YouTube က အမေရိကန်တွင် စာရင်းသွင်းကြည့်ရှုခကို ၃ နှစ်အတွင်း ပထမဆုံးအကြိမ် တိုးမြှင့်

ဓာတ်ပုံ - Reuters

YouTube က အမေရိကန်နိုင်ငံရှိ ၎င်း၏ ဝန်ဆောင်မှုဈေးနှုန်းများကို ဧပြီ ၁၀ ရက်တွင် တိုးမြှင့်တင်လိုက်ပြီး နောက်လာမည့် ငွေတောင်းခံလွှာ (Billing cycle) မှ စတင်ကာ ၄ ဒေါ်လာအထိ ဈေးတက်သွားမည်ဖြစ်သည်။

Alphabet ပိုင် YouTube ၏ ထုတ်ပြန်ချက်တွင် သတ်မှတ်လိုက်သည့် တစ်ဦးချင်းသုံး YouTube Premium အစီအစဉ်မှာ ယခင် ၁၃.၉၉ ဒေါ်လာအစား ယခုအခါ တစ်လလျှင် ၁၅.၉၉ ဒေါ်လာ ကျသင့်မည်ဖြစ်ပြီး၊ မိသားစုလိုက်သုံး (Family plan) အစီအစဉ်မှာ ၄ ဒေါ်လာ မြင့်တက်သွားကာ တစ်လလျှင် ၂၆.၉၉ ဒေါ်လာ ဖြစ်လာမည်ဟု ဖော်ပြထားသည်။

ဗီဒီယိုအများစုကို ကြော်ငြာမပါဘဲ ကြည့်ရှုနိုင်သော်လည်း YouTube Music Premium မပါဝင်သည့်အပြင် Shorts နှင့် တေးဂီတကဏ္ဍများတွင် ကြော်ငြာများပါရှိနေဦးမည့် ဈေးသက်သာသော YouTube Lite အစီအစဉ်မှာ တစ်လလျှင် ၈.၉၉ ဒေါ်လာ ကျသင့်မည်ဖြစ်သည်။

YouTube Music Premium သီးသန့်စာရင်းသွင်းကြည့်ရှုခမှာလည်း ၁ ဒေါ်လာ တိုးမြှင့်လိုက်သဖြင့် တစ်လလျှင် ၁၁.၉၉ ဒေါ်လာ ဖြစ်လာသည်။

ယခုဈေးနှုန်းအပြောင်းအလဲမှာ ၃ နှစ်အတွင်း အမေရိကန်တွင် ပထမဆုံးအကြိမ် ဈေးနှုန်းမြှင့်တင်ခြင်း ဖြစ်သည်။

၂၀၁၅ ခုနှစ်က စတင်ခဲ့သော YouTube Red ကို အမည်ပြောင်းလဲ၍ ၂၀၁၈ ခုနှစ်တွင် YouTube Premium အဖြစ် စတင်မိတ်ဆက်ခဲ့ပြီးနောက် နှစ်အနည်းငယ်အကြာတွင် ယခုကဲ့သို့ ဈေးတက်လာခြင်းဖြစ်သည်။

ယခုနှစ်အစောပိုင်းတွင် Spotify ကလည်း အမေရိကန်ရှိ ဈေးနှုန်းများကို မြှင့်တင်ခဲ့သလို Netflix၊ Disney+ နှင့် အခြားကုမ္ပဏီများသည်လည်း အကြောင်းအရာဖန်တီးမှုနှင့် လုပ်ငန်းလည်ပတ်မှုစရိတ်များ မြင့်မားလာမှုကို ကာမိစေရန် အခကြေးငွေများ မြှင့်တင်ခဲ့ကြသည်။

“ဒီအပြောင်းအလဲဟာ ကျွန်တော်တို့ရဲ့ အဖွဲ့ဝင်တွေ အလေးထားတဲ့ အင်္ဂါရပ်တွေဖြစ်တဲ့ ကြော်ငြာမပါဘဲ ကြည့်ရှုနိုင်မှု၊ နောက်ကွယ်မှာ ဖွင့်ထားနိုင်မှု (Background play) နဲ့ YouTube Music ပေါ်က သီချင်းပေါင်း သန်း ၃၀၀ ကျော်ရှိတဲ့ စာကြည့်တိုက်ကြီးကို ဆက်လက်ထိန်းသိမ်းထားနိုင်ဖို့ အထောက်အကူပြုမှာပါ” ဟု YouTube ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဆိုသည်။

YouTube Music နှင့် Premium ဝန်ဆောင်မှုနှစ်ခုပေါင်း အသုံးပြုသူအရေအတွက်သည် ၂၀၂၄ ခုနှစ်တွင် သန်း ၁၀၀ ရှိခဲ့ရာမှ၊ ယမန်နှစ်တွင် ကမ္ဘာတစ်ဝန်း၌ စာရင်းသွင်းသူ သန်း ၁၂၅ ကျော်အထိ ရှိလာခဲ့ကြောင်း YouTube က ပြောကြားခဲ့သည်။