13 Apr 2026 By Al Jazeera
ဩစတြေးလျ ကာကွယ်ရေးတပ်ဖွဲ့ (ADF) ၏ ထိပ်ပိုင်းခေါင်းဆောင်မှု အပြောင်းအလဲများ ပြုလုပ်ရာတွင် စစ်တပ်၏ ၁၂၅ နှစ်တာ သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် အမျိုးသမီးတစ်ဦးကို စစ်ဦးစီးချုပ်အဖြစ် ခန့်အပ်လိုက်ကြောင်း အစိုးရက ယနေ့တွင် တရားဝင် ထုတ်ပြန်ကြေညာလိုက်သည်။
လက်ရှိတွင် ပူးတွဲစွမ်းဆောင်ရည်ဆိုင်ရာ အကြီးအကဲအဖြစ် တာဝန်ယူနေသည့် ဒုတိယဗိုလ်ချုပ်ကြီး ဆူဇန်ကွိင်လ် (Susan Coyle) သည် လာမည့် ဇူလိုင်လတွင် စစ်ဦးစီးချုပ် (Chief of Army) အဖြစ် စတင်တာဝန်ယူမည်ဖြစ်ပြီး ၎င်းသည် ၂၀၂၂ ခုနှစ်မှစတင်၍ ထိုတာဝန်ကို ထမ်းဆောင်ခဲ့သူ ဒုတိယဗိုလ်ချုပ်ကြီး Simon Stuart ၏ နေရာတွင် အစားထိုး တာဝန်ယူမည်ဖြစ်သည်။
အသက် ၅၅ နှစ်အရွယ်ရှိ ဆူဇန်ကွိင်လ်သည် စစ်မှုထမ်းသက်တမ်း ဆယ်စုနှစ် ၄ ခုနီးပါး ရှိပြီဖြစ်ကာ အာဖဂန်နစ္စတန်နှင့် အရှေ့အလယ်ပိုင်းဒေသ စစ်ဆင်ရေးများအပါအဝင် အဆင့်မြင့် စစ်ဘက်ခေါင်းဆောင်မှု ကဏ္ဍပေါင်းစုံတွင် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။
၎င်း၏ ဆိုက်ဘာစစ်ဆင်ရေးဆိုင်ရာ ကျွမ်းကျင်မှုနှင့် ကျယ်ပြန့်သော အတွေ့အကြုံများသည် ၎င်းအပေါ် ယုံကြည်အပ်နှံထားသည့် တာဝန်များကို ထမ်းဆောင်ရန် ခိုင်မာသည့် အခြေခံကောင်းများဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဩစတြေးလျ ဝန်ကြီးချုပ် Anthony Albanese ကလည်း လာမည့် ဇူလိုင်လမှစတင်၍ ဩစတြေးလျစစ်တပ်၏ ၁၂၅ နှစ်တာ သမိုင်းတစ်လျှောက် ပထမဆုံးသော အမျိုးသမီးစစ်ဦးစီးချုပ်ကို ပိုင်ဆိုင်တော့မည်ဖြစ်ကြောင်း ဂုဏ်ယူစွာဖြင့် ထုတ်ဖော်ပြောကြားခဲ့သည်။
ထို့အတူ ကာကွယ်ရေးဝန်ကြီး Richard Marles ကလည်း ယခုခန့်အပ်မှုသည် အလွန်နက်ရှိုင်းသည့် သမိုင်းဝင်အခိုက်အတန့်ဖြစ်ပြီး ဆူဇန်ကွိင်လ်၏ အောင်မြင်မှုသည် လက်ရှိစစ်မှုထမ်းနေသည့် အမျိုးသမီးများနှင့် နောင်တွင် စစ်မှုထမ်းရန် စဉ်းစားနေသည့် အမျိုးသမီးငယ်များအတွက် များစွာအဓိပ္ပာယ်ရှိစေမည်ဟု ဆိုသည်။
ယခုကဲ့သို့ အမျိုးသမီးစစ်ဦးစီးချုပ် ခန့်အပ်မှုသည် ဩစတြေးလျစစ်တပ်အတွင်း အမျိုးသမီးအရာရှိဦးရေ တိုးမြှင့်ရန် ကြိုးပမ်းနေချိန်နှင့် တစ်ချိန်တည်းတွင် ပေါ်ပေါက်လာခြင်း ဖြစ်သည်။
လက်ရှိတွင် ဩစတြေးလျ ကာကွယ်ရေးတပ်ဖွဲ့အတွင်း အမျိုးသမီးဦးရေမှာ ၂၁ ရာခိုင်နှုန်းခန့်ရှိပြီး ၂၀၃၀ ပြည့်နှစ်တွင် ၂၅ ရာခိုင်နှုန်းအထိ ရောက်ရှိရန် ရည်မှန်းထားသည်။
သို့သော်လည်း စစ်တပ်အတွင်း စနစ်တကျ လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်မှုများနှင့် ခွဲခြားဆက်ဆံမှုများ ရှိနေသည်ဟူသော စွပ်စွဲချက်များကြောင့် ပြီးခဲ့သည့် အောက်တိုဘာလက အုပ်စုလိုက် တရားစွဲဆိုမှုတစ်ရပ်နှင့် ရင်ဆိုင်နေရချိန်လည်း ဖြစ်သည်။
အစိုးရသည် ယနေ့တွင် အခြားအဆင့်မြင့်ရာထူး ခန့်အပ်မှုများကိုလည်း ပြုလုပ်ခဲ့ရာ လက်ရှိ ရေတပ်ဦးစီးချုပ် Vice Admiral Mark Hammond ကို ကာကွယ်ရေးတပ်ဖွဲ့အကြီးအကဲ (Head of the ADF) အဖြစ် ခန့်အပ်ခဲ့ပြီး၊ ၎င်း၏နေရာတွင် ဒုတိယရေတပ်ဦးစီးချုပ် Rear Admiral Matthew Buckley ကို အစားထိုး ခန့်အပ်ခဲ့သည်။
လက်ရှိတွင် ဩစတြေးလျစစ်တပ်သည် ခေတ်မီတိုက်ခိုက်ရေးလက်နက်များ၊ ဒရုန်းများနှင့် တာဝေးပစ်လက်နက်များ တပ်ဆင်ကာ အဓိကကျသော အသွင်ကူးပြောင်းမှုများကိုလည်း အားသွန်ခွန်စိုက် လုပ်ဆောင်လျက်ရှိသည်။
