မြန်မာနိုင်ငံ၏ အတုအယောင်သမ္မတ မင်းအောင်လှိုင် ဖမ်းဆီးထိန်းသိမ်းခံထားရသည့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အတွက် ကောင်းမွန်သောအရာများ ကို စဉ်းစားဆောင်ရွက်နေကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့သည်။ ၎င်းသည် ငါးနှစ်ကြာ ဘေးဖယ်ထားခြင်းခံခဲ့ရသည့် အာဆီယံအဖွဲ့ကြီးနှင့် ဆက်ဆံရေး ပုံမှန်ပြန်ဖြစ်ရန် ကြိုးပမ်းနေစဉ် ယခုကဲ့သို့ ပြောဆိုလာခြင်းဖြစ်သည်။
၂၀၂၁ ခုနှစ် အာဏာသိမ်းမှုအတွင်း အစိုးရအဖွဲ့ဖြုတ်ချခံရကတည်းက ဖမ်းဆီးခံထားရသည့် နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်၏ အခြေအနေကို စစ်ခေါင်းဆောင်မှ သမ္မတအဖြစ် ပြောင်းလဲယူထားသူ မင်းအောင်လှိုင်နှင့် ထိုင်းနိုင်ငံ၏ ထိပ်တန်းသံတမန် ဆီဟာဆက် ဖောင်းကေဖျိုးတို့ တွေ့ဆုံစဉ် ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။
အသက် ၈၀ အရွယ်ရှိပြီဖြစ်သော ဒေါ်အောင်ဆန်းစုကြည်အား ကောင်းမွန်စွာ စောင့်ရှောက်ထားသည် ဟု မင်းအောင်လှိုင်က ပြောကြားခဲ့ကြောင်း ဆီဟာဆက်က ဆိုသည်။ ထိုင်းဝန်ကြီးသည် အဖွဲ့ဝင် ၁၁ နိုင်ငံပါဝင်သော အာဆီယံအဖွဲ့ကြီး၏ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးနှင့် ပတ်သက်၍ စိုးရိမ်ပူပန်မှုများကို မင်းအောင်လှိုင်ထံ တဆင့်စကား ပါးခဲ့ခြင်းဖြစ်သည်။
“အာဆီယံနိုင်ငံ အတော်များများက ဒေါ်အောင်ဆန်းစုကြည်နဲ့ သူမရဲ့ ကျန်းမာရေးအတွက် စိုးရိမ်နေကြပါတယ်။ သူ (မင်းအောင်လှိုင်) ကတော့ ကောင်းမွန်တဲ့အရာတွေကို စဉ်းစားနေတယ်လို့ ပြောတဲ့အတွက် ဒါဟာ ကောင်းမွန်တဲ့အချက် ဖြစ်လာနိုင်ပါတယ်” ဟု ဆီဟာဆက်က ပြောသည်။
သို့သော် မင်းအောင်လှိုင်သည် မည်သည့်အရာများကို လုပ်ဆောင်မည်ဟူသော အသေးစိတ်ကိုမူ ထည့်သွင်းပြောဆိုခဲ့ခြင်း မရှိပေ။
မြန်မာ့လွတ်လပ်ရေးဖခင် ဗိုလ်ချုပ်အောင်ဆန်း၏ သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်သည် ဆူပူအောင်လှုံ့ဆော်မှု၊ လာဘ်ပေးလာဘ်ယူမှု၊ ရွေးကောက်ပွဲမသမာမှုနှင့် နိုင်ငံတော်လျှို့ဝှက်ချက်အက်ဥပဒေ ချိုးဖောက်မှု စသည့် စွပ်စွဲချက်များစွာဖြင့် ထောင်ဒဏ် ၂၇ နှစ် ကျခံနေရခြင်းဖြစ်သည်။
၎င်း၏ မဟာမိတ်များကမူ အဆိုပါစွပ်စွဲချက်များသည် သူမအား နိုင်ငံရေးဇာတ်ခုံမှ ဖယ်ထုတ်ထားရန် လုပ်ကြံဖန်တီးထားခြင်းသာဖြစ်သည်ဟု ဆိုကြသည်။ လက်ရှိတွင် ၎င်းအား မည်သည့်နေရာ၌ ထိန်းသိမ်းထားသည်ကိုမူ ရှင်းရှင်းလင်းလင်း မသိရသေးပေ။
ပြီးခဲ့သည့် အပတ်က ပြုလုပ်ခဲ့သော အကျဉ်းသားထောင်ပေါင်းများစွာ လွတ်ငြိမ်းချမ်းသာခွင့်တွင် ၎င်း၏ ထောင်ဒဏ်ကို ၆ ပုံ ၁ ပုံ လျှော့ပေါ့ပေးခဲ့ပြီး ၎င်းနှင့်အတူ အမှုတွဲတွင် ပါဝင်ခဲ့သူ သမ္မတဟောင်း ဦးဝင်းမြင့်ကိုမူ ပြန်လည်လွှတ်ပေးခဲ့သည်။
စစ်တပ်အကြီးအကဲဟောင်း မင်းအောင်လှိုင်သည် မြန်မာနိုင်ငံ၏ ဆယ်စုနှစ်တစ်ခုကြာ ဒီမိုကရေစီလမ်းကြောင်းကို အဆုံးသတ်စေခဲ့သည့် အာဏာသိမ်းမှုကို ဦးဆောင်ခဲ့သူဖြစ်ပြီး ၎င်းလုပ်ရပ်ကြောင့် ပြည်တွင်းစစ်နှင့် ပရမ်းပတာအခြေအနေများ ဖြစ်ပေါ်ခဲ့ကာ အာဆီယံအဖွဲ့ကြီး၏ ထိပ်သီးအစည်းအဝေးများမှ ဖယ်ကြဉ်ခြင်းကို ခံခဲ့ရသည်။
မင်းအောင်လှိုင်သည် မကြာသေးမီကမှ အတိုက်အခံများမပါဝင်သည့်၊ စစ်တပ်ကျောထောက်နောက်ခံပြု ပါတီများသာ လွှမ်းမိုးထားသည့် ရွေးကောက်ပွဲအပြီး လွှတ်တော်မှ သမ္မတအဖြစ် တင်မြှောက်ခြင်း ခံခဲ့ရသည်။ အနောက်နိုင်ငံအချို့ကမူ ယင်းရွေးကောက်ပွဲသည် စစ်တပ်အုပ်ချုပ်ရေးကို အရပ်သားအုပ်ချုပ်ရေးအသွင်ဖြင့် သက်တမ်းတိုးရန် ကြိုးပမ်းသည့် လှည့်ဖျားမှု သာဖြစ်သည်ဟု ဝေဖန်ခဲ့ကြသည်။
သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုစဉ် မင်းအောင်လှိုင်က ၎င်း၏ ဦးစားပေးလုပ်ငန်းမှာ ငြိမ်းချမ်းရေးနှင့် ပြန်လည်သင့်မြတ်ရေးဖြစ်ပြီး နိုင်ငံတကာဆက်ဆံရေးကို မြှင့်တင်သွားမည်ဟု ပြောကြားခဲ့သည်။ ထိုင်းနိုင်ငံအနေဖြင့်လည်း မြန်မာနိုင်ငံ၏ ပြည်တွင်းစစ်အဆုံးသတ်ရေးနှင့် အာဆီယံနှင့် ဆက်ဆံရေး ပြေလည်စေရေးအတွက် ကူညီရန် အသင့်ရှိကြောင်း ဆီဟာဆက်က ဆိုသည်။
“သူတို့က ပိုကောင်းတဲ့ဘက်ကို ဦးတည်နေတယ်ဆိုတာ ပြသဖို့ ကြိုးစားနေကြတာပါ။ ဒါတွေက အလွန်အရေးကြီးပါတယ်။ ဘာလို့လဲဆိုတော့ သူတို့ကို အာဆီယံထဲ ပြန်ဝင်စေချင်လို့ပါ။ ကျွန်တော်တို့ သူတို့ကို ကူညီချင်ပါတယ်၊ ဒါပေမဲ့ သူတို့ကိုယ်တိုင်က သူတို့ကိုယ်သူတို့ မကူညီနိုင်ရင် ကျွန်တော်တို့လည်း ကူညီလို့မရပါဘူး” ဟု ထိုင်းအစိုးရမှ ထုတ်ပြန်သည့် ဗီဒီယိုမှတ်တမ်းတွင် ၎င်းက ပြောကြားခဲ့သည်။
မြန်မာ့အသံနှင့် ရုပ်မြင်သံကြား (MRTV) တွင် ဆီဟာဆက်နှင့် မင်းအောင်လှိုင်တို့ တွေ့ဆုံသည့်သတင်းကို ထုတ်လွှင့်ခဲ့သော်လည်း ဒေါ်အောင်ဆန်းစုကြည်အကြောင်းကိုမူ တစ်စုံတစ်ရာ ထည့်သွင်းဖော်ပြခြင်း မရှိခဲ့ပေ။
