ဒေါ်အောင်ဆန်းစုကြည်နှင့် မတရားဖမ်းဆီးခံထားရသူများကို အမြန်ဆုံးလွှတ်ရန် ဗြိတိန်နှင့် ဩစတြေးလျ တောင်းဆို

ဓာတ်ပုံ-All in One Piece Movement

ဒေါ်အောင်ဆန်းစုကြည်အပါအဝင် မတရားဖမ်းဆီးခံထားရသူများအားလုံးကို အမြန်ဆုံးလွှတ်ပေးရန် ဗြိတိန်နှင့်ဩစတြေးလျတို့က ယနေ့ တောင်းဆိုလိုက်သည်။

ယနေ့(ဧပြီ၂၂ရက်) မွန်းလွဲပိုင်း၌ ဗြိတိန်သံရုံးနှင့် ဩစတြေးလျသံရုံးတို့က အထက်ပါအတိုင်း တောင်းဆိုလိုက်ခြင်းဖြစ်ပြီး သမ္မတကြီးဦးဝင်းမြင့်နှင့် အကျဉ်းသားအချို့ကို လွတ်ငြိမ်းခွင့်ပြုခြင်းအ ပေါ် ယူကေအစိုးရနှင့် ဩစတြေးလျက အသိအမှတ်ပြုကြောင်းလည်း ထုတ်ပြန်ထားသည်။

“ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးအတွက် မြန်မာပြည်သူတွေက စိုးရိမ်နေကြတဲ့အချိန်၊ဒေါ် အောင်ဆန်းစုကြည် ကျန်းမာနေကြောင်း သက်သေပြဖို့ ကမ်ပိန်းလုပ်နေတဲ့အချိန်မှာ အခုလို နိုင်ငံ တကာအစိုးရတွေက ဆက်တိုက်တောင်းဆိုလာတာ ကြိုဆိုရပါမယ်”ဟု ရန်ကုန်အခြေစိုက် နိုင်ငံရေး ဆောင်းပါးရှင်တစ်ဦးက MPAသို့ပြောသည်။

ယူကေအစိုးရအနေဖြင့် မြန်မာပြည်သူပြည်သားများမျှော်မှန်းထားသည့် ငြိမ်းချမ်းသော ဒီမိုကရေစီ အနာဂတ်အတွက် ဆက်လက်ထောက်ပံ့သွားမည်ဖြစ်ပြီး ထိုရည်မှန်းချက်အတွက် အကြမ်းဖက်မှုများ ရပ်တန့်‌ရေး၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများ အပြည့်အဝရရှိနိုင်‌ရေးနှင့် အား လုံးပါဝင်သော ဆွေးနွေးမှုများဖော်ဆောင်နိုင်‌ရေးတို့ကို ယူကေအစိုးရက ဆက်လက် တောင်းဆို ကြောင်း ထုတ်ပြန်ထားသည်။

အရပ်သားပြည်သူများအပေါ်အကြမ်းဖက်မှုများရပ်တန့်ရန်၊ လိုအပ်နေသူအားလုံးကိုခွဲခြားမှုမရှိဘဲ လူသားချင်းစာနာမှုအကူအညီများ အဟန့်အတားမရှိပေးခွင့်ပြုရန်နှင့်စစ်မှန်၍ အားလုံးပါဝင်သော ဆွေးနွေးမှု လုပ်ဆောင်မည့်ကတိကဝတ်ပြုရန် ထပ်လောင်းတောင်းဆိုကြောင်းနှင့် မြန်မာ့အကျပ် အတည်းကိုဖြေရှင်းရာတွင် အာဆီယံ၏အခရာကျသည့်အခန်းကဏ္ဍကို မိမိတို့ပံ့ပိုးထောက်ခံကြောင်း ထပ်လောင်းအတည်ပြုသည်ဟု ဩစတြေးလျသံရုံးက ထုတ်ပြန် ထားသည်။

ယနေ့နံနက်ပိုင်းကလည်း နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်ရေးအတွက် ဆက်လက်တိုက်တွန်းသွားမည်ဖြစ်ကြောင်း အမေရိကန်သံရုံးက ထုတ်ပြန်ထားသေးသည်။

ဒေါ်အောင်ဆန်းစုကြည်အပါအဝင် မတရားဖမ်းဆီးထိန်းသိမ်းခံထားရသူအားလုံးကို ခြွင်းချက်မရှိ လွှတ်ပေးရန် တောင်းဆိုကြောင်း ဥရောပသမဂ္ဂ ၏ နိုင်ငံခြားရေးနှင့် လုံခြုံရေးမူဝါဒ ပြောရေးဆိုခွင့် ရှိသူ Anitta Hipper က တွစ်တာ၌ ဧပြီ၂၁ရက်က ဖော်ပြထားသည်။

နိုင်ငံ့ခေါင်းဆောင်၊အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် ကျန်းမာကြောင်း ခိုင်မာသည့် အထောက်အထားပြရန် All in One Piece Movement က Proof of Life ကမ်ပိန်း စတင်လိုက်ပြီ ဖြစ်ကြောင်း ဧပြီ၂၁ရက်က ကြေညာသည်။