ဖားကန့်တွင် လမ်းမပေါ် ဓားပြတိုက်နေသည့် စစ်သားများ ဒရုန်းဗုံးထိပြီး ၅ ဦးသေဆုံးဟုဆို

ဓာတ်ပုံ - Naw Tu Awng Facebook
ပုံစာ - သေဆုံး၊ ဒဏ်ရာရစစ်သားများကို ကားဖြင့် သယ်ဆောင်သွားစဉ်။

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင် ပြည်သူများကို လမ်းမပေါ် ဓားပြတိုက်နေသည့် စစ်သားများ ဒရုန်းဗုံးထိပြီး ၅ဦးသေဆုံးသွားကြောင်း သိရသည်။

ဧပြီ ၂၁ရက်၊ မွန်းလွဲ ၂ နာရီခန့်တွင် ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု၊ အောင်ရာရွာ၌ ပြည်သူ များကို လုံခြုံရေးအကြောင်းပြချက်ဖြင့် လမ်းမပေါ်၌ စစ်ဆေးကာ ဓားပြတိုက်နေသော စစ်သားများ အား တော်လှန်ရေးတပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း တော်လှန်ရေးတပ်များနှင့် နီးစပ်သူတစ်ဦးထံက သိရသည်။

” ဒရုန်းနဲ့ချလို့ ဟိုဘက် ( စစ်တပ် ) က လက်နက်ကြီးနဲ့ ကောင်တာပြန်ပစ်တာလည်း ရှိတော့ အသံ တွေ ခွဲမရဘူး။ ဘယ်နှစ်လုံးကြဲလဲ မသိဘူးပေါ့နော်။ လမ်းထောင့်မှာ ပြည်သူတွေကို လုံခြုံရေး အ ကြောင်းပြ စစ်၊ ဓားပြတိုက်နေတဲ့ကောင်တွေ ၅ဦးသေတယ်ဗျ။ အလောင်းတွေ ဆွဲပြီး AD Van ကား ပေါ်တင်သွားတယ်။ ‌နောက်ပြီး ဒဏ်ရာရတဲ့သူတွေလည်း များတယ်။ ညနေ ၅ နာရီလောက်အထိ ကားနဲ့ လာသယ်နေတုန်းပဲ” ဟု ၎င်းက MPA ကို ပြောသည်။

ဒရုန်းဖြင့် ဗုံးကြဲပြီးနောက်တွင် လုံးခင်းကျေးရွာအုပ်စုရှိ စစ်တပ်အထိုင်ချစခန်းမှ လက်နက်ကြီးဖြင့် ပြန်လည် ပစ်ခတ်ခဲ့ရာ အောင်ရာကျေးရွာ၊ ကောင်းပြည့်ဆီဆိုင်အနီးသို့ လက်နက်ကြီးကျရောက်ပြီး ပြည်သူ ၂ဦး ထိခိုက်ခဲ့ကြောင်း သိရသည်။

” ၆နှစ်အရွယ် သမီးလေးတစ်ဦး လက်နက်ကြီးစမှန်တယ်။ နောက်တစ်ဦးက လူကြီးပဲ။ အသက်အ ရွယ် နဲ့ ကျား၊မတော့ မသိရသေးဘူးဗျ။ ” ဟု ၎င်းက ဆက်လက်ပြောသည်။

ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စုတွင် စစ်တပ်လက်အောက်ခံ မင်းဇေသန့်ဦးဆောင်သော ဝါရာဇွပ်ပြည်သူ့စစ်အဖွဲ့က စစ်ကူပေးရန် ရောက်ရှိနေပြီး စစ်သားများနှင့်အတူ ပြည်သူများကို အနိုင်ကျင့် ဓားပြမှုများ ကျူးလွန်လျက်ရှိရာ ဧပြီ ၂၁ရက်က မုန့်လက်ဆောင်းအထမ်းသည် ပါမကျန် ပါလာသည့် ငွေနှင့် ပစ္စည်းများအား လုယက်ခဲ့ကြောင်း သိရသည်။

စစ်သားများထိခိုက်သေဆုံးမှုကို MPA အနေဖြင့် သီးခြား အတည်မပြုနိုင်ပေ။