ရန်ကုန်မြို့၊ လှိုင်မြို့နယ်၊၁၁ရပ်ကွက်အတွင်းရှိ စစ်မှုထမ်းအကျုံးဝင် အခြေခံလူတန်းစားများကို နေအိမ်ပေါ် တက်၍ ဖမ်းဆီးမှုများ မကြာခဏ ပြုလုပ်နေကြောင်း သိရသည်။
လှိုင်မြို့နယ်၊၁၁ရပ်ကွက်၊ရွှေဟင်္သာလမ်း ၊ဘောလုံးကွင်းအနီး အခြေခံလူတန်းစားများ နေထိုင်ရာ နေရာရှိ စစ်မှုထမ်းအကျုံးဝင် လူငယ်များရှိသည့် အိမ်များပေါ်သို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးစိန်သန်း နှင့်အဖွဲ့က တက်ကာ ဖမ်းဆီးနေကြောင်း ၁၁ရပ်ကွက်နေ အိမ်ရှင်မတစ်ဦးထံက သိရသည်။
“အဲဒီနေရာကို ရွာလွတ်လို့ခေါ်တယ်။အရင်က ကျူးကျော်တွေနေတယ်။အခုတော့ အိမ်ပိုင်မြေပိုင်ပုံစံ မျိုး ဖြစ်နေပေမဲ့ ပျံကျတွေနေကြတယ်။အဲနေရာက စစ်မှုထမ်းစာရင်းထဲပါတဲ့ လူငယ်တွေကို အိမ်ပေါ် တက်ဖမ်းတာ မကြာခဏပဲ”ဟု ၎င်းက MPA သို့ပြောသည်။
ဧပြီ ၂၀ ရက်၊ ည ၁၀ နာရီခန့်တွင် လှိုင်မြို့နယ်၊ ၁၁ ရပ်ကွက်၊ ရွှေဟင်္သာလမ်းထဲသို့ ရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့နှင့် စစ်သားများ ရောက်ရှိလာပြီး ကြိုတင်ပြုစုထားသည့် နာမည်စာရင်းအတိုင်း လူငယ် ၆ ဦးကို စစ်မှုထမ်းရန် ဖမ်းဆီးသွားကြောင်း ဒေသတွင်းနွေဦးတော်လှန်ရေးစာမျက်နှာ Hlaing Info က သတင်းထုတ်ပြန်ထားသည်။
“အဲသတင်းမှာပါတဲ့ ရွှေဟင်္သာလမ်းဆိုတာ ကျမပြောတဲ့ ရွာလွတ် ထဲ ဝင်ဖမ်းတာ။သတင်းအဖွဲ့က အခုမှ သတင်းရလို့ ရေးတာ။အဲနေရာကို မကြာခဏ ဝင်ဖမ်းနေတာ။ပြီးတော့ တခြား ၁၁ရပ်ကွက် ထဲက ငွေလည်းမရှိ၊အလုပ်လည်းမရှိတဲ့ လူငယ်တွေကိုလည်း စစ်မှုထမ်းအတွက် ဖမ်းနေတယ်”ဟု ၎င်းက ဆက်လက်ပြောသည်။
အုပ်ချုပ်ရေးမှူးစိန်သန်းသည် ၁၁ရပ်ကွက်သား ငယ်မွေးခြံပေါက်ဖြစ်၍ ရပ်ကွက်တွင်းအခြေအနေကို အသေးစိတ်သိရှိကြောင်းနှင့် ၎င်းထံတွင် ၁၁ရပ်ကွက်အတွင်း စစ်မှုထမ်းအကျုံးဝင် လူငယ်များစာရင်း အပြည့်အစုံရှိကြောင်း သိရသည်။
“ဘုတ်အုပ်တစ်ခုလုပ်ထားတယ်။အဲဒီစာရင်းအတိုင်း စစ်တပ်ကိုခေါ်ပြီးလိုက်ဖမ်းနေတာ”ဟု ၎င်းက ပြောသည်။
ဧပြီ ၂၀ ရက်က ဖမ်းဆီးခံရသည့်လူငယ်များနှင့် ၎င်းတို့၏မိသားစုဝင်များ အဆက်အသွယ်မရကြောင်း Hlaing Info က ဆိုသည်။
စံပယ်ခြံတစ်လမ်းရှိ ၁၁ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအဆောက်အအုံ၏ ၄ထပ်အမြင့်တွင် အချုပ်ခန်းရှိ ပြီး ဖေဖေါ်ဝါရီ၆ရက်ညက စစ်မှုထမ်းအတွက် ဖမ်းဆီးခံထားရသော လူငယ်၂ဦး ယင်းအချုပ်ခန်းပေါ် မှ ခုန်ချထွက်ပြေးခဲ့ရာ တစ်ဦးမှာ ခါးရိုးကျိုးဒဏ်ရာဖြင့် သေဆုံးခဲ့သေးသည်။
