မကွေးတိုင်း၊ မြိုင်မြို့နယ်၊ သရက်ကန်ပျူရွာမှ ကင်းပတ်ထွက်သည့်ရဲ ၂ ဦး မိုင်းဆွဲခံရပြီး သေဆုံးခဲ့ကြောင်းသိရသည်။
ဧပြီ ၂၀ရက်၊ ညနေ ၄နာရီခန့်တွင် မြိုင်မြို့နယ်၊ သရက်ကန်ပျူရွာမှ ကင်းပတ်ထွက်လာသည့် ရဲများ ကို ဒေသခံ ပြောက်ကျားတပ်ဖွဲ့က မိုင်းဆွဲခဲ့ခြင်းဖြစ်ကြောင်း TYK ပြောက်ကျားတပ်ဖွဲ့က ယနေ့ (ဧပြီ ၂၂ရက်) သတင်းထုတ်ပြန်သည်။
” ၂ယောက်လို့သိရပါတယ်။ကျနော်တို့အနေနဲ့တော့ တစ်ယောက်ကိုပဲ မြင်တွေ့လိုက်ရတာပါ။ ကင်းပတ်လို့ပဲယူဆတာဗျ။ ကျနော်တို့ပတ်ရင်းနဲ့အမှတ်မထင်တွေ့တာ” ဟု TYK ပြောက်ကျား တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက MPA သို့ပြောသည်။
ယင်းတိုက်ခိုက်မှုတွင် G3သေနတ် တစ်လက် ၊ကျည်ဘောက် ၂ခု နှင့် ကျည်အတောင့် ၆၀ သိမ်းဆည်း ရရှိခဲ့ကြောင်း သိရသည်။
” မိုင်းဆွဲပြီးချိန်မှာ တစ်ဖက်က ပြန်လည်ပစ်ခတ်မှုမရှိလို့ မိုင်းကွဲတဲ့နေရာကိုရှင်းလင်းရာမှာ တွေ့ရတာပါ” ဟု ၎င်းက ဆက်လက်ပြောသည်။
မိုင်းဆွဲတိုက်ခိုက်သည့်နေရာသည် သရက်ကန်ပျူရွာနှင့် မီတာ ၃၀၀သာဝေးကြောင်းသိရသည်။
ယင်းတိုက်ခိုက်မှုကို TYK ပြောက်ကျားတပ်ဖွဲ့၊ ဇာမဏီ ပြောက်ကျားတပ်ဖွဲ့ (အရှေ့ပိုင်းဇုန်)၊ ဒေါင်းညီနောင်တပ်ဖွဲ့နှင့် ဒေါင်းမာန် တပ်ဖွဲ့တို့ ပူးပေါင်းဆင်နွှဲခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေးရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရသည်။
ရဲများ သေဆုံးမှုကို MPA အနေနှင့် သီးခြားအတည်မပြုနိုင်ပေ။
