မင်းအောင်လှိုင် ဒီမိုကရေစီ အရေချုံပြနေသော်လည်း မြို့ပြဘန်ကာများ၌ သေနတ် တကားကားဖြင့် စစ်သားများဆက်ထား

ဓာတ်ပုံ-လူမှုကွန်ရက်

အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်သည် အတုအယောင်အစိုးရဖြင့် ဒီမိုကရေစီ အရေခြုံပြနေသော်လည်း မြို့ပြဘန်ကာများ၌ သေနတ်တကားကားဖြင့် စစ်သားများကို ဆက်ထားနေဆဲဖြစ်ကြောင်း ရန်ကုန်မြို့ခံများထံမှ စုံစမ်းသိရှိရသည်။

ဧပြီ ၁၀ ရက်တွင် မင်းအောင်လှိုင်သည် အတုအယောင်လွှတ်တော်၌ သမ္မတအဖြစ် ခံယူကာ ဒီမိုကရေစီအရေခြုံ အစိုးရတစ်ခုဖွဲ့ကြောင်း ကြေညာခဲ့သော်လည်း ရန်ကုန်မြို့အနှံ့ရှိ စစ်တပ်ဘန်ကာများ၌ သေနတ်တကားကားဖြင့် စစ်သားများကို မြို့ခံများ မြင်တွေ့နေရဆဲဟု သိရသည်။

“ရှိတုန်းပဲ။ သေနတ်တွေလည်း လူတွေဆီချိန်ထားပြီး ကင်းတွေစောင့်နေတုန်း။ တကယ်ဒီမိုကရေစီဆို ဒါမျိုးဘယ်ရှိမလဲ။ သန်းရွှေတုန်းကတောင် ဒါမျိုးမရှိဘူး” ဟု တာမွေမြို့ခံ လူငယ်တစ်ဦးက ပြောသည်။

အဆိုပါအစောင့်စစ်သားများသည် သေနတ်များကို ဘန်ကာများပေါ်၌ ထားခဲ့ကာ လူအများအကြား သွားလာနေကြသည်များလည်း ရှိသည်ဟု သိရသည်။

“ဒီကောင်တွေက အရင်လို ကြောက်ကြောက်ကြောက်ကြောက်ပုံတော့ မဟုတ်တော့ဘူး။ သေနတ်တွေထားခဲ့ပြီး အောက်ဆင်း ကွမ်းဝယ်၊ ဆေးလိပ်ဝယ်တွေ အေးဆေးလုပ်နေကြပြီ။ မြို့ပြပြောက်ကျားတွေ အားနည်းကုန်တော့ ဒီကောင်တွေ မခန့်တော့တာပေါ့ဗျာ” ဟု အသက် ၃၅ နှစ်အရွယ် ရန်ကုန်မြို့ခံတစ်ဦးက ၎င်းမြင်တွေ့ခဲ့ရသည်ကို ပြောသည်။

မင်းအောင်လှိုင်သည် ဒီမိုကရေစီအရေခြုံလိုက်သော်လည်း အဆိုပါဘန်ကာများကို ဆက်ထားဖွယ်ရှိနေကြောင်း ၎င်း၏ပြောစကားများအရ သိရသည်။

“လုံခြုံရေးပိုင်းနှင့်ပတ်သက်၍ တပ်မတော်နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့၏ စွမ်းရည်နှင့်စွမ်းအား မြှင့်တင်ရေးကို ဆက်လက်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ပြည်တွင်းလုံခြုံရေးနှင့်ပတ်သက်၍ မြန်မာနိုင်ငံရဲတပ်ဖွဲ့တွင် တာဝန်ရှိသော်လည်း မိမိတို့နိုင်ငံတွင် ဖြစ်ပေါ်နေသည့် အခြေအနေအရ တပ်မတော်အနေဖြင့် ရဲတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်း၍ ပါဝင်ဖြေရှင်းဆောင်ရွက်နေရခြင်းဖြစ်ကြောင်း၊ အခြားနိုင်ငံများတွင်လည်း ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခများကို တပ်မတော်က ဖြေရှင်းဆောင်ရွက်သည်ကို တွေ့ရှိနိုင်ကြောင်း” ဟု မင်းအောင်လှိုင်က ဧပြီ ၂၁ က ပြုလုပ်သည့် အတုအယောင်အစိုးရ ကာလုံအစည်းအဝေး၌ လက်အောက်ခံများကို ပြောသည်။

၂၀၂၁ ခုနှစ် အကုန်ပိုင်းတွင် စစ်တပ်၏ အကြမ်းဖက်မှုများကို ခုခံတွန်းလှန်ကြသည့် မြို့ပြပြောက်ကြားများ အားကောင်းလာခဲ့ရာ မင်းအောင်လှိုင်၏ စစ်တပ်သည် ရန်ကုန်မြို့အနှံ့ နှစ်ထပ်ဘန်ကာများ အခိုင်အမာဆောက်၍ စစ်သားများကို ကင်းစောင့်ရန် ခိုင်းစေခဲ့သည်။

ထို့ကြောင့် မြို့နေပြည်သူများ စိတ်အနှောင့်အယှက်များစွာ ဖြစ်လာခဲ့ရပြီး မလုံခြုံမှုများကို ကြုံတွေ့ခံစားလာခဲ့ရကြောင်း သိရသည်။

အဆိုပါဘန်ကာများပေါ်မှ စစ်သားများသည် ၎င်းတို့၏ သေနတ်ပြောင်းများကို ပြည်သူများ သွားလာနေသည့် လမ်းမများပေါ်သို့ အမြဲတစေ ချိန်ထားခဲ့ခြင်းဖြစ်ပြီး ယခုဒီမိုကရေစီအရေခြုံ အတုအယောင်အစိုးရ အသွင်ပြောင်းသော်လည်း မင်းအောင်လှိုင်က ၎င်း၏စစ်သားများကို ပြည်သူများအား ခြိမ်းခြောက်ရန် ဆက်ထားထားခြင်းလည်း ဖြစ်သည်။