ဘာသာပြန်ဆောင်းပါး၊ ရေးသားသူ Shweta Sharma
တစ်ချိန်က နိုင်ငံတကာအသိုင်းအဝိုင်းက ပစ်ပယ်ခံထားရပြီး စစ်ရာဇဝတ်ကောင်တစ်ဦးအဖြစ် စွပ်စွဲခံထားရသည့် မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် အင်အားကြီးခေါင်းဆောင်များ ထိတွေ့ဆက်ဆံလာရကာ ကမ္ဘာ့စင်မြင့်ပေါ်သို့ ပြန်လည်ရောက်ရှိလာသည်။
နှိပ်စက်ညှဉ်းပန်းမှုများ၊ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုများနှင့် ကြောက်ရွံ့မှုများဖြင့် တည်ဆောက်ထားသည့် အစိုးရတစ်ရပ်ကို အာရှနိုင်ငံများ၏ ဆက်ဆံရေးက တရားဝင်မှုပေးနေခြင်းလား။
မြန်မာစစ်တပ်က အာဏာသိမ်းပြီးနောက် လေးနှစ်အကြာတွင် စစ်အုပ်စုသည် နိုင်ငံတကာမှ သီးခြားခွဲထုတ်ခံထားရဆဲ ဖြစ်သော်လည်း ယခုသီတင်းပတ်တွင် အာရှ၌ ရုတ်တရက် အရေးပါသော နေရာတစ်ခုကို ရရှိခဲ့သည်။
စစ်ရာဇဝတ်မှုနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများဖြင့် စွပ်စွဲခံထားရသော်လည်း ဒေသတွင်း အင်အားကြီးခေါင်းဆောင်အချို့က ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား သံတမန်ရေးအရ အသိအမှတ်ပြုမှုများ ပေးအပ်ကာ ကမ္ဘာ့စင်မြင့်ပေါ်တွင် နေရာတစ်ခု ဖန်တီးပေးခဲ့သည်။
တရုတ်သမ္မတ ရှီကျင့်ဖျင်သည် ပြီးခဲ့သည့်သီတင်းပတ်က တီယန်ကျင်းမြို့၌ ကျင်းပခဲ့သည့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (SCO) ထိပ်သီးအစည်းအဝေးအတွက် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား နွေးထွေးစွာ ကြိုဆိုခဲ့ပြီး အာဏာရှင်များနှင့် ဒီမိုကရေစီနည်းကျ ရွေးချယ်တင်မြှောက်ခံထားရသည့် ခေါင်းဆောင်များနှင့်ပါ ရောနှောဆက်ဆံခဲ့သည်။
စစ်အုပ်စုက အဆိုပါခရီးစဉ်သည် နိုင်ငံတကာအသိအမှတ်ပြုမှု၏ သက်သေဖြစ်ကြောင်းနှင့် အောင်မြင်ပြီး အကျိုးရှိသည့် ခရီးစဉ်အဖြစ် ထုတ်ဖော်ကြွားဝါခဲ့သည်။
မင်းအောင်လှိုင်သည် အိန္ဒိယဝန်ကြီးချုပ် နာရင်ဒြာ မိုဒီနှင့် နှစ်နိုင်ငံဆွေးနွေးပွဲများ ကျင်းပခဲ့သလို သမ္မတ ရှီကျင့်ဖျင်နှင့် ပူးပေါင်းဆောင်ရွက်မှုများကို ဆွေးနွေးခဲ့သည်။ ထို့အပြင် ရုရှားသမ္မတ ဗလာဒီမာ ပူတင်နှင့် နိုင်ငံပေါင်း ၂၀ ကျော်မှ ခေါင်းဆောင်များနှင့်အတူ ဓာတ်ပုံအရိုက်ခံခဲ့သည်။
၂၀၂၁ ခုနှစ်တွင် ဒေါ်အောင်ဆန်းစုကြည်အား ဖြုတ်ချပြီး ရက်စက်ကြမ်းကြုတ်သည့် ပြည်တွင်းစစ်ကို စတင်ခဲ့ပြီးနောက် နိုင်ငံတကာအသိုင်းအဝိုင်းက အများအားဖြင့် ရှောင်ဖယ်ထားခြင်းခံခဲ့ရသည့် သူ့အတွက် အံ့အားသင့်ဖွယ်ရာ ပြန်လည်အသိအမှတ်ပြုခံရမှုပင် ဖြစ်သည်။
တရုတ်နှင့် ရုရှားတို့သည် မြန်မာအာဏာသိမ်း စစ်အုပ်စုကို သံတမန်ရေးနှင့် စစ်ရေးအရ အချိန်ကြာမြင့်စွာ ကာကွယ်ပေးခဲ့ကြသည်။ သို့သော် ယခုအခါ အံ့အားသင့်ဖွယ်ကောင်းသည်မှာ ကမ္ဘာ့အကြီးဆုံးဒီမိုကရေစီနိုင်ငံဖြစ်သည့် အိန္ဒိယက မြန်မာစစ်ဗိုလ်ချုပ်များအား လူသိရှင်ကြား အသိအမှတ်ပြုပေးရန် ဆန္ဒရှိနေခြင်းပင်ဖြစ်သည်။ အိန္ဒိယ၏ လုပ်ရပ်သည် ၎င်း၏ဒီမိုကရေစီဝါဒနှင့် အာရှရှိ အာဏာရှင်စနစ်များကို ထိန်းညှိပေးသူအဖြစ် သူ့ကိုယ်သူ ပုံဖော်ထားသည့် အခန်းကဏ္ဍနှင့် ဆန့်ကျင်နေသည်။
မိုဒီသည် SCO ထိပ်သီးအစည်းအဝေး၏ သီးခြားဆွေးနွေးပွဲ၌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တွေ့ဆုံခဲ့သည်။ မိုဒီသည် မြန်မာနိုင်ငံ၌ လာမည့် ရွေးကောက်ပွဲကို “သက်ဆိုင်သူအားလုံး ပါဝင်နိုင်သော မျှတပြီး ပြည့်စုံသည့် နည်းလမ်းဖြင့် ကျင်းပနိုင်မည်” ဟု မျှော်လင့်ကြောင်းအထိ ထုတ်ဖော်ပြောကြားခဲ့သည်။
မိုဒီရည်ညွှန်းသည့် ရွေးကောက်ပွဲသည် လုံးဝ အကွက်ချပြင်ဆင်ထားသည့် ရွေးကောက်ပွဲ လုပ်ငန်းစဉ်သာ ဖြစ်လိမ့်မည်။ အကြောင်းမှာ စစ်တပ်က အာဏာသိမ်းစဉ်က နိုင်ငံ၏ အရပ်သားခေါင်းဆောင်အများစုနှင့် လူကြိုက်အများဆုံး နိုင်ငံရေးပါတီမှ ထောက်ခံသူနှင့် စေတနာ့ဝန်ထမ်း ထောင်ပေါင်းများစွာကို ဖမ်းဆီးထောင်ချခဲ့ပြီး ဖြစ်သည်။
The Independent က ပြီးခဲ့သည့်နှစ်ကုန်ပိုင်းတွင် အဆိုပါဖြစ်ရပ်နှင့် အာဏာမသိမ်းမီကာလအတွင်း ဒေါ်အောင်ဆန်းစုကြည် နိုင်ငံတကာအသိုင်းအဝိုင်း၏ ထောက်ခံမှုကို မည်သို့ဆုံးရှုံးခဲ့သည့်အကြောင်း မှတ်တမ်းရုပ်ရှင်တစ်ခု ပြသခဲ့သည်။
အဆိုပါ ရွေးကောက်ပွဲကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာလနှင့် ၂၀၂၆ ခုနှစ် ဇန်နဝါရီလတို့တွင် အဆင့်ဆင့်ကျင်းပသွားမည်ဖြစ်ကြောင်း စစ်ကော်မရှင်က ပြောကြားသည်။ လုံခြုံရေးအခြေအနေများကြောင့် နောက်ထပ်ရက်များကို မကြေညာနိုင်သေးကြောင်းလည်း ဆိုထားရာ ၎င်းတို့အနေဖြင့် နိုင်ငံ၏ ကျယ်ပြန့်သော နေရာအများစုကို ထိန်းချုပ်နိုင်ရန် တိုက်ခိုက်နေရဆဲဖြစ်သည်ကို သွယ်ဝိုက်ဝန်ခံလိုက်ခြင်းပင် ဖြစ်သည်။
ပြည်ပရောက် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် သံတမန်ရေးရာ ထိတွေ့ဆက်ဆံမှုကို ရှုတ်ချခဲ့ပြီး ၎င်း၏ အတုအယောင်ရွေးကောက်ပွဲကို အသိအမှတ်ပြုသူများသည် “စစ်တပ်၏ စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများကို သွယ်ဝိုက်၍ ထောက်ခံပေးနေခြင်း” ဖြစ်သည်ဟု ပြောကြားခဲ့သည်။
“ဒီအတုအယောင်ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတမှာမဟုတ်ပါဘူး။ ဒါပေမဲ့ သေချာတာတစ်ခုကတော့ ဒါဟာ သွေးစွန်းတဲ့ ရွေးကောက်ပွဲတစ်ခု ဖြစ်လိမ့်မယ်” ဟု NUG ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က The Independent ကို ပြောသည်။
“စစ်ခေါင်းဆောင်နဲ့ အခုလို တွေ့ဆုံတာဟာ မြန်မာပြည်သူလူထုရဲ့ ဆန္ဒနဲ့ ရပ်တည်ချက်ကို လုံးဝ ဆန့်ကျင်နေတာပါပဲ” ဟုသူကဆိုသည်။
စစ်အုပ်စုသည် ထိုကဲ့သို့ တွေ့ဆုံမှုများမှ ပုံရိပ်များကို ဝါဒဖြန့်ချိရေးအတွက် အသုံးပြုနေသည်ဟု NUG က စွပ်စွဲပြောကြားခဲ့သလို စစ်တပ်က ရွေးကောက်ပွဲမတိုင်မီ “ပစ်မှတ်ထား လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ရက်စက်ကြမ်းကြုတ်သည့် လုပ်ရပ်များ” ကို ကျူးလွန်လိမ့်မည်ဟု သတိပေးခဲ့သည်။
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးအစီရင်ခံစာတင်သွင်းသူ တွန်အန်ဒရူးစ်၏အဆိုအရ စစ်အုပ်စု၏ ရပ်တည်မှုသည် “ငွေ၊ လက်နက်နှင့် တရားဝင်မှု” ဟူသည့် အခြေခံတိုင် သုံးခုပေါ်တွင် မူတည်နေသည်။
အိန္ဒိယဝန်ကြီးချုပ် မိုဒီ၏ ဗိုလ်ချုပ်မှူးကြီးနှင့် တွေ့ဆုံမှုနှင့် ရွေးကောက်ပွဲအကြောင်း မှတ်ချက်များသည် စစ်အုပ်စုကို အာဏာဆက်လက်တည်မြဲစေရန် လိုအပ်သည့် တရားဝင်မှုကို ပေးအပ်နိုင်ကြောင်း ၎င်းက The Independent သို့ ပြောသည်။
“အိန္ဒိယဟာ မြန်မာနိုင်ငံမှာ ‘မျှတပြီး ပြည့်စုံတဲ့’ ရွေးကောက်ပွဲကို မျှော်လင့်ကြောင်း ဖော်ပြခဲ့ပါတယ်။ ဒါပေမဲ့ ရက်စက်တဲ့ အဖြစ်မှန်ကတော့ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီနည်းကျ ရွေးကောက်ခံသမ္မတနဲ့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ထောင်ပေါင်းများစွာဟာ နိုင်ငံရေးအကျဉ်းသားတွေအဖြစ် ဖမ်းဆီးခံထားရပြီး ဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။
“နိုင်ငံရေးပြိုင်ဘက်တွေကို ဖမ်းဆီး၊ ချုပ်နှောင်၊ ညှဉ်းပန်းနှိပ်စက်ပြီး သတ်ဖြတ်နေချိန်မှာ မျှတပြီး ပြည့်စုံတဲ့ ရွေးကောက်ပွဲဆိုတာ ရှိနိုင်မှာမဟုတ်ပါဘူး” ဟုလည်း အန်ဒရူးစ်ကဆိုသည်။
ရှီကျင့်ဖျင်က မင်းအောင်လှိုင်နှင့် တီယန်ကျင်းမြို့တွင် တွေ့ဆုံစဉ်က မြန်မာနိုင်ငံအနေဖြင့် SCO ၏ အပြည့်အဝအဖွဲ့ဝင်ဖြစ်လာရေးအတွက် ကြိုးပမ်းမှုကို ပထမဆုံးအကြိမ်အဖြစ် တရုတ်က ထောက်ခံကြောင်း ကတိပြုခဲ့သည်။
တရုတ်ခေါင်းဆောင်က “မြန်မာ့နိုင်ငံရေးတွင် နိုင်ငံခြား၏ ဝင်ရောက်စွက်ဖက်မှုကို ဆန့်ကျင်ခြင်း၊ နိုင်ငံ၏ တည်ငြိမ်အေးချမ်းရေးအတွက် တရုတ်၏ အပြုသဘောဆောင်သော ရပ်တည်ချက်နှင့် အနာဂတ်အစီအစဉ်များ” ကို ဆွေးနွေးခဲ့သည်ဟု အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီက ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
ယခုခရီးစဉ်သည် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ တရုတ်နိုင်ငံသို့ ဒုတိယအကြိမ်မြောက် သွားရောက်ခဲ့ခြင်းဖြစ်ပြီး၊ ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်း ရှီကျင့်ဖျင်နှင့် ဒုတိယအကြိမ်မြောက် တွေ့ဆုံမှုလည်း ဖြစ်သည်။
ပြီးခဲ့သည့် မေလက ရုရှား၏ Victory Day အခမ်းအနား သီးခြားဆွေးနွေးပွဲတွင် မော်စကိုမြို့၌ တွေ့ဆုံခဲ့သည်နှင့်မတူဘဲ၊ ယခုတစ်ကြိမ်တွင် ရှီသည် သူ့ကို SCO ထိပ်သီးအစည်းအဝေးနှင့် စစ်ရေးပြအခမ်းအနားသို့ တက်ရောက်ရန် ပုဂ္ဂိုလ်ရေးအရ ဖိတ်ကြားခဲ့ပြီး၊ နိုင်ငံပေါင်း ၂၀ ကျော်မှ ခေါင်းဆောင်များနှင့်အတူ ထင်ရှားသောနေရာတစ်ခုကို ပေးခဲ့သည်။
“မြန်မာက SCO မှာ ဝင်ရောက်ဖို့ တရုတ်ရဲ့ ထောက်ခံမှုဟာ စစ်အုပ်စုရဲ့ တရားဝင်မှုကို မြှင့်တင်ပေးဖို့ ကြိုးပမ်းနေတာကို နောက်ထပ် သာဓကတစ်ခုပါပဲ။ ကျွန်တော်တို့ ကမ္ဘာကြီးကို သတိပေးနေရမှာကတော့ ဒီစစ်အုပ်စုဟာ တရားမဝင်ဘူး၊ ရာဇဝတ်မှုကျူးလွန်နေတာဖြစ်ပြီး ဘယ်လိုမျိုးစုံသော အဖွဲ့အစည်းမှာမှ ကိုယ်စားပြုခွင့် မရထိုက်ဘူး” ဟု လူ့အခွင့်အရေး NGO တစ်ခုဖြစ်သည့် Fortify Rights ၏ အကြီးတန်း ဒါရိုက်တာ ဘင်နဒစ် ရော်ဂျာစ်က The Independent သို့ ပြောကြားသည်။
မကြာသေးမီက မြင်တွေ့ခဲ့ရသည့် ဆက်ဆံရေးမျိုးသည် စစ်အုပ်စုကို မမှန်ကန်သောနည်းဖြင့် တရားဝင်မှုပေးနိုင်သည့် အလွန်အလေးအနက်ထားရမည့် အန္တရာယ်ရှိသည်ဟု ၎င်းက ပြောသည်။
“ဒီစစ်အုပ်စုဟာ လုံးဝ တရားမဝင်ဘူးဆိုတာကို ကျွန်တော်တို့ ဘယ်တော့မှ မမေ့သင့်ဘူး။ သူတို့ဟာ တရားမဝင် အာဏာသိမ်းမှုနဲ့ အာဏာကို သိမ်းယူခဲ့ပြီး ဒီမိုကရေစီနည်းကျ ရွေးကောက်ခံအစိုးရကို ဖြုတ်ချခဲ့တယ်။ သူတို့ဟာ နိုင်ငံရဲ့ တရားဝင်ခေါင်းဆောင်တွေကို ထောင်ချခဲ့ပြီး လွန်ခဲ့တဲ့ လေးနှစ်အတွင်းမှာ နိုင်ငံရေးအကျဉ်းသား ၃၀,၀၀၀ နီးပါးကို ဖမ်းဆီးထောင်ချခဲ့တယ်။ ပြီးတော့ လေကြောင်းတိုက်ခိုက်မှုတွေ၊ မြေပြင်တိုက်ခိုက်မှုတွေနဲ့ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုတွေနဲ့ မြန်မာပြည်သူတွေအပေါ် စစ်ပွဲဆင်နွှဲနေပြီး ဒါတွေကြောင့် ထောင်ပေါင်းများစွာ သေဆုံးခဲ့ရပြီး လူပေါင်း လေးသန်းခန့် အိုးအိမ်စွန့်ခွာခဲ့ရတယ်” ဟု ဘင်နဒစ် ရော်ဂျာစ်က ဆိုသည်။
မြန်မာစစ်အုပ်စုကို အရေးယူပိတ်ဆို့ရမည်ဖြစ်ပြီး စစ်ရာဇဝတ်မှုများ၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများနှင့် လူမျိုးတုံးသတ်ဖြတ်မှုများအတွက် တရားစွဲဆိုရမည်ဖြစ်ပြီး၊ ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် ကြိုးပမ်းနေသည်ဟု အကြိမ်ကြိမ် ပြောဆိုနေသည့် နိုင်ငံတစ်ခုကနေ ကြိုဆိုဖို့ အခွင့်မရှိကြောင်း ၎င်းက ပြောသည်။
အိန္ဒိယ၏ ရပ်တည်ချက်သည် ကွဲလွဲမှုများနှင့် ရှုပ်ထွေးနေသည်။ ကမ္ဘာ့အကြီးဆုံးဒီမိုကရေစီနိုင်ငံအနေဖြင့် အိန္ဒိယအစိုးရ၏ မြန်မာစစ်အုပ်စုနှင့် ပတ်သက်ဆက်နွှယ်မှုသည် အထူးစိစစ်မှုကို ဖြစ်ပေါ်စေသည်။
မိုဒီက ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် လက်ဆွဲနှုတ်ဆက်ခြင်းသည် သံတမန်ရေးရာ ဟန်ပန်တစ်ခုထက်ပိုပြီး နယ်စပ်လုံခြုံရေးဆိုင်ရာ စိုးရိမ်မှုများနှင့် တရုတ်နှင့် ပြိုင်ဆိုင်မှုများက ဒီမိုကရေစီစည်းလုံးညီညွတ်မှုကို ပုံမှန်ကျော်လွန်နေသည့် အိမ်နီးချင်းနိုင်ငံ၏ လက်တွေ့ကျကျ ဆက်ဆံရေးကို သင်္ကေတပြုနေသည်။
သို့သော် အိန္ဒိယ၏ချဉ်းကပ်မှုသည် ဂုဏ်သိက္ခာပိုင်းဆိုင်ရာ အန္တရာယ်များရှိလာနိုင်သည်။
“အိန္ဒိယဟာ သူ့ရဲ့ ရပ်တည်ချက်ကို အလေးအနက် ပြန်လည်စဉ်းစားဖို့ လိုပါတယ်။ အိန္ဒိယဟာ ဒေသတွင်းမှာ ကိုယ်ကျင့်တရားဆိုင်ရာ ခေါင်းဆောင်တစ်ဦး ဖြစ်နိုင်တဲ့ အလားအလာရှိပြီး၊ တရုတ်နဲ့ ရုရှား ဦးဆောင်တဲ့ အာဏာရှင်ဝါဒဝင်ရိုးရဲ့ အလေးအနက်ထားရမယ့် ဆန့်ကျင်ဘက်ဖြစ်နိုင်ပါတယ်၊ သူဟာ ရှီကျင့်ဖျင်နဲ့ ဗလာဒီမာ ပူတင်တို့ရဲ့ အာဏာရှင်အသင်းဝင် မဖြစ်သင့်ဘူး” ဟု ရော်ဂျာစ်က ပြောသည်။
“ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ သူ့ရဲ့ သွေးစွန်းပြီး ရာဇဝတ်မှုကျူးလွန်တဲ့ စစ်အုပ်စုကို လက်ခံပတ်သက်တာဟာ အဲဒီလို လုပ်ဆောင်သူတွေအတွက်သာမက ကျွန်တော်တို့အားလုံးအတွက်လည်း မကောင်းသော အကျိုးဆက်များကိုသာ သယ်ဆောင်လာပါလိမ့်မယ်” ဟု ၎င်းက အလေးအနက် ပြောကြားခဲ့သည်။
မြန်မာစစ်ကော်မရှင်၏ စနစ်တကျ ညှဉ်းပန်းနှိပ်စက်မှုများ၊ တိုက်ခိုက်ရေးသမားများနှင့် သတင်းပေးသူဟု သံသယရှိသူများကို အကျဉ်းချုံးသတ်ဖြတ်မှုများ၊ မိဘများအစား အသက်နှစ်နှစ်အရွယ် ကလေးငယ်များကို ဖမ်းဆီးထိန်းသိမ်းမှုများ၊ ကျောင်းများ၊ နေအိမ်များနှင့် ဆေးရုံများကို တမင်သက်သက် ပစ်မှတ်ထား လေကြောင်းတိုက်ခိုက်မှုများ၏ အထောက်အထားများကို ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေးမှူးများက စုဆောင်းထားသည်။
မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးယန္တရား (IIMM) သည် ၂၀၂၄ ခုနှစ် ဇူလိုင် ၁ ရက်မှ ၂၀၂၅ ခုနှစ် ဇွန် ၃၀ ရက်အထိ ကာလအထိ လေ့လာထားသော ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း “ကျူးလွန်ခဲ့သည့် စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများ” ၏ အထောက်အထားများကို ပိုမို တွေ့ရှိခဲ့သည်။
လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ (Human Rights Watch) မှ အာရှသုတေသနပညာရှင် ရှေနာဘော့ချ်နာက မင်းအောင်လှိုင်နှင့် ထိတွေ့ဆက်ဆံမှုသည် စစ်ရာဇဝတ်မှုများကြောင့် ICC အစိုးရရှေ့နေက ဖမ်းဝရမ်းထုတ်ရန် တောင်းဆိုထားသည့် လူတစ်ဦးကို ဖိအားပေးပြီး သီးခြားခွဲထုတ်ရန် မြန်မာလှုပ်ရှားသူများ၏ အရေးပါသည့် ကြိုးပမ်းမှုများကို အားနည်းစေသည်ဟု ဆိုသည်။
“စစ်ရာဇဝတ်ကောင်လို့ စွပ်စွဲခံထားရတဲ့သူနဲ့ လက်ဆွဲနှုတ်ဆက်မယ့်အစား နိုင်ငံခေါင်းဆောင်တွေက စစ်အုပ်စုရဲ့ လှည့်စားတဲ့ ‘ရွေးကောက်ပွဲ’ တွေကို လူသိရှင်ကြား ရှုတ်ချပြီး စစ်အုပ်စုကို နည်းပညာအကူအညီ ဒါမှမဟုတ် ထောက်ခံမှု မပေးဖို့အတွက် စစ်အုပ်စုကိုလက်မခံဆတဲ့ အခြားအစိုးရတွေ အထူးသဖြင့် ဒေသတွင်း သက်ဆိုင်သူတွေနဲ့ ပူးပေါင်းညှိနှိုင်းသင့်ပါတယ်” ဟု ရှေနာဘော့ချ်နာက ပြောကြားသည်။
