အီရန်ရေတပ်က ဟော်မုဇ်ရေလက်ကြားအတွင်း ကုန်တင်သင်္ဘောနှစ်စင်းကို ဖမ်းဆီးကာ ၎င်းတို့နိုင်ငံ ကမ်းရိုးတန်းသို့ ခေါ်ဆောင်သွားကြောင်း ဧပြီ ၂၂ ရက်က ထုတ်ပြန်ထားသည်။
Epaminodes အမည်ရှိ ပထမ သင်္ဘောသည် “အီရန်လက်နက်ကိုင်တပ်ဖွဲ့များ၏ သတိပေးချက်ကို လျစ်လျူရှုခဲ့သဖြင့်” အီရန်တော်လှန်ရေးအစောင့်တပ် (IRGC) က ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း အီရန် အမျိုးသားလုံခြုံရေးကောင်စီနှင့် နီးစပ်သော Nour News ဝက်ဘ်ဆိုက်တွင် ဖော်ပြခဲ့သည်။
Euphoria အမည်ရှိ ဒုတိယသင်္ဘောမှာလည်း “ပစ်ခတ်ခံရပြီးနောက်” ရပ်တန့်သွားခဲ့ပြီး၊ ထို့နောက် တတိယသင်္ဘောဖြစ်သည့် MSC-Francesca ကိုလည်း ပစ်မှတ်ထား တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
IRGC နှင့် ဆက်နွှယ်နေသော Fars သတင်းဌာနက အဆိုပါတိုက်ခိုက်မှုများကို တော်လှန်ရေးအစောင့်တပ်က ကွပ်ကဲခဲ့ကြောင်း ဖော်ပြခဲ့သည်။
IRGC ရေတပ်ကွပ်ကဲမှုဌာနက လူမှုကွန်ရက်တွင် ရေးသားရာ၌ ဖမ်းဆီးထားသော သင်္ဘောနှစ်စင်း (Epaminodes နှင့် MSC-Francesca) တို့သည် “လိုအပ်သော ခွင့်ပြုချက်မရှိဘဲ ခုတ်မောင်းခြင်းနှင့် ရေကြောင်းသွားလာမှုစနစ်များကို နှောက်ယှက်ခြင်းတို့ဖြင့် ရေကြောင်းလုံခြုံရေးကို အန္တရာယ်ဖြစ်စေခဲ့သည်” ဟု ဆိုသည်။
“ဟော်မုဇ်ရေလက်ကြားရဲ့ စနစ်တကျရှိမှုနဲ့ ဘေးကင်းလုံခြုံမှုကို နှောင့်ယှက်တာဟာ ကျွန်တော်တို့ရဲ့ နောက်ဆုံးစည်း (Red line) ပါပဲ” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဖမ်းဆီးထားသော သင်္ဘောနှစ်စင်းရှိ ကုန်စည်များနှင့် စာရွက်စာတမ်းများကို စစ်ဆေးသွားမည်ဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံသတင်းတွင် ကြေညာခဲ့ပြီး၊ ရေတပ်အနေဖြင့် ရေလက်ကြားအတွင်း သွားလာမှုများကို “စောင့်ကြည့်” နေပြီး “စည်းကမ်းဖောက်ဖျက်သူများ” ကို ပြတ်ပြတ်သားသား အရေးယူသွားမည်ဟု သတိပေးခဲ့သည်။
ဖမ်းဆီးခံရသော သင်္ဘောများသည် ကမ္ဘာ့အကြီးဆုံး သင်္ဘောလိုင်းဖြစ်သည့် MSC ကုမ္ပဏီပိုင် သင်္ဘောအုပ်စုမှ ဖြစ်နိုင်ခြေရှိပြီး၊ အဆိုပါ သင်္ဘောများသည် ပဋိပက္ခမစတင်မီကတည်းက ပါရှန်းပင်လယ်ကွေ့အတွင်း ရောက်ရှိနေခဲ့ခြင်း ဖြစ်သည်။
Linerlytica မှ ရရှိသော ရေကြောင်းအချက်အလက်များအရ ထိုသင်္ဘောအုပ်စုရှိ အခြားသင်္ဘောလေးစင်းမှာမူ ရေလက်ကြားကို ဖြတ်ကျော်နိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါသင်္ဘောများသည် ဖြတ်သန်းစဉ်အတွင်း ၎င်းတို့၏ တည်နေရာကို မျှဝေပေးသည့် Transponders များကို ပိတ်ထားခဲ့ပုံရသည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အီရန်နှင့် နှစ်ပတ်ကြာ အပစ်အခတ်ရပ်စဲရေးကို ဆွေးနွေးပွဲများ မပြီးမချင်း သက်တမ်းတိုးလိုက်ကြောင်း ကြေညာပြီး နာရီပိုင်းအကြာတွင် ယခုကဲ့သို့ သင်္ဘောများကို ကြားဖြတ်ဖမ်းဆီးမှု ဖြစ်ပေါ်လာခြင်းဖြစ်သည်။
