မကွေးတိုင်း၊ ရေစကြိုမြို့ပေါ်တွင် စစ်တပ်ပြုလုပ်မည့် သင်္ကြန်ပွဲကို ပြည်သူများမသွားစေရန် မြို့အဝင်အထွက်အား ယာယီပိတ်မည်ဖြစ်ကြောင်း သိရသည်။
သင်္ကြန်ကာလဖြစ်သည့် ဧပြီ ၁၃ရက်မှ ၁၇ရက်အထိ ရေစကြိုမြို့အဝင်အထွက်လမ်းများကို ယာယီပိတ်မည်ဖြစ်ပြီး ယင်းရက်များအတွက် မည်သည့်ယာဉ်အမျိုးစားကိုမျှ ဖြတ်သန်းသွားလာခွင့်ပြုမည်မဟုတ်ကြောင်း ရေစကြိုမြို့နယ်ပကဖက သတင်းထုတ်ပြန်သည်။
” မြို့ပေါ်မှာ စစ်ကောင်စီကျင်းပမယ့် ဝါဒဖြန့်သင်္ကြန်ရှိတယ်ဗျ။ အဲ့ဒါနဲ့ပတ်သက်ပြီး သင်္ကြန်ကာလ မှာ ယာယီလမ်းပိတ်တာဗျ။ မြို့ပေါ် ယိမ်းတွေပါတယ်ဗျ။ အကြီးအကျယ်လုပ်မှာပေါ့နော်။ ကျေးရွာ ဘက်တွေမှာ နေ့စဉ်စစ်ကြောင်းထိုး လေကြောင်းတိုက်ခိုက်နေတာ သူ့တို့ကျင်းပမယ့် ပျော်ပွဲရွင်ပွဲ တွေက လက်ခံစရာတော့ အကြောင်းမရှိဘူးဗျ” ဟု ရေစကြိုမြို့နယ်ပကဖ၊ သတင်းနှင့်ပြန်ကြားရေး တာဝန်ခံက MPA သို့ပြောသည်။
စစ်တပ်က သင်္ကြန်ပွဲကို ပခုက္ကူနှင့် မန္တလေးဘက်သို့သွားရာ ရေစကြိုမြို့အဝင် လမ်းဆုံ၌ ပြုလုပ်မည်ဖြစ်ကြောင်းသိရသည်။
” ထုတ်ပြန်ချက်တွေ မလိုက်နာတဲ့မည်သူမဆို နောက်ဆက်တွဲပြသနာတွေတာဝန်ယူမှာ မဟုတ် ပါဘူးဗျ။ သူတို့ပွဲသွားမယ့်သူတွေလည်း တာဝန်ယူမှာမဟုတ်ဘူးဗျ။ အဓိကကတော့ ပြုလုပ်မယ့်ပွဲကို မသွားဖို့ပါ တစ်ခါတည်းသတိပေးတဲ့သဘောဗျ” ဟု ၎င်းကဆက်လက်ပြောသည်။
အရေးပေါ် ကျန်းမာရေးကိစ္စရပ်များရှိပါက သက်ဆိုင်ရာ တာဝန်ရှိသူများထံ ကြိုတင်ချိတ်ဆက်၍ ခွင့်ပြုချက်ဖြင့် ဖြတ်သန်းသွားလာနိုင်ကြောင်း သိရသည်။
ရေစကြိုမြို့ပေါ်၌ရှိသော နောက်ထပ်မြို့အဝင်အထွက်လမ်းမှာ ရပ်ကွက်ချင်းဆက် ကြားလမ်း ဖြစ်သည်။
