ရေးအခြေစိုက် စကခ-၁၉ လက်နက်တိုက် မီးလောင်၊ ရော်ဘာခြံမီးလောင်ခြင်းဖြစ်ဟု စစ်အုပ်စုသတင်းလွှင့်

ဓာတ်ပုံ-Google Maps
ပုံစာ-စကခ-၁၉အား Google မှတွေ့မြင်ရပုံ

မွန်ပြည်နယ်၊ ရေးမြို့နယ်အခြေစိုက် စကခ-၁၉ လက်နက်တိုက် ယနေ့ (ဧပြီလ ၁၉ ရက် )မွန်းလွဲ ၂ နာရီခန့်က မီးလောင်မှုဖြစ်ပွားခဲ့ပြီး လက်နက်ခဲယမ်းအများအပြား မီးလောင်ပျက်စီးသွားကြောင်း ဖြစ်စဉ်သိရှိထားသူများထံမှ သိရသည်။

ရေးမြို့အဝင်အနီး အမှတ် (၈) ပြည်ထောင်စုလမ်းမကြီးဘေးတွင် တည်ရှိသည့် အမှတ် (၁၉) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၁၉) တပ်ဝင်းအတွင်းရှိ လက်နက်ခဲယမ်းများ သိုလှောင်ထားသည့်နေရာ မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

“ရာသီဥတုပူလို့ ယမ်းက ထပေါက်တာလား၊ လျှပ်စစ်ဝါယာကြိုးကြောင့်လား သေချာမသိရဘူးဗျ။ ယမ်းတွေ ထပေါက်တာတော့ တကယ်ပါ။ အသံတော်တော်ကျယ်တယ်၊ အစက တိုက်ပွဲစဖြစ်နေပြီ ထင်တာပေါ့။ အိမ်မှာရှိတဲ့သူတွေ အကုန်ကြားရတယ်။ မီးသတ်ကားတွေ ဝင်သွားကြတာပဲ” ဟု ရေးမြို့ခံတစ်ဦးက MPA ကို ပြောသည်။

စကခ-၁၉ လက်နက်တိုက် မည်သည့်အကြောင်းရင်းကြောင့် မီးလောင်ခဲ့သည်ကို စုံစမ်းနေဆဲဖြစ်သည်။

လက်နက်တိုက်မီးလောင်မှုကြောင့် ထိခိုက်သေဆုံးမှု မရှိသော်လည်း မီးသတ်ဌာနနှင့် စစ်ကော်မရှင်တပ်ဖွဲ့ဝင်များက နှစ်နာရီခွဲခန့် မီးငြိမ်းသတ်ခဲ့ရသည်။

“အခုက ရော်ဘာခြံမီးလောင်တာလို့ သတင်းလွှင့်နေတာ၊ မီးသတ်ကားတွေတောင် အသံတိတ်ပြီး မောင်းဝင်သွားရတာလေ။ လက်နက်ခဲယမ်းတော့ တော်တော်ပါသွားမယ်ထင်တာပဲ၊ ပေါက်ကွဲသံက ကြာတယ်၊ ဒီတိုင်းဆို စကခမှူး မလွယ်လောက်ဘူး” ဟု ရေးအခြေစိုက် တော်လှန်ရေးတပ်ခေါင်းဆောင်တစ်ဦးက ပြောသည်။

စကခ-၁၉ သည် ခြေမြန်တပ်မအသွင်ယူထားသည့် တိုက်ခိုက်ရေးတပ်ဖွဲ့ဖြစ်ပြီး အရှေ့တောင်တိုင်းစစ်ဌာနချုပ် လက်အောက်ခံတပ်ဖြစ်သည်။

စကခ-၁၉ ကို တော်လှန်ရေးတပ်များမှ ဒရုန်း၊ လက်နက်ကြီးများဖြင့် မကြာခဏ တိုက်ခိုက်နေသည့်အတွက် လုံခြုံရေးအထူးတင်းကြပ်ထားကြောင်း ဒေသအခြေစိုက် တော်လှန်ရေးအဖွဲ့များက ပြောသည်။

လက်ရှိ မော်လမြိုင်-ရေး အမှတ် (၈) ပြည်ထောင်စုလမ်းမကြီးတစ်လျှောက်တွင် စကခ-၁၉ လက်အောက်ခံတပ်များနှင့် မွန်၊ ကရင်၊ ထားဝယ် PDF ပူးပေါင်းမဟာမိတ်တပ်များ နေ့စဉ်နှင့်အမျှ တိုက်ပွဲပြင်းထန်နေသည်။