အစွန်းရောက် အရပ်ဝတ်လဲ စစ်ဗိုလ်ချုပ်တစ်ဦးဖြစ်သူ ဘူးလက်လှဆွေက အတိုက်အခံခေါင်းဆောင်ကို ရှင်းလင်းရန် ဆော်သြမှုများ ပြောဆိုနေရာ ပြည်သူများအကြားတွင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ အသက်ဘေးအတွက် စိုးရိမ်မှုများ မြင့်တက်လာလျက် ရှိနေကြောင်း သိရသည်။
ဘူးလက်လှဆွေက အဆိုပါ ပြောဆိုမှုများကို ဧပြီ ၁၈ ရက်တွင် လူမှုကွန်ရက်များမှတစ်ဆင့် ဗီဒီယိုဖိုင် ဖြန့်ဝေခဲ့ခြင်း ဖြစ်သည်။
အစွန်းရောက် စစ်ဗိုလ်ချုပ်ဟောင်း လှဆွေက ရုရှားအာဏာရှင် ပူတင်၊ တရုတ်အာဏာရှင် ရှီကျင့်ဖျင်၊ ကမ္ဘောဒီးယားအာဏာရှင် ဟွန်ဆန်တို့၏ နိုင်ငံရေးအတိုက်အခံများကို လက်သည်မပေါ်စေဘဲ အပျောက်ရှင်း သတ်ပစ်သည့် လုပ်ရပ်များကို ဥပမာပေး၍ နိုင်ငံတည်ငြိမ်ရန် အတိုက်အခံခေါင်းဆောင်ကို ရှင်းပစ်ရမည်ဟု ဆော်သြနေခြင်း ဖြစ်သည်။
“ကျနော်ပြောတာက နိုင်ငံအသီးသီးက သူတို့ ခေါင်းဆောင်တွေက သူတို့ တိုင်းပြည် တည်ငြိမ်အေးချမ်းဖို့၊ ဆက်လက်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ဖို့ Sustainable Development ဖြစ်ဖို့ အဲဒါကို သူတို့က ဖြစ်နိုင်ခြေရှိတဲ့ Potential Enemy တွေကို တစ်ခါတည်း ရှင်းထုတ်တာ။ အဲဒါ နိုင်ငံတည်ငြိမ်အေးချမ်းတယ်” ဟု ဘူးလက်လှဆွေက ပြောသည်။
ထို့ပြင် ၎င်းက လက်ရှိ အာဏာသိမ်းခေါင်းဆောင်ကို ရည်ညွှန်းပြီး စိတ်မပျော့ဘဲ အပြတ်ရှင်းရန် ရည်ရွယ်သည့် အမုန်းစကားများကို ပြောဆိုခဲ့သေးသည်။
“သိပ်ပြီးတော့ လျှော့ပေါ့ပေးတာတော့ မကောင်းဘူး။ ကျွန်တော်တို့ လျှော့ပေါ့ပေးလို့ ငါးပါးတင်မကဘူး သံဃာစင်ပါ မှောက်ပြီးပြီ။ အခုလွတ်လာတဲ့ ဦးဝင်းမြင့်တို့၊ ဦးဝင်းထိန်တို့ အဲဒါ အရေးမပါဘူး။ ရပါတယ်။ သူတို့ မြွေခေါင်းပြတ်လိုပဲ။ အဲဒီမြွေကို ခေါင်းမဆက်ဖို့ အရေးကြီးတယ်။ မြွေကို ခေါင်းဆက်မိရင် အဆိပ်ရှိတဲ့ မြွေဖြစ်သွားမယ်။ အဲဒါလေးကို လာပြီးတော့ ကျနော် သတိပေးတာပါ” ဟု ဘူးလက်လှဆွေက ပြောသည်။
အစွန်းရောက် စစ်တပ်ထောက်ခံသူ လှဆွေ၏ ပြောစကားများကြောင့် လူထုနှင့် အဆက်အသွယ် ပြတ်တောက်နေသည့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ အသက်ဘေးလုံခြုံမှုအတွက် ပြည်သူများ စိုးရိမ်မှု ပိုမိုဆိုးလာသည်ကို တွေ့ရသည်။
“စကားသံပစ်ပြီး ပြည်သူနဲ့ ကမ္ဘာကြီးကို စမ်းသပ်နေတဲ့ လေသံလို့ တွက်ကြည့်မိတယ်။ တကယ်လို့ ပြည်သူ့ခေါင်းဆောင် လက်ရှိအချိန်မှာ သက်ရှိထင်ရှား ရှိတယ်၊ မရှိဘူးဆိုတာ သူတို့ကလွဲပြီး ဘယ်သူမှမသိဘူး။ တကယ်လို့များ မရှိတော့အောင် ရှင်းပစ်လိုက်ပြီးဖြစ်စေ၊ ရှင်းပစ်ဖို့ စကားသံပစ်သည်ဖြစ်စေ ပြည်သူတွေနဲ့ ကမ္ဘာကြီးက ဘယ်လိုတုံ့ပြန်လာမလဲဆိုတာ သူတို့ သိချင်နေတယ်။ ဘာပဲဖြစ်ဖြစ် ကျနော်တို့ တော်လှန်ရေးကို ပြီးဆုံးတိုင် အကြွင်းမဲ့နိုင်အောင် တိုက်မှရမယ်လို့ ပြည်သူတွေအားလုံး ဆုံးဖြတ်ချက်ချရတော့မယ့် အချိန်ရောက်နေပြီဆိုတာ မမေ့ပါနဲ့” ဟု အသက် ၅၀ အရွယ် အမျိုးသားတစ်ဦးက ပြောသည်။
အလားတူ အသက် ၃၀ အရွယ် ရန်ကုန်မြို့နေ အမျိုးသမီးတစ်ဦးကလည်း “အမေအိုကြီး အသက် ၈၀ ကျော်နေပြီ၊ လွှတ်ပေးသင့်နေပါပြီ။ သူတို့တွေ အမေစုကို သတ်ပစ်ဖို့ထိ ရည်ရွယ်နေကြတာမျိုး မဟုတ်ပါစေနဲ့။ အမေစု ကျန်းမာချမ်းသာပါစေ၊ အမြန်ဆုံး ပြန်လွတ်မြောက်ပါစေလို့ ဆုတောင်းနေရပါတယ်။ အရမ်းစိုးရိမ်ပါတယ် တစ်ခုခု ဖြစ်သွားမှာကို” ဟု ဆိုသည်။
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် စစ်တပ်တရားခွင်မှ ဓာတ်ပုံအချို့ ထွက်ပေါ်လာသည်ကလွဲ၍ ကမ္ဘာကြီးနှင့် အဆက်အသွယ် ပြတ်တောက်လျက် ရှိသည်။
အာဏာသိမ်းစစ်တပ်သည် လူထုခေါင်းဆောင်ကို တရုတ်အစိုးရအပါအဝင် မည်သူနှင့်မျှ တွေ့ဆုံပေးခြင်း မရှိဘဲ သတင်းဖျောက်ထားခဲ့ပြီး မတရားအမှုဆင်ထားသည့် ပြစ်မှုများဖြင့် နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ထားသည်။
အတုအယောင်ရွေးကောက်ပွဲမှတစ်ဆင့် အာဏာသိမ်းစစ်အုပ်စုက သမ္မတ တင်မြှောက်ပြီးနောက် ပြီးခဲ့သည့် မြန်မာနှစ်သစ်ကူး နှစ်ဆန်းတစ်ရက်တွင် ၎င်းက ရွေးကောက်ခံသမ္မတ ဦးဝင်းမြင့်ကို ပြန်လွှတ်ပေးသော်လည်း လူထုခေါင်းဆောင်ကိုမူ ပြန်လွှတ်ပေးခြင်း မရှိသေးပေ။
ထို့ပြင် မည်သည့် သတင်းအချက်အလက်ကိုမျှ ထုတ်ပြန်ခြင်း မရှိသဖြင့် လူထုခေါင်းဆောင်၏ သားဖြစ်သူ ကိုထိန်လင်းကလည်း မိခင်ဖြစ်သူအတွက် အလွန်အမင်း စိုးရိမ်နေပြီး ပြည်သူများအကြားတွင်လည်း ယင်းသို့ စိုးရိမ်မှုများ ပိုမိုမြင့်တက်လာနေခြင်း ဖြစ်သည်။
