ရခိုင်-ဘင်္ဂလားဒေ့ရှ် နယ်စပ် ကုန်သွယ်ရေး သင်္ကြန်အပြီး ထူးခြားနိုင်

ဓာတ်ပုံ-Jago News 24
ဘင်္ဂလားဒေ့ရှ် ပြည်နယ်ဝန်ကြီး နှင့်အဖွဲ့ တက္ကနာ (Teknaf) ဆိပ်ကမ်းသို့လာရောက်ခဲ့စဉ်

ရခိုင်ပြည်သူများ၏ လိုအပ်ချက်အခက်အခဲကို လျှော့ချနိုင်ရေးနှင့် နှစ်ဖက်အကျိုးစီးပွား ဖြစ်ထွန်းနိုင်ရေးအတွက် ရခိုင်-ဘင်္ဂလားဒေ့ရှ် တရားဝင်နယ်စပ်ကုန်သွယ်ရေးလုပ်ငန်း အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးကို ပြည်သူများက လိုလားနေကြသည်။

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်ရှိ ကညင်ချောင်းစီးပွားရေးဇုန် (Kanyin Chaung Economic Zone) သည် မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေးအတွက် အဓိကကျသော ကုန်သွယ်မှုဗဟိုဌာနတစ်ခု ဖြစ်သည်။

ကညင်ချောင်းစီးပွားရေးဇုန်သည် မောင်တောမြို့မှ ၂ မိုင်ခန့်အကွာ နတ်မြစ်ကမ်းဘေးတွင် တည်ရှိပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ တက္ကနာ့ဖ် (Teknaf) ဆိပ်ကမ်းနှင့် ရေကြောင်းခရီး ၁၅ မိနစ်ခန့်သာ ဝေးကွာသောကြောင့် ကုန်သွယ်မှုအတွက် အချက်အချာကျသော နေရာဖြစ်သည်။

စစ်ကော်မရှင်လက်ထက် မြန်မာနိုင်ငံဘက်မှ ရေချိုငါး၊ ကြက်သွန်၊ ဂျင်း၊ အုန်းသီး၊ ငါးခြောက်နှင့် အခြားသော လယ်ယာထွက်ကုန်များကို အဓိကတင်ပို့ခဲ့ပြီး ဘင်္ဂလားဒေ့ရှ်ဘက်မှ ပလတ်စတစ်ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများနှင့် အဝတ်အထည်များကို အဓိကတင်သွင်းခဲ့သည်။

၂၀၂၂ ခုနှစ် ဧပြီလမှ ဇွန်လအထိ ၃ လတာကာလအတွင်း အမေရိကန်ဒေါ်လာ ၁၂ သန်းကျော်ဖိုး ကုန်သွယ်မှု ပြုလုပ်နိုင်ခဲ့သည်။

ထို့နောက် ၂၀၂၃ ခုနှစ်နှောင်းပိုင်းမှစတင်၍ မောင်တောမြို့နယ်အတွင်း တိုက်ပွဲများကြောင့် နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းများ လုံးဝနီးပါး ရပ်တန့်နေခဲ့သည်။

လက်ရှိ အာရက္ခတပ်တော် (AA) က ထိန်းချုပ်ထားချိန်တွင် ရခိုင်-ဘင်္ဂလားဒေ့ရှ် နယ်စပ်ကုန်သွယ်ရေး ပြန်လည်စတင်ရန် အရိပ်အယောင်များ မြင်တွေ့လာရသည်ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောကြားသည်။

“ရခိုင်နဲ့ ဘင်္ဂလားဒေ့ရှ် နယ်စပ်ကုန်သွယ်ရေးလုပ်ငန်း ဖြစ်လာနိုင်ခြေ များပါတယ်။ ဒါပေမဲ့ အဲဒီအခြေအနေကိုတော့ အခုအချိန်မှာ အတိအကျ မပြောနိုင်သေးဘဲ သင်္ကြန်ကာလလွန်မှသာ ပြောနိုင်ပါလိမ့်မယ်” ဟု ၎င်းက ပြောကြားသည်။

လက်ရှိတွင် ကညင်ချောင်းစီးပွားရေးဇုန်သည် နယ်စပ်ကုန်သွယ်ရေးကို ပြန်လည်သက်ဝင်လည်ပတ်ရန်နှင့် ဒေသခံများ၏ အခြေခံလိုအပ်ချက်အတွက် အရေးပါသော အခန်းကဏ္ဍတွင် ရှိနေသည်ဟု ဒေသခံများက ဆိုကြသည်။

အမည်မဖော်လိုသည့် မောင်တောမြို့ခံနောက်တစ်ဦးက “ဘင်္ဂလားဒေ့ရှ်နဲ့ ရခိုင်အကြား ကုန်စည်စီးဆင်းမှု အပြန်အလှန် ရှိသင့်တယ်လို့ မြင်ပါတယ်။ ဒါမှလည်း ကုန်ဈေးနှုန်း မြင့်မားမှုနဲ့ ကုန်စည်ရှားပါးမှုဒဏ်တွေကို ပြည်သူတွေ သက်သာရာရမှာ ဖြစ်ပါတယ်” ဟု ပြောကြားသည်။

နယ်စပ်ကုန်သွယ်ရေးလုပ်ငန်း ပြန်လည်စတင်တော့မည်ဟု ဘင်္ဂလားဒေ့ရှ်အစိုးရဘက်မှ တရားဝင် ပြောကြားထားသည်ကို တွေ့ရပြီး နှစ်ဖက်ညှိနှိုင်းဆောင်ရွက်မှုများ မကြာမီ အကောင်အထည်ပေါ်လာမည်ဟု ယုံကြည်ကြောင်း နယ်စပ်ကုန်သွယ်ရေးနှင့် ပတ်သက်ပြီး လေ့လာစောင့်ကြည့်နေသူတစ်ဦးက ပြောကြားသည်။

“ဘင်္ဂလားဒေ့ရှ်ဘက်ကတော့ ဖွင့်လှစ်ထားပြီးပြီလို့ သိရပါတယ်။ ဒီဘက်နဲ့လည်း ဆွေးနွေးမှုတွေ လုပ်ဆောင်နေကြတယ်လို့ ကြားသိရတာကြောင့် မကြာခင် ဖြစ်လာလိမ့်မယ်လို့ ထင်ပါတယ်” ဟု ၎င်းက ပြောကြားသည်။

ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာအကြား နယ်စပ်ကုန်သွယ်ရေးသည် Teknaf Land Port မှတစ်ဆင့် မကြာမီ ပြန်လည်စတင်တော့မည်ဟု ဘင်္ဂလားဒေ့ရှ် ပြည်နယ်ဝန်ကြီး Md Rajib Ahsan က ပြောကြားခဲ့ကြောင်း Jago News 24 တွင် ရေးသားဖော်ပြထားသည်။

အချိန်ကြာမြင့်စွာ ရပ်ဆိုင်းနေခဲ့ပြီးနောက် လုပ်ငန်းပြန်လည်စတင်ရန် ပြင်ဆင်မှုများကို ပြန်လည်သုံးသပ်ခဲ့သည်ဟု ဧပြီလ ၇ ရက်နေ့က ဆိပ်ကမ်းသို့ သွားရောက်လည်ပတ်စဉ် ပြောဆိုခဲ့ခြင်းဖြစ်သည်။

စာတည်း-ကိုဆန်း