါဝင်ကြမှာ ဖြစ်ပါတယ်။ အဲဒီထဲမှာ ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရခဲ့တဲ့ ကိုယ်စားလှယ်တွေလည်း ပါဝင်မှာဖြစ်ပါတယ်။ အဲဒီကိုယ်စားလှယ်တွေ အားလုံးစုပေါင်းပြီးမှ လူဦးရေသတ်မှတ်ပြီးမှ ကျနော် တို့ KCC လို့ခေါ်တဲ့ (Kawthoolei Consultative Council) ပါဝင်ပြီးတော့ ဦးဆောင်သွားမှာ ဖြစ်ပါတယ်”ဟုလည်း ၎င်းကဆက်လက်ပြောသည်။

ကော်သူးလေ ပဋိဉာဉ်သည် “အောက်ခြေမှအထက်သို့” ဖက်ဒရယ်ထူထောင်ရေး လုပ်ငန်းစဉ်ဖြင့် ကော်သူးလေ ဖက်ဒရယ်ယူနစ် တစ်ခုကို ထူထောင်ရင်း အခြားသော ဖက်ဒရယ်ယူနစ်များနှင့် ညှိနှိုင်းချိတ်ဆက်ကာ စစ်အာဏာရှင်စနစ်ကို ဘက်ပေါင်းစုံမှ တိုက်ပွဲဝင်ရင်း တော်လှန်ရေးကာ လအလွန် အသွင်ကူးပြောင်းရေးကာလ သို့ စနစ်တကျ ကူးပြောင်းရေးအတွက် အရေးကြီးသော ခြေလှမ်းဖြစ်ပြီး အတည်ပြုလိုက်သည့် တော်လှန်ရေးကာလ ကော်သူးလေပဋိညာဉ်ကို ပြည်သူများ သိရှိလေ့လာနိုင်ရန် ထုတ်ပြန်သွားမည်ဖြစ်ကြောင်း သိရသည်။